WBO နှင့် WBA ဟဲဗီးဝိတ်ချန်ပီယံ ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖူရီသည် ချန်ပီယံခါးပတ်များ လက်လွှတ်ကြောင်း အတည်ပြု ကြေညာခဲ့ပြီးနောက် လက်ဝှေ့ထိုးသတ်ခွင့် လိုင်စင်ပါ ရုပ်သိမ်းခံခဲ့ရကြောင်း သိရသည်။တိုင်ဆန်ဖူရီသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာတွင် နာမည်ကြီး ယူကရိန်းလက်ဝှေ့သမား ဝလာဒီမာကလစ်ရှ်ကိုအား အမှတ်ဖြင့် အနိုင်ယူကာ ချန်ပီယံခါးပတ်များ လွှဲပြောင်းရယူနိုင်ခဲ့သည်။ စာချုပ်ပါ အချက်များအရ ၎င်းတို့နှစ်ဦး၏ မကျေပွဲကို ဇူလိုင် ၉ ရက်တွင် ကျင်းပရန် စီစဉ်ထားသော်လည်း တိုင်ဆန်ဖူရီ၏ ဒဏ်ရာပြဿနာကြောင့် ရွှေ့ဆိုင်းခဲ့သည်။ ထို့နောက် အောက်တိုဘာ ၂၉ ရက်တွင် ပြန်လည်ကျင်းပရန် စီစဉ်ခဲ့သော်လည်း တိုင်ဆန်ဖူရီက ကျန်းမာရေးဆိုင်ရာ အကြောင်းပြချက်ဖြင့် ထပ်မံရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်။ ကစားသမား ဘဝတစ်လျှောက် ၂၅ ပွဲ ထိုးသတ်ရာတွင် အလဲထိုးပွဲ ၁၈ ပွဲ အပါအဝင် ရှုံးပွဲမရှိဘဲ ပွဲတိုင်းအနိုင်ရထားသည့် တိုင်ဆန်ဖူရီသည် ဟဲဗီးဝိတ်ချန်ပီယံ ကာကွယ်ပွဲအား နှစ်ကြိမ်တိုင် ရွှေ့ဆိုင်းခဲ့သောကြောင့် ဝေဖန်ပြစ်တင်မှုများ ခံခဲ့ရပြီး ၎င်းကိုယ်တိုင်ကလည်း စိတ်ကျဝေဒနာအတွက် ကိုကင်းသုံးစွဲနေကြောင်း ဝန်ခံပြောကြားထားသည်။ ထို့ကြောင့် ၎င်း၏ပွဲစဉ်များကို စီစဉ်ပေးနေသည့် Hennessy Sports ကုမ္ပဏီက ချန်ပီယံခါးပတ်များကို စွန့်လွှတ်ကြောင်း အောက်တိုဘာ ၁၂ ရက်တွင် ကြေညာခဲ့ခြင်း ဖြစ်သည်။ “ချန်ပီယံဆုတွေကို ထိန်းသိမ်းထားတာထက် လစ်လပ်နေတဲ့ ခါးပတ်တွေကို တခြားပြိုင်ဘက်တွေ အတွက် ကြိုးစားခွင့်ပေးတာက မှန်ကန်ပြီး တရားမျှတတယ်လို့ ယုံကြည်ပါတယ်။ ချန်ပီယံဆုကို ကာလရှည် ထိန်းသိမ်းထားတဲ့ ချန်ပီယံ ဝလာဒီမာကလစ်ရှ်ကို,ကို အနိုင်ယူပြီး ရှုံးပွဲမရှိ ဟဲဗီးဝိတ်ချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့လို့ ဂုဏ်ယူမိပါတယ်။ ဒီချန်ပီယံဆုတွေကို ကြိုးဝိုင်းထဲမှာ ရယူခဲ့တာဖြစ်လို့ ရှုံးနိမ့်ရင်တောင် ကြိုးဝိုင်းထဲမှာပဲ ဖြစ်သင့်တယ်လို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ ဒီဆုတွေကို ကာကွယ်ဖို့ မဖြစ်နိုင်ပါဘူး” ဟု တိုင်ဆန်ဖူရီက ပြောကြားခဲ့သည်။ဗြိတိန်လက်ဝှေ့အဖွဲ့ချုပ် (BBBofC) ကလည်း တိုင်ဖန်ဖူရီ၏ လက်ဝှေ့ထိုးသတ်ခွင့် လိုင်စင်ကို ရုပ်သိမ်းထားမည်ဟု အောက်တိုဘာ ၁၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ၎င်းအနေဖြင့် တားမြစ်ဆေးပြဿနာများ အတွက် စစ်ဆေးမှု ခံယူရဖွယ် ရှိနေသည်။
WBO နှင့် WBA ဟဲဗီးဝိတ်ချန်ပီယံ တိုင်ဆန်ဖူရီ ချန်ပီယံဆုများအပြင် လိုင်စင်ပါ ရုပ်သိမ်းခံရ
Most Read
Most Recent
4 hours ago