မော်ဒယ်လ်၊သရုပ်ဆောင် အေးမြတ်သူ၏ ငယ်ဘဝဖြတ်သန်းရာ

မော်ဒယ်လ်၊သရုပ်ဆောင် အေးမြတ်သူ၏ ငယ်ဘဝဖြတ်သန်းရာ
Published 27 October 2016
သဲသီရိကျော်

ယခုတစ်ပတ်အတွက် ‘အနုပညာရှင်ရဲ့ ငယ်ဘ၀ အမှတ်တရ’ ကဏ္ဍမှာတော့ ဆယ်ကျော်သက် အရွယ်ကတည်းက မော်ဒယ်လ်လောကထဲကို စတင်ဝင်ရောက်လာခဲ့သူ မော်ဒယ်လ် ပြိုင်ပွဲတွေတိုင်းလိုလိုမှာလည်း ဆုတွေများစွာ ရရှိခဲ့သူ၊ အဆိုတော် ‘ဖိုးကာ’ ရဲ့ ‘တစိမ့်စိမ့်ကြည့်’ ဆိုတဲ့ သီချင်းမှာ ပါဝင်သရုပ်ဆောင် ဖြစ်ခဲ့ရာကနေ ချစ်စရာကောင်းတဲ့ ပါးချိုင့်လေးနဲ့ ပရိသတ်တွေ သတိပြုမိမှုကို ရရှိခဲ့တဲ့ မော်ဒယ်လ်၊ သရုပ်ဆောင် အေးမြတ်သူရဲ့ ငယ်ဘဝဖြတ်သန်းမှု အမှတ်တရ အကြောင်းများကို ဖော်ပြပေးလိုက်ပါတယ်။မော်ဒယ်လ် တစ်ယောက်အနေနဲ့ သာမကဘဲ ဇာတ်ကားတွေမှာပါ သရုပ်ဆောင်လာခဲ့တဲ့ အေးမြတ်သူကို ‘ဂျက်မ’ ဆိုတဲ့ ဇာတ်ကားနဲ့ အထူးအားပေးခဲ့ကြပြီး မကြာသေးမီကမှ ရုံတင်ခဲ့တဲ့ ‘မအေးပွင့်၊ မြင့်မြင့်စန်း၊ လမ်းသုံးဆယ်’ ဆိုတဲ့ ဇာတ်ကားကလည်း သူမရဲ့ ဒုတိယမြောက် အောင်မြင်မှု တစ်ခုလို့ ဆိုရလောက်အောင် ပရိသတ်အားပေးမှု အထူးများပြားခဲ့ပါတယ်။အေးမြတ်သူကို ၁၉၈၆ခုနှစ်၊ ဇွန် ၈ ရက် မှာ မွေးဖွားခဲ့တာပဲဖြစ်ပြီး၊ ရန်ကုန်ဇာတိ ဖြစ်ပါတယ်။ မွေးချင်း အစ်ကိုတစ်ယောက်ရှိပြီး ကလေးဘဝကတည်းက သူမက ယောကျ်ားလေးဆန်ပြီး သွက်လက်တဲ့ ကလေးတစ်ယောက် ဖြစ်တယ်လို့လည်း သိရပါတယ်။“အေးမြတ်သူ ငယ်ငယ်က မိဘတွေက ဈေးရောင်းတော့ မနက်ဆိုရင် ဆိုင်တွေ ဘာတွေ ကူခင်းပေး၊ ဈေးကူရောင်းပေးနဲ့ဆိုတော့ ပျော်စရာကောင်းတယ်။ မိဘတွေနဲ့လည်း လွတ်လွတ်လပ်လပ် သူငယ်ချင်း ပေါင်းပေါင်းလို့ရတယ်။ အမေနဲ့အေးမြတ်သူဆို အသက်က ၂၀ လောက်ပဲကွာတော့ ပြောရဆိုရတာကအစ အရမ်းအဆင်ပြေတယ်။ အေးမြတ်သူတို့ကို အရမ်းကြီး ချုပ်ချယ်တာမျိုးမရှိဘူး။ အစ်ကိုနဲ့တော့ ငယ်ငယ်က သိပ်မတည့်ဘူး။ ကလေးဘ၀ ကတည်းက အဖေနဲ့အစ်ကိုက ဘောလုံးပွဲကြည့်နေရင် အေးမြတ်သူလည်း ကြည့်တာပဲ။ ကစားရင်လည်း ဖိုက်တင်ချတိုင်း၊ စစ်တိုက်တိုင်း အဲဒီလိုမျိုးတွေဆော့တာ အဝတ်အစားဆိုလည်း အစ်ကို့အကျအင်္ကျီတွေ၊ ဘောင်းဘီတွေ ဝတ်ရတာဆိုတော့ ရှပ်အင်္ကျီအကွက်တွေ၊ ယောကျ်ားလေးဝတ် ဘောင်းဘီမျိုးတွေ ဝတ်ခဲ့ရတယ်။ အေးမြတ်သူက မိန်းကလေးဆန်ဆန် နွဲ့နွဲ့နှောင်းနှောင်းတွေ သိပ်မလုပ်တတ်ဘူး။ အလှအပလည်း သိပ်မကြိုက်ဘူး။ ငယ်ငယ်က ပိန်ချုံးပြီး ရုပ်ဆိုးဆိုးကလေး တစ်ယောက်ပေါ့” လို့ သူ့ရဲ့ ငယ်ဘဝအကြောင်းကို ရယ်ရယ်မောမောနဲ့ ပြောပါတယ်။ကျောင်းသူဘဝမှာလည်း ကျောင်းကပွဲတိုင်းလိုလိုမှာ ပါဝင်ခဲ့သူဖြစ်ပြီး၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အ-ထ-က (၄) ဒဂုံတောင် ကျောင်းကနေ ၂၀၀၁ - ၂၀၀၂ ပညာသင်နှစ်မှာ Eco ဂုဏ်ထူးတစ်ဘာသာနဲ့ အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။“ငယ်ငယ်တုန်းက ကျောင်းစာကလွဲရင် ကျန်တာ အကုန်ခိုင်းလို့ရတယ်။ ကျောင်းမှာ ဘုရားပန်းလဲရမယ်၊ သန့်ရှင်းရေး လုပ်ရမယ်ဆိုလည်း လုပ်တာပဲ။ ဘုရားပန်းဝယ်ခဲ့ဆိုလည်း ဝယ်လာခဲ့ပေးပြီးသားပဲ။ ခိုင်းကောင်းပြီး ဖင်ပေါ့တဲ့ ကျောင်းသူထဲမှာပါလို့ ဆရာမတွေကလည်း သတိထားမိတယ်။ ဆယ်တန်းအောင်ပြီးတော့ စီးပွားရေးတက္ကသိုလ်တက်ဖို့လည်း စဉ်းစားသေးတယ်။ ဒါပေမဲ့ အဲ့ဒီအချိန်မှာပဲ ဒီဘက်မှာလည်း အနုပညာအလုပ်တွေ ကိုလုပ်ဖြစ်နေတော့ ဒီဘက်ကိုပဲ စိတ်ထည့်လိုက်ပြီး တက္ကသိုလ်မတက်ဖြစ်တော့ဘူး” လို့ သူမက ပြောပါတယ်။အစ်မတစ်ယောက်ရဲ့ မိတ်ဆက်ပေးခြင်းကြောင့် Super Star Model Agency မှာ သင်တန်းတက်ရောက်ဖြစ်ခဲ့ပြီး မော်ဒယ်လ်တစ်ယောက်အနေနဲ့ အနုပညာလှုပ်ရှားမှုတွေကို စတင် လုပ်ဖြစ်လာခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာ Miss Romansan ပြိုင်ပွဲကို ဝင်ပြိုင်ခဲ့ပြီး Winner ဆုကို ရရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Miss Teen၊ Miss Now How၊ Miss People စတဲ့ ပြိုင်ပွဲတွေမှာလည်း ဝင်ရောက် ယှဉ်ပြိုင်ဖြစ်ခဲ့ပြီး ဆုတွေရရှိခဲ့ပြန်ပါတယ်။“ဦးချိုကြီးတို့ Super Star Model Agency နဲ့ကုန်စည်ပြပွဲတွေ show မှာ လျှောက်ဖြစ်တယ်။ နယ်ပွဲတွေဘာတွေလည်း တောက်လျှောက်သွားရတယ်။ အဲဒီတုန်းက နယ်ရှိုးတစ်ပွဲလျှောက်ရင် ၅၀၀၀ ရတယ်။ နေစား စရိတ်ငြိမ်းပေါ့နော်။ နောက်ပိုင်းမှာ ဦးချိုကြီးက ကိုဂျွန်လွင်နဲ့ မိတ်ဆက်ပေးတော့ ကိုဂျွန်လွင် စီစဉ်တဲ့ ရှိုးပွဲကြီးတွေမှာ လျှောက်လာရတယ်။ ပြိုင်ပွဲတွေလည်း ဝင်ပြိုင်ဖြစ်တော့ ပရိသတ်တွေက အေးမြတ်သူကို မော်ဒယ်လ် တစ်ယောက်အနေနဲ့ သတိထားမိသွားတယ်။ အဲဒီတုန်းက မျက်လုံးအကြည့် စူးစူး၊ နှုတ်ခမ်းစူစူ၊ မျက်နှာတည်တည်နဲ့ sexy post တွေ ခေတ်စားတယ်။ အေးမြတ်သူရဲ့ မျက်နှာအကျကလည်း ပိန်ပြီး မေးရိုးချွန်ချွန်နဲ့ အဲဒီလို sexy ဘက်သွားတဲ့ ပုံစံဆိုတော့ မော်ဒယ်လ်အလုပ်မှာ တော်တော်လေး အဆင်ပြေတယ်” လို့ သူမက ပြောပါတယ်။သူမကို ပရိသတ်တွေ သတိထားမိခဲ့တဲ့ ‘တစိမ့်စိမ့်ကြည့်’ သီချင်းမှာ ပါဝင်သရုပ်ဆောင်ဖြစ်ပုံနဲ့ ပတ်သက်ပြီးတော့လည်း “အဲဒီသီချင်းမှာ ပါဝင်ဖြစ်တာက ဦးချန်ဟိန်းက ခေါ်လို့ပါ။ အဲဒီသီချင်းမှာ ကိုရဲလေးနဲ့ သရုပ်ဆောင်ခဲ့တာပေါ့။ ကင်မရာမန်းကလည်း ကိုသုံးပေါင်၊ ဒါရိုက်တာက ယိုးဒယားက ဒါရိုက်တာပါ။ အရင်က မော်ဒယ်လ်ပွဲတွေမှာ အေးမြတ်သူကို sexy ပုံစံမျိုးတွေနဲ့ မြင်နေရာကနေ အဲဒီသီချင်းမှာတော့ ပြုံး၊ ရယ်ပြီးတွေ့ရတော့ ပရိသတ်အတွက် နည်းနည်းဆန်း သွားတာဖြစ်မယ် ထင်ပါတယ်။ အဲဒါကလည်း အမေမွှေး (မို့မို့မြင့်အောင်) ရဲ့ ကျေးဇူးကြောင့်လည်းပါတယ်။ သူက သမီးမှာ ပါးချိုင့်လေးလည်း ရှိတာပဲ။ အမြဲအဲဒီလို sexy ပုံစံတွေချည်းပဲ မလုပ်ဘဲ ချစ်စရာကောင်းတဲ့ ပုံစံလည်း လုပ်ပါလား၊ ပြုံးပါဆိုပြီး ဆုံးမတဲ့အတွက် အေးမြတ်သူ အဲဒီလိုပြုံးဖြစ်၊ ရယ်ဖြစ်လာတယ်။ကိုဖိုးကာရဲ့ အဲဒီ ‘တစိမ့်စိမ့်ကြည့်’ အခွေကြော်ငြာတော့ ပိုစတာမှာလည်း အဲဒီလိုရယ်နေတဲ့ ပုံလေးနဲ့ မထင်မှတ်ဘဲ ပရိသတ်တွေက သဘောကျ လက်ခံတဲ့အတွက် အရမ်းလည်း ဝမ်းသာရပါတယ်” လို့ သူမက ဆိုပါတယ်။အဲဒီနောက်မှာတော့ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေ၊ VCD သရုပ်ဆောင်မှုတွေမှာ သာမကဘဲ ဇာတ်ကား ရိုက်ကူးမှုတွေပါ ရှိလာခဲ့ပြီး၊ သူမရဲ့မော်ဒယ်လ် တစ်ယောက်ပုံစံ ခန္ဓာကိုယ်အချိုးအစားနဲ့ ဇာတ်ကားတွေ ရိုက်ကူးရာမှာ အဆင်မပြေတဲ့အတွက် ခပ်ပြည့်ပြည့် ခန္ဓာကိုယ်မျိုးရအောင် ကြိုးစားလေ့ကျင့်ခဲ့ရတယ်လို့လည်း သိရပါတယ်။“ဇာတ်ကားစရိုက်တော့ ဦးကျော်ကြီး (အာရုဏ်သစ်) နဲ့ပေါ့။ အဓိက ဇာတ်ကောင်နေရာတော့ မဟုတ်ဘူးပေါ့။ အဲဒီတုန်းက အေးမြတ်သူနဲ့ အတွဲများတာကကိုကျော်ဇင်ထွဋ်နဲ့ပေါ့။ မောင်နှမနေရာတွေ၊ လင်မယားနေရာတွေကနေ သူနဲ့ သရုပ်ဆောင်ရတယ်။ ခပ်ဆိုးဆိုး သားသမီး အဲ့လိုပုံစံမျိုးတွေပေါ့။ အလှအပထက် အိုက်တင်ကို ဦးစားပေးတယ်။ နောက်ပြီး ဦးမီးပွားနဲ့လည်း ရိုက်ဖြစ်တော့ သူကလည်း သဘာဝကျကျနဲ့ ကိုယ့်ဇာတ်ကောင် ကာရိုက်တာဝင်ဖို့ပဲ အဓိက ဦးစားပေးသင်ကြားပေးတယ်။ ဇာတ်ကားတွေ စရိုက်တုန်းက အေးမြတ်သူ က အရမ်းပိန်တော့ မြန်မာပရိသတ်တွေရဲ့ အမြင်မှာ မင်းသမီး တစ်ယောက်အနေနဲ့ လုံးဝအဆင်မပြေဘူး ဖြစ်နေတာပေါ့။ ပရိသတ်တွေက မင်းသမီးဆိုရင် ပြည့်ပြည့်လေးနဲ့မှ သဘောကျတာလေ။ အဲဒီတော့ အေးမြတ်သူ ခန္ဓာကိုယ်ကို ခပ်ပြည့်ပြည့်လေး ဖြစ်အောင် မျက်နှာဆိုလည်း အရမ်းကြီး ချောင်ကျနေတဲ့ ပုံစံမျိုးမဖြစ်အောင် ကြိုးစားလေ့ကျင့် ပြင်ဆင်ခဲ့ပါတယ်” လို့ သူမက ပြောပါတယ်။လက်ရှိမှာတော့ ဒါရိုက်တာ အောင်မြတ် ရိုက်ကူးတဲ့ ရုပ်သံဇာတ်လမ်းတွဲတစ်ခုမှာ ပါဝင်သရုပ်ဆောင်လျက်ရှိပြီး၊ ရုပ်ရှင်ဇာတ်ကားတွေရော၊ ဗီဒီယိုဇာတ်ကားတွေပါ ဆက်လက်ရိုက်ကူးသွားဖို့ လက်ခံထားတာ ရှိတယ်လို့လည်း သိရပါတယ်။သူမက မိသားစုဘဝကိုတွယ်တာ ချစ်ခင်တဲ့သူ ဖြစ်တဲ့အတွက် တစ်နေ့မှာလည်း သူမရဲ့ကိုယ်ပိုင် မိသားစုဘဝလေးတစ်ခုကို တည်ဆောက်သွားဖို့ အစီအစဉ်ရှိပြီး၊ လက်ရှိ မိသားစုဘဝလေးမှာလည်း စိတ်ချမ်းသာရပါတယ်လို့ ဆိုပါတယ်။

Most Read

Most Recent