“ဘီယာဆိုင် များများရှိတဲ့တိုင်းပြည်မှာ ဘီယာသောက်တဲ့သူများမှာပါပဲ။ စာအုပ်ဆိုင်များများရှိတဲ့ တိုင်းပြည်မှာ စာဖတ်သူများများရှိမှာပါပဲ”

“ဘီယာဆိုင် များများရှိတဲ့တိုင်းပြည်မှာ ဘီယာသောက်တဲ့သူများမှာပါပဲ။ စာအုပ်ဆိုင်များများရှိတဲ့ တိုင်းပြည်မှာ စာဖတ်သူများများရှိမှာပါပဲ”
Published 27 October 2016

Yangon book Plaza ဖွင့်လှစ်ရန် စီစဉ်နေသူ ကိုစန်းမွန်အောင် (ထုတ်ဝေသူ၊ ငါတို့စာပေ)နှင့် တွေ့ဆုံခြင်း
■မေး - ပထမဆုံးအနေနဲ့ Yangon Book Plaza ဖွင့်လှစ်ဖို့ စီစဉ်ဖြစ်ခဲ့ပုံကို သိလိုပါတယ်။
ဖြေ - ကျွန်တော်တို့ဆီမှာ စာအုပ်ဆိုင် တစ်ဆိုင်သွားရင် ဆိုင်ရဲ့နေရာအကန့်အသတ်ကြောင့် စာပေတိုက်အစုံရဲ့ ထုတ်ထားသမျှ စာအုပ်အားလုံးကို မရနိုင်ပါဘူး။ ထုတ်ဝေရေးတိုက်တွေဆီ သွားဝယ်မှသာ သူတို့တိုက် ကထုတ်တဲ့ စာအုပ်အားလုံးရနိုင်မှာ ဖြစ်ပါတယ်။ အဲဒီတော့ ထုတ်ဝေရေးတိုက်တွေ အားလုံးပါတဲ့ ပလာဇာတစ်ခုရှိနေမယ်ဆိုရင်  စာအုပ်ဝယ်ချင်တဲ့သူတွေအတွက် အရမ်းလွယ်သွားပါမယ်။ ထုတ်ဝေရေးတိုက်တွေ ကိုယ်တိုင်ဖွင့်ထားမှာဖြစ်တဲ့အတွက် တိုက်ထုတ်စာအုပ်တွေကို မရမရှိဆိုတဲ့ အခြေအနေမျိုး ဖန်တီးဖို့စဉ်းစားထားပါတယ်။ နောက်ပြီး ဒီကစာအုပ်ဆိုင်တွေမှာက ဆိုင်ခန်းနေရာ အခက်အခဲကြောင့် စာအုပ်ဆိုင်ဆိုရင် စာအုပ်အပြည့်နဲ့ဖြစ်နေတာကြောင့် စာအုပ်ဝယ်တဲ့သူတွေ စာမြည်း အေးအေးလူလူ ဖတ်လို့ရတဲ့နေရာဆိုတာမရှိဘူး။  Yangon Book Plaza စာအုပ်တွေချည်းပဲ ထားတာမျိုး မဟုတ်ဘဲ စာပေနဲ့ လူတွေစိတ် အပန်းဖြေလို့ရမယ့်နေရာမျိုး ဖြစ်နေအောင် အဲဒီလိုစိတ် ကူးတွေနဲ့ ဒီအစီအစဉ်ကို စတင်ခဲ့တာပါ။ နောက်ပြီး လက်ရှိစာပေလောကကြီးရဲ့ အခက်အခဲတွေမှာလည်း ဖြန့်ချိရေးစနစ် အခက်အခဲ၊ စာအုပ်အရောင်းဆိုင်တွေ စနစ်မကျတဲ့ အခက်အခဲတွေ ရှိပါတယ်။ ဒီနှစ်ခုကစာအုပ် လောကဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးနိုင်ခြင်းရဲ့ အဓိကအကြောင်းရင်းပဲလို့ မြင်ပါတယ်။ ဒါကြောင့် အစီအစဉ်တွေချပြီး ငါတို့ စာပေက လုပ်ခဲ့တာပါ။
■မေး-Yangon Book Plaza မှာပါဝင်မယ့် စာအုပ်ဆိုင်အနေအထားနဲ့ တခြားစီစဉ်ထားမှုတွေကိုလည်း ပြောပြပေးပါ။
ဖြေ- စာအုပ်ဆိုင်ထဲမှာ ထုတ်ဝေရေးတိုက် အနည်းဆုံး တိုက် ၃၀ လောက် ဖွင့်လှစ်နိုင်အောင် စီစဉ်နေပါတယ်။ နောက်ပြီး စာအုပ် အဟောင်းဆိုင်တွေကို ထည့်သွင်းထားမှာဖြစ်ပြီး စာအုပ်အဟောင်းတန်းမှာ စာအုပ်ဝယ်ယူတဲ့ ခံစားချက်မျိုးဖြစ်အောင် စာအုပ် အဟောင်းတန်းပုံစံအတိုင်း ပလက်ဖောင်းနဲ့ စာအုပ်အဟောင်းတန်းပုံစံကို ဖန်တီးသွားမှာ ဖြစ်ပါတယ်။ နောက်ပြီး လက်ရှိလူငယ်မျိုး ဆက်သစ်တွေအတွက် အရင်ခေတ်က စာပေလောကမှာ ထင်ရှားခဲ့တဲ့ စာရေးဆရာ ကြီးတွေရဲ့အကြောင်း၊ ထင်ရှားတဲ့ စာပေလက်ရာတွေ၊ အထိမ်းအမှတ် ပြကွက်တွေကို ပြခန်းတွေနဲ့ပြသထားဖို့ရှိမယ်။ ဒီပလာဇာကို စာအုပ်ဆိုင်သက်သက် တစ်ခုတင် မဟုတ်ဘဲ Tourist Attraction နေရာတစ်ခု ဖြစ်လာစေဖို့ပါ ရည်ရွယ်ထားပါတယ်။
■မေး- လမ်းမတော် သံဈေး၊ တရုတ်တန်း (ငါးလွှာ) မှာ ဖွင့်ဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။ နေရာရွေးချယ်မှု အပိုင်းမှာရော ဘာကြောင့် အဲဒီနေရာကိုရွေးဖြစ်တာလဲ။
ဖြေ- ဒီနေရာကိုရွေးရတာက ရန်ကုန်မြို့ရဲ့ မြို့လယ်ကောင် အချက်အချာလည်း ဖြစ်တယ်။ နောက်ပြီး ကျွန်တော်က ဒီစာအုပ် ပလာဇာကိုစီစဉ်တာရဲ့ အဓိကအချက်က လူငယ်တွေအတွက် ဖြစ်ပါတယ်။ လူငယ်တွေ စာပေနဲ့နီးစပ်စေဖို့အတွက်လည်း ရည်ရွယ်တာကြောင့် လူငယ်တွေအသွားအလာ များပြားတဲ့၊ သွားရလာရတာလည်း လွယ်ကူတဲ့ နေရာကို ရွေးဖြစ်ခဲ့တာပါ။
■မေး- အခု Yangon Book Plaza စတင် ပြင်ဆင်နေမှု ပြီးစီးမှုအနေအထားကရော ဘယ်လောက်ရှိသွားပြီလဲ။
ဖြေ- အခု ပြင်ဆင်နေမှုအပိုင်းမှာ အခက်အခဲ နည်းနည်းဖြစ်နေပါတယ်။ ကျွန်တော်က လာဘ်ပေးလာဘ်ယူလုပ်ပြီးတော့ အလုပ်လုပ်ရတာမျိုးကို မလုပ်ပါဘူး။ ဒီပလာဇာနဲ့ ပတ်သက်ပြီး ဘယ်သူနဲ့မှ လာဘ်ပေးလာဘ်ယူ လုပ်ထားခြင်း မရှိပါဘူး။ ဒီမှာပါတဲ့ ဆိုင်ခန်းတွေအတွက်လည်း အခွန်မှန်မှန်ကန်ကန် ဆောင်မှာဖြစ်ပြီး မဖွင့်ခင်မှာလည်း အာမခံကုမဏီတွေနဲ့ အာမခံထားတာတွေ ကို စနစ်တကျနဲ့ နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့ အညီ လုပ်သွားမှာပါ။ အခုပြင်ဆင်နေမှု အပိုင်းမှာ အခက်အခဲဖြစ်နေတာက တခြား အထပ်က ရေဆိုးတွေက ဒီအလွှာကိုဝင်နေပါတယ်။ ကျွန်တော်တို့က စာအုပ်ဆိုင်ဖွင့်မှာဖြစ်တဲ့အတွက် ရေတွေသာဝင်နေမယ်ဆိုရင် အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ပြင်ပါတယ်။ စည်ပင်က ပြင်ရမှာဖြစ်ပေမယ့် ကိုယ့်ပိုက်ဆံနဲ့ကိုယ်ပြင်ပါတယ်။ ပြင်နေတုန်းမှာပဲ စည်ပင်ကလူတွေ ရောက်လာပြီး ကာထားတဲ့အကာတွေကို ဖျက်တယ်ဆိုပြီး အရေးယူမယ်၊ လုပ်ခွင့်မရှိဘူးလို့ ပြောပါတယ်။ စည်းမျဉ်းစည်းကမ်းတွေက မှန်ကောင်းမှန်ပါလိမ့်မယ်။ ကျွန်တော်တို့ လုပ်ခွင့်မရှိရင် ဘယ်လိုအဆင်ပြေအောင် လုပ်လို့ရမယ်ဆိုတာကို သူတို့စီစဉ်ပေးသင့်ပါတယ်။ အခုပြင်လက်စကို ရပ်ထားရပါတယ်။ ရေဆိုးတွေဝင်နေသရွေ့တော့ တခြားပြင်ဆင်မှုအပိုင်းကို လုပ်လို့မရပါဘူး။
■မေး- Yangon Book Plaza ကို ဘယ်တော့လောက် ဖွင့်လှစ်နိုင်ဖို့ ရည်ရွယ်ထားလဲ။
ဖြေ- ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှာဖွင့်ဖို့ အတွက်ရည်ရွယ်ပြီး လုပ်ငန်းတွေကိုစနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုစည်ပင်နဲ့ဖြစ်နေတဲ့ အခက်အခဲတွေကြောင့် ဖွင့်လှစ်ဖို့ဒီထက် နောက်ကျကောင်း နောက်ကျနိုင်ပါတယ်။ စည်ပင်ဘက်က အမြင်မှာတော့ အားလုံးတန်းတူပဲ။ စီးပွားရေးလုပ်တဲ့သူတွေပဲလို့ မြင်လိမ့်မယ်။ ဒါကြောင့်နဲ့တော့ စာအုပ်ဆိုင်မျိုးတွေကို ဘီယာဆိုင်တွေနဲ့ တစ်တန်းတည်းထားပြီး စည်းကမ်းတွေ၊ ဥပဒေတွေထုတ်ပြန်တာကို မတရားဘူးလို့ မြင်ပါတယ်။ လူထုကိုအကျိုးပြုတဲ့ လုပ်ငန်းတွေဆိုရင် ဘယ်လိုဦးစားပေး ပြီး လုပ်မလဲဆိုတာမျိုးကို ပြန်သုံးသပ်သင့်ပါတယ်။ ပြည်သူကို တကယ်မျက်နှာမူတဲ့၊ ပြည်သူ့အကျိုးကို လိုလားတဲ့အစိုးရဆိုရင်တော့ ဒါမျိုးတွေကို ပြန်လည်စိစစ်သင့်တယ်လို့ မြင်ပါတယ်။
■မေး- Yangon Book Plaza ကို သာမန်စာအုပ် ရောင်းတဲ့ စာအုပ်ဆိုင်အဖြစ်သာမက စာအုပ်လာဝယ်တဲ့ သူတွေအတွက် အပန်းဖြေစရာ နေရာတစ်ခုအဖြစ်ပါ ဝန်ဆောင်မှုပေးမှာဆိုတော့ ဒီလိုနေရာတစ်ခုရှိခြင်းအားဖြင့် လူတွေမှာ ဘယ်လိုအကျိုး ရှိနိုင်လိမ့်မယ်လို့ ယုံကြည်ပါသလဲ။
ဖြေ- စာအုပ်ဆိုင်တစ်ဆိုင် တိုးလာတာဟာ  တိုင်းပြည်အတွက် အသိဉာဏ်ပညာ တိုးလာတာဖြစ်ပါတယ်။ တစ်ရက်နောက်ကျမှဖွင့် တယ်ဆိုရင် တိုင်းပြည်အတွက် တစ်ရက်နစ် နာပါတယ်။ ဒါကရှင်းပါတယ်။ ဘီယာဆိုင် များများရှိတဲ့တိုင်းပြည်မှာ ဘီယာသောက်တဲ့သူ များမှာပါပဲ။ စာအုပ်ဆိုင်များများရှိတဲ့ တိုင်းပြည်မှာ စာဖတ်သူများများရှိမှာပါပဲ။

Most Read

Most Recent