‘ဘူးခွံ ကွင်းခွာတဲ့နေရာမှာလည်း ဘူးခွံနဲ့ အကွင်းလေးချိတ်ထားတဲ့ အပြားလေးပါ ပါအောင်ခွာနိုင်ရင် ပိုကောင်းပါတယ်။အဲဒီအပြားလေးက တိုက်တေနီယမ် အစစ်ဖြစ်လို့ ပိုပြီးအသုံးဝင်ပါတယ်’
အများပြည်သူ သောက်သုံးပြီး စွန့်ပစ်ကြသည့် ဘီယာဘူးခွံ၊ အချိုရည်ဘူးခွံများပေါ်မှ သတ္တုကွင်းကလေးများကို စုဆောင်း၍ ခြေတုလက်တုအဖြစ် ပြောင်းလဲကာ ခြေ၊ လက်ချို့ယွင်းနေသူများကို လှူဒါန်းရန် လုပ်ဆောင်နေသည့် White Lives Group လူငယ်ပရဟိတအဖွဲ့မှ အဖွဲ့ဝင် ကိုမြတ်သူမောင်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည်။
■မေး - အစ်ကိုတို့အနေနဲ့ ဘူးခွံပေါ်ကကွင်းလေးတွေနဲ့ ခြေတုလက်တုလုပ်ပေးဖို့ကို ဘယ်လိုမျိုးစတင်ခဲ့တာလဲ
■ဖြေ - ဒီဟာစလုပ်ဖြစ်ခဲ့တာက လွန်ခဲ့တဲ့သုံးနှစ်လောက်က အစ်ကိုတစ်ယောက်က ထိုင်းကိုသွားပြီး ဆေးကုတယ်။ ဆေးကုရင်းနဲ့မှ ဒီဘူးခွံတွေ အပေါ်ကကွင်းလေးတွေကို ပြန်လည် သန့်စင်ပြီးတော့ ခြေတုလက်တု လုပ်လို့ရတယ်ဆိုတာကို သိခဲ့ရတယ်။ သူ့ဆီကနေ တစ်ဆင့်သိရပြီး ကျွန်တော်တို့ အခုလို လုပ်ဖြစ်တာပါ။ ခုလောလောဆယ်မှာတော့ ဘူးကွင်းတွေကို အလှူခံတာပဲ ရှိပါသေးတယ်။ ခြေတုလက်တုတော့ မလုပ်ရသေးပါဘူး။■မေး - ဘူးခွံကွင်း ဘယ်လောက် ပမာဏလောက်နဲ့ ခြေတုလက်တု လုပ်လို့ရသလဲ။ဖြေ - ဘူးခွံကွင်းလေးတွေ အခု ၂၀၀ လောက်ဆိုရင် လက်ငါးချောင်းထဲက လက်ချောင်းလေး တစ်ချောင်းစာရပါတယ်။ အခု ၄၀၀ ဆိုရင်တော့ ခြေချောင်းငါးချောင်း ရှိတဲ့အထဲက တစ်ချောင်းစာရပါတယ်။ ခြေလက်ပမာဏကြီးရင် ကြီးသလောက် ဘူးကွင်းများမှာ ဖြစ်ပါတယ်။
■မေး- ဒီဘူးခွံကွင်းလေးတွေနဲ့ ခြေတုလက်တုတွေကို ဘယ်လိုမျိုး လုပ်ရတယ်ဆိုတာ ရှင်းပြပါဦး။ဖြေ - ဒါတွေကို အဓိက,ကတော့ ထိုင်းနိုင်ငံမှာ သွားလုပ်ရမှာပါ။ အဲဒီမှာ အရည်ကျိုမယ်။ ထွက်လာတဲ့ တိုက်တေနီယမ်တွေကို မိုလောင်းပြီးတော့ ခြေတုလက်တု လုပ်ရတာဖြစ်ပါတယ်။ အဲဒီကရလာတဲ့ ခြေတုလက်တုတွေကို ပြန်ယူလာပြီးတော့ ဒီမှာအလှူခံတဲ့ လူတွေကိုပြန်ပြီး တပ်ဆင်ပေးမှာ ဖြစ်ပါတယ်။■မေး - ခြေတုလက်တုတွေကို ဘယ်လိုလှူဒါန်းသွားမလဲ။ဖြေ - တကယ်မရှိဘူး။ တကယ်လိုအပ်တယ်ဆိုရင် ကျွန်တော်တို့ဆီကို ချိတ်ဆက် အလှူခံလို့ရပါတယ်။ ကျွန်တော်တို့က ပြန်ပြီးထောက်ပံ့ပေးပါတယ်။ ကျွန်တော်တို့ဆီကို အလှူခံတဲ့လူတွေ ရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဘူးခွံကွင်းတွေကို ခြေတုလက်တု မလုပ်ရသေးဘူး။ အအေးဘူးခွံကွင်းပဲ အလှူခံထားရတဲ့ အဆင့်ပဲ ရှိသေးတယ်။ လုပ်ပြီးသွားမှပဲ လှူဒါန်းရမှာပါ။ ကျွန်တော်တို့အနေက တစ်ပိုင်တစ်နိုင်ပဲ လုပ်ပါတယ်။ ခြေတုလက်တုတွေကို တပ်ဆင်တဲ့အခါကျရင် ထိုင်းကပညာရှင်တွေကိုခေါ်ပြီး တပ်ဆင်ပေးမှာပါ။ လှူတဲ့နေရာမှာလည်း တကယ်ကိုလိုအပ်တဲ့သူတွေကိုပဲ လှူဒါန်းမှာပါ။ တချို့ဆိုရင် လှူဒါန်းလိုက်တဲ့ ခြေတုလက်တုတွေကို ပြန်ရောင်းလိုက်တဲ့ ဖြစ်စဉ်မျိုးလည်း ကြုံတယ်ဆိုတော့ ကျွန်တော်တို့အနေက သေချာစိစစ်ပြီးတော့ လှူဒါန်းမှာပါ။ တစ်ယောက်ဆိုရင် ကျွန်တော်တို့တွေက စုပြီးတော့ ခြေတုတစ်ခု လှူလိုက်တယ်။ ရှစ်သိန်းလောက် တန်ပါတယ်။ အဲဒါကို သူတစ်ပတ်လောက်တော့ တပ်တယ်။ ပြီးတော့ ပြန်ရောင်းစား လိုက်တာကို ကြုံခဲ့ဖူးတယ်။ အဲဒီတုန်းက ရာဘာ ခြေတုပါ။ အခုက ထိုင်းမှာသွားလုပ်မယ့် ခြေတုလက်တု ပစ္စည်းတွေကတော့ တိုက်တေနီယမ်ပါ။ ■မေး - လက်ရှိမှာ ဘူးခွံကွင်းလေးတွေပဲ အလှူခံတယ်ဆိုတော့ ခြေတုလက်တု သွားရောက်လုပ်ကိုင်တဲ့အခါ ကုန်ကျစရိတ်ကို ဘယ်လိုစီစဉ်ထားလဲ။ဖြေ - အခုလောလောဆယ်မှာတော့ ကျွန်တော်တို့အဖွဲ့ကပဲ ကိုယ့်စရိတ်နဲ့ကိုယ်သွား လုပ်ဖို့ စီစဉ်ထားတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို ထောက်ပံ့ပေးမယ့်သူတွေတော့ ရှိတယ်။ သူတို့နဲ့တော့ သေသေချာချာ မဆွေးနွေးရ သေးဘူး။ လောလောဆယ်တော့ ကျွန်တော်တို့ ကုန်ကျစရိတ်နဲ့လုပ်ပေးမှာပါ။ ကျွန်တော်တို့ကို ကမ်းလှမ်းထားတဲ့ အချို ရည်ကုမ္ပဏီတွေ ရှိပါတယ်။ ဘီယာကုမ္ပဏီ တစ်ခုကဆိုရင် ကွင်း တစ်သိန်းလောက် လှူမယ်လို့ပြောထားတာ ရှိပါတယ်။ အလှူရှင်တွေဘက်က အအေးဘူး ကွင်းလေးတွေမလှူဘဲနဲ့ ပိုက်ဆံလှူဒါန်းမယ် ဆိုလည်း လှူဒါန်းလို့ရပါတယ်။ လက်တစ်ဖက် ကို ငါးသိန်းလောက်ကျပါတယ်။ ခြေတစ်ဖက် ကို ဆယ်သိန်းလောက် ကျပါတယ်။■မေး - ဘယ်လိုဘူး အမျိုးအစားတွေကနေ ခြေတုလက်တုလုပ်တဲ့ ဘူးခွံကွင်းလေးတွေ ရနိုင်မလဲ။ဖြေ - ဘူးအမျိုးအစား တွေကတော့ SHARK၊ ကျွဲရိုင်း၊ ဆန်းကစ်၊ ကိုကာကိုလာသံဘူးနဲ့ ဘီယာသံဘူးခွံတွေမှာပါတဲ့ ဘူးဖောက်ဖို့အတွက် လုပ်ထားတဲ့ သံကွင်းလေးတွေအကုန်လုံးက အသုံးဝင်ပါတယ်။ ဘူးလိုက်ကြီးတော့ အလှူ မခံပါဘူး။ သံကွင်းလေးတွေကိုဘဲ အလှူခံတာပါ။ ဘူးခွံကွင်းခွာတဲ့ နေရာမှာလည်း ဘူးခွံနဲ့ အကွင်းလေးချိတ်ထားတဲ့ အပြားလေးပါ ပါအောင်ခွာနိုင်ရင် ပိုကောင်းပါတယ်။ အဲဒီ အပြားလေးက တိုက်တေနီယမ် အစစ်ဖြစ်လို့ ပိုပြီးအသုံးဝင်ပါတယ်။ ■မေး- ဘူးခွံကွင်းလေးတွေကို ဘယ်လိုမျိုးလှူဒါန်းကြ သလဲ။ လက်ရှိမှာဘူးခွံကွင်းတွေ ဘယ်လောက်ရနေပြီလဲ။■ဖြေ - လာလှူကြတာတော့ အများကြီးပါပဲ။အနယ်နယ်အရပ်ရပ်က လှူကြပါတယ်။ မန္တလေး၊ စစ်ကိုင်း အစရှိတဲ့နေရာတွေကလည်း ကျွန်တော်တို့ဆီကို ဆက်သွယ်ပြီးတော့ အဝေးပြေးကားဂိတ်ကနေတစ်ဆင့်ပို့ပြီး လှူဒါန်းတာ တွေရှိတယ်။ အခုလက်ရှိတော့ ဘူးခွံကွင်း တစ်သိန်းကျော်လောက်တော့ ရနေပြီ။တချို့ လာလှူကြတဲ့ကွင်းလေးတွေက အသုံးမဝင် တာတွေပါတယ်။ ဥပမာ နို့ဆီဘူးခွံကွင်းလို ဟာမျိုးတွေလည်းပါတော့ အသုံးမတည့်တဲ့ အတွက် ဘယ်လောက်ရမယ်ဆိုတာတော့ ခန့်မှန်းလို့မရဘူး။
■မေး- အခုရရှိထားတဲ့ ဘူးခွံကွင်းလေးတွေကို ဘယ်တော့ လောက်ခြေတုလက်တုလုပ်ဖြစ်မလဲ။■ဖြေ - ကျွန်တော်တို့ ဒီအောက်တိုဘာလကုန်ရင်တော့ ထိုင်းကိုသွားပြီး လုပ်နည်းလုပ်ဟန် အဆင့်ဆင့်ကိုလေ့လာဖို့ရှိတယ်။ လုပ်နည်းလုပ်ဟန် ဗွီဒီယိုဖိုင်ကိုလည်း ပြန် Share ဖို့ရှိပါတယ်။ အဲဒီလိုလေ့လာပြီးရင် ဒီဇင်ဘာလထဲ လောက်မှာတော့ စုထားတဲ့ဘူးကွင်းတွေကို ခြေတုလက်တု အဖြစ်သွားလုပ်မယ်လို့ ရည်ရွယ်ထားပါတယ်။မေး-အခုလိုမျိုးလုပ်ပေးရတဲ့ ရည်ရွယ်ချက်ကို ပြောပြပေးပါဦး။ ပြီးတော့အစ်ကိုတို့ကို ဘယ်လိုမျိုးဆက်သွယ် လှူဒါန်းလို့ရနိုင်သလဲ။ ဖြေ - အဓိကလုပ်ပေးချင်တဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့အနေနဲ့ ဒီခြေ၊ လက်မရှိတဲ့ သူတွေ၊ ခြေတုလက်တုလုပ်ဖို့ မတတ်နိုင်တဲ့ လူတွေကို ကူညီချင်တဲ့စိတ်နဲ့ လုပ်ဖြစ်တာပါ။အခုလုပ်ပေးမယ့် ခြေတုလက်တုတွေက လှုပ်ရှားလို့တော့မရပါဘူး။ အသေသဘောမျိုးပါ။ခြေချောင်းလက်ချောင်း ပြတ်တာတွေ လုပ်ပေးပါတယ်။ ခြေတစ်ဖက်လုံး၊ လက်တစ်ဖက်လုံး ပြတ်တာတွေကိုလည်း လုပ်ပေးပါတယ်။ကျွန်တော်တို့ဆီကို ဘူးခွံကွင်းတွေလှူဒါန်းချင် တာပဲဖြစ်ဖြစ်၊ ခြေတုလက်တု အလှူခံချင်ရင် ဖြစ်ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်တွေက တော့ ၀၉-၇၇၄၇၄၄၄၇၃၊ ၀၉-၅၁၆၆၃၆၇၊ ၀၉-၇၈၅၅၅၅၀၂၀ တို့ကိုဆက်သွယ်လို့ ရပါတယ်။ ပြီးတော့ ကျွန်တော်တို့အဖွဲ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာ White Lives Group မှာလည်း ဆက်သွယ်လို့ရပါတယ်။
■မေး - အစ်ကိုအနေနဲ့ ဘာများဖြည့်စွတ် ပြောချင်ပါသလဲ။■ဖြေ - ဒီဘူးခွံကွင်းလေးတွေကို ကျွန်တော်တို့ဆီကို လှူဒါန်းပေးကြပါလို့ အနယ်နယ်အရပ်ရပ်က ပြည်သူတွေကို မေတ္တာရပ်ခံပါတယ်။ဖုန်းဆက်ပြီးတော့ ပေးပို့လိုက်ပါ။ ဘယ်နေရာ ဖြစ်ဖြစ်လာယူပေးပါမယ်။ ကျွန်တော်တို့အဖွဲ့ က ပရဟိတလုပ်ချင်တဲ့ မောင်နှမတွေစုပြီး ၂၀၁၆ ဇူလိုင် ၁ ရက်ကမှဖွဲ့ခဲ့တဲ့အဖွဲ့ပါ။ အဖွဲ့ဝင် ၁၅ ယောက်လောက်ပဲရှိပါသေးတယ်။ ကျွန်တော်တို့အဖွဲ့ထဲလည်း ပရဟိတလုပ်ချင် တဲ့သူတွေဆက်သွယ်ပါ၊ ဝင်ပါလို့ တိုက်တွန်း ချင်ပါတယ်။