ရုပ်ရှင်ဇာတ်ကားများနှင့် လိုက်ဖက်သူဟု မှတ်ချက်ပြုအားပေးခံရသည့် သရုပ်ဆောင်တစ်ဦးမှာ အနုပညာလောကအတွင်း စတင်ဝင်ရောက်စဉ်ကပင် အမူအရာပီပြင်သူ၊ ဒရာမာအမျိုးအစား သရုပ်ဆောင် မြင့်မြတ်ဖြစ်သည်။ ဖြတ်သန်းခဲ့သည့် အနုပညာ ခရီးလမ်းတစ်လျှောက်တွင် ပိုင်နိုင်သည့် အနုပညာစွမ်းရည်ဖြင့် အောင်မြင်မှုကို အချိန်ကြာမြင့်စွာ ထိန်းသိမ်းထားနိုင်သည့် အနုပညာရှင် တစ်ဦးလည်းဖြစ်သည်။ ၂၀၁၆ ခုနှစ်အတွင်း၌ ခိုးဆိုးလုနှိုက် ရုပ်ရှင်ဇာတ်ကား အပါအဝင် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ၌ မတူကွဲပြားသည့် ဇာတ်ကောင် စရိုက်မျိုးစုံဖြင့် ဆေးစက်ကျရာ အရုပ်ထင်စေရန် ကြိုးပမ်းလျက်ရှိသူ သရုပ်ဆောင်မြင့်မြတ်မှာ ကိုယ်ပိုင်ထုတ်လုပ်ရေး အနေဖြင့်လည်း ဇာတ်ကားများ ထုတ်လုပ်ရိုက်ကူးနေပြန်သည်။ ၂၀၁၇ ဖေဖော်ဝါရီလတွင် မင်္ဂလာပွဲဆင်နွဲှရန် စီစဉ်ထားသူ သရုပ်ဆောင်မြင့်မြတ်နှင့် တွေ့ဆုံဖြစ်သည့်အခိုက် သရုပ်ဆောင် အနုပညာနှင့်ပတ်သက်သမျှ သိလိုသည်များနှင့် မိသားစု ဘဝတည်ထောင်ရန် ပြင်ဆင်ထားမှုများကို မေးမြန်းဖြစ်ခဲ့ပါသည်။
■ မေး - အယူတော်မင်္ဂလာ ရုပ်ရှင်ဇာတ်ကားမှာ ဘယ်လိုဇာတ်ကောင်စရိုက်မျိုးနဲ့ ပါဝင်ခွင့်ရမလဲ။ဖြေ - ဒီဇာတ်ကားမှာ ကျွန်တော်က အိမ်ပွဲစား၊ မြေပွဲစား၊ ကားတွေဘာတွေလည်း အရောင်းအဝယ်လုပ်တယ်။ လူလည်တစ်ယောက်ပေါ့။ အဲဒီလိုပုံစံမျိုး သရုပ်ဆောင်ရမှာပါ။■ မေး - ဒီဇာတ်ကားကို လက်ခံရိုက်ကူးဖြစ်တဲ့ အဓိကအကြောင်းရင်းကရော။ဖြေ - ဒီဇာတ်ကားက လက်ရှိကျွန်တော်တို့ ရိုက်နေတဲ့ဇာတ်ကားတွေထက် ပုံစံလေးကွဲပြားပါတယ်။ ချစ်ကြိုက် ကွဲညားလည်းမဟုတ်ဘူး။ တစ်ယောက်ချင်းသွားရတဲ့ ဇာတ်မျိုးလည်းမဟုတ်ဘူး။ အဖွဲ့လိုက်ပေါင်းပြီး အဘိုးကြီးတစ်ယောက်ကို လိမ်ရတဲ့ဇာတ်မျိုးဆိုတော့ ထူးခြားပါတယ်။ ပရိသတ်တွေအတွက်လည်း ပျော်ဖို့လည်းကောင်းသလို စိတ်ဝင်စားစရာလည်း ကောင်းမယ်ထင်ပါတယ်။■ မေး - အခုနောက်ပိုင်း ဇာတ်ကားတစ်ကား ရိုက်မယ်ဆိုရင် ရုံတင်တဲ့အချိန်ကို ထည့်စဉ်းစားရတာမျိုးဆိုတော့ ဒီဇာတ်ကားအတွက်ရော ပလော့ပ်တွေမရိုးသွားဖို့ ဘာတွေပြင်ဆင်ဖို့လိုအပ်မယ်လို့ထင်လဲ။ဖြေ - အဓိကတော့ သူ့ဇာတ်ကောင်စရိုက်အတိုင်းသာ အဝတ်အစားကို ဝတ်ရမှာပေါ့။ မရိုးတဲ့ပုံစံလေးပဲဝတ်ဖို့ စဉ်းစားထားပါတယ်။ ပလော့ပ်တွေကတော့ ရိုးသွားမှာ မဟုတ်ပါဘူး။ အဲဒီအတွက်လည်း သေချာပြင်ဆင်ထားကြမှာပါ။■ မေး - ကိုယ်တိုင်ထုတ်လုပ်ရေး အနေနဲ့ရိုက်ကူးတဲ့ လူရိုင်းကျွန်း ဇာတ်ကားကရော။ဖြေ - လူရိုင်းကျွန်း ဇာတ်ကားက ရိုက်ပြီးသွားပါပြီ။ ပျော်စရာလည်း ကောင်းပါတယ်။ ရိုက်ကူးတဲ့အချိန်မှာလည်း အားလုံးအေးဆေးပါပဲ။ ဒီဇာတ်ကားလေးက ပေါ့ပေါ့ပါးပါးလေးနဲ့ အဆင်ပြေပါတယ်။■ မေး - ဒီနှစ်ထဲမှာ ရုပ်ရှင်ကားကြီးတွေ ရိုက်တာများတယ်နော်။ ရိုက်ဖြစ်တဲ့ ဇာတ်ကားတွေကိုရော ကိုယ်တိုင်ကျေနပ်ရဲ့လား။ဖြေ - ကျေနပ်ပါတယ်။ ကျွန်တော်ကတော့ ဇာတ်ကားရိုက်တဲ့အချိန်မှာလည်း ကိုယ်တတ်သလောက် မှတ်သလောက် ကြိုးစားပြီး ရိုက်ဖြစ်တာပဲဆိုတော့ ကိုယ်လုပ်နိုင်ခဲ့တဲ့အပေါ် ကျေနပ်ပါတယ်။ ရိုက်နေစဉ်မှာတော့ အကောင်းဆုံး ကြိုးစားခဲ့တာပဲလေ။■ မေး - ဒီနှစ်ထဲမှာ ရိုက်တဲ့ဇာတ်ကားတွေထဲမှာ မြင့်မြတ်ကို မြင်နေကျပုံစံကနေ ခွဲထွက်တဲ့ ဇာတ်ကားလေးတွေမှာ တွေ့ရတယ်နော်။ နောက်ပိုင်းရော ဘယ်လိုပုံစံမျိုးတွေ အဓိက ဆက်ရိုက်ဖြစ်မလဲ။ဖြေ - ကျွန်တော်ကတော့ မတူကွဲပြားတဲ့ ဇာတ်ကောင်စရိုက် ပုံစံအစုံကို လုပ်ပြချင်ပါတယ်။ ဒါကြောင့် အက်ရှင်ရော၊ ဒရာမာရော၊ ရိုးမန့်စ်ရော ဇာတ်လမ်းစုံအောင် ရိုက်ကူးချင်ပါတယ်။ ဒီနှစ်ထဲမှာ ရိုက်ဖြစ်တဲ့ ဇာတ်လမ်းတွေကလည်း ပုံစံတော်တော်လေး စုံအောင်ရိုက်ဖြစ်ပါတယ်။ ရုံတင်တဲ့အခါမှာလည်း ပရိသတ်တွေ ရသစုံအောင် ခံစားရမှာပါ။■ မေး - ရုပ်ရှင်ဇာတ်ကားတွေရဲ့ အရည်အသွေးပိုင်းကို မြှင့်တင်နိုင်ဖို့ဆိုတာ လောလောဆယ်မှာ အရေးတကြီး လိုအပ်တဲ့အပိုင်း ဖြစ်နေပါတယ်။ အဲဒီအပိုင်းကို ဘယ်လိုပြင်ဆင်သင့်တယ်လို့ထင်လဲ။ဖြေ - ရုပ်ရှင်ဇာတ်ကားတွေရဲ့ အရည်အသွေးမြှင့်တင်ဖို့မှာ အဓိကကျတာက ထုတ်လုပ်သူပေါ့။ သူတို့ဘက်ကလည်း ငွေကြေးကုန်ကျခံ စိုက်ထုတ်မှုတွေများလာမှ ဇာတ်ကားရဲ့အရည်အသွေးပိုင်းလည်း တက်လာနိုင်တယ်။ နည်းပညာအပိုင်းမှာဆိုရင်လည်း အခုထက်ပိုပြီး အများကြီး တိုးတက်ဖို့ လိုအပ်နေပါသေးတယ်။ နောက်တစ်ခုကတော့ ကျွန်တော်တို့ အနုပညာရှင်တွေဘက်ကလည်း အရည်အသွေးမြင့်အောင် ကြိုးစားကြရမှာပါ။■ မေး - စာချုပ်စနစ်နဲ့ လုပ်ဆောင်သွားဖို့ ပြင်ဆင်နေကြတယ်။ အဲဒီစနစ်နဲ့ လုပ်ဆောင်မယ်ဆိုရင်ရော ဘယ်လိုကောင်းကျိုးဆိုးကျိုးတွေ ရှိမယ်လို့ထင်လဲ။ဖြေ - အဲဒါကတော့ တကယ်လုပ်ကြည့်မှပဲ အားသာချက် အားနည်းချက်တွေ တွေ့လာမှာပါ။ လောလောဆယ်ကတော့ လုပ်ကြည့်ဖို့ပဲ အရင်လိုအပ်ပါတယ်။■ မေး - ကိုယ်ပိုင်ထုတ်လုပ်ရေးနဲ့ နောက်ထပ်ရိုက်မယ့် ဇာတ်ကားတွေက ဘယ်လိုပုံစံမျိုးတွေဖြစ်မလဲ။ဖြေ - လောလောဆယ်တော့ စီစဉ်ထားတာမရှိသေးဘူး။ ရိုက်ဖြစ်မယ်ဆိုရင်တော့ ကျွန်တော်ဝယ်ထားတဲ့ ဇာတ်တွေလည်းရှိနေတော့ အဲဒီဇာတ်တွေထဲကပဲ ရိုက်ဖြစ်သွားမှာပါ။■ မေး - မင်္ဂလာအစီအစဉ်နဲ့ ပတ်သက်လို့လည်း ပြောပြပါဦး။ဖြေ - ဖေဖော်ဝါရီ ၁၅ ရက်မှာ မင်္ဂလာပွဲရှိပါတယ်။ ရန်ကုန်မှာလုပ်မှာပါ။ မန္တလေးမှာလည်း တစ်ပွဲလုပ်မှာပါ။ ရက်က ၂၂ ၊ ၂၃ တစ်ရက်ရက် ဖြစ်မယ်ထင်ပါတယ်။■ မေး - ကိုယ်ပိုင်မိသားစုဘ၀ တည်ထောင်တော့မယ်ဆိုတော့ ဘယ်လိုပုံစံလေးဖြစ်ချင်လဲ။ဖြေ - အဓိကတော့ ငြိမ်းငြိမ်းချမ်းချမ်းရှိဖို့ပါပဲ။ အေးအေးဆေးဆေး မိသားစုဘဝပုံစံလေးကို ကျွန်တော်အရမ်းကြိုက်တယ်။ အဲဒီလိုဖြစ်အောင်လည်း ကြိုးစား တည်ဆောက်သွားပါမယ်။■ မေး - ပရိသတ်ကိုပြောချင်တဲ့ စကားလက်ဆောင်များရှိမလား။ဖြေ - ပရိသတ်တွေကိုလည်း ကျွန်တော့်ကိုအားပေးပါလို့။ ကျွန်တော်အမြဲတမ်း ကြိုးစားနေပါတယ်လို့ ပြောချင်ပါတယ်။