ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးကို ကိုးကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေများ ဆက်လက်စစ်ဆေး

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးကို ကိုးကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေများ ဆက်လက်စစ်ဆေး
Published 8 March 2018

ရိုက်တာသတင်းဌာနမှ ဖမ်းဆီးခံထားရသော မြန်မာသတင်းထောက်နှစ်ဦးကို မြောက်ပိုင်းခရိုင်တရားရုံးတွင် မတ် ၇ ရက်က ကိုးကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေများ ဆက်လက် စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းနေ့ရုံးချိန်းတွင် သတင်းထောက် ကိုသက်ဦးမောင်(ခ)ကိုဝလုံး၏ မရမ်းကုန်းမြို့နယ်ရှိ နေအိမ်ကို သွားရောက်ရှာဖွေရာတွင် ပါဝင်သည့် ရဲအုပ်တစ်ဦးနှင့် သတင်းထောက်နှစ်ဦးထိုင်ခဲ့သော မင်္ဂလာဒုံမြို့နယ်ရှိ စားသောက်ဆိုင်မှ စားပွဲထိုးတို့ကို စစ်မေးခဲ့ကြောင်း သိရသည်။

“ဒီနေ့ သက်သေနှစ်ယောက်စစ်တယ်။ မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးအောင်ကို စစ်ဆေးတယ်။ သူကတော့ အခင်းဖြစ်ပြီး နောက်တစ်နေ့မှာ ဝလုံးတို့အိမ်ကို သွားရှာတယ်။ လာခေါ်တာက ဒုတိယရဲမှူးကြီးယုနိုင် ဖြစ်တယ်။ ဝလုံးတို့အိမ်က ရှာလို့တွေ့တာက ဟက်ဒစ်တစ်ခု၊ Acer လက်တော့ အပျက်တစ်ခု၊ လက်တော့အိတ်၊ မြန်မာတိုင်းတံဆိပ်ပါတဲ့ စာအုပ်ရယ် တွေ့ရှိသိမ်းဆည်းတယ်လို့ ထွက်ဆိုသွားတယ်။ နောက်တစ်ယောက်ကတော့ စားသောက်ဆိုင်က စားပွဲထိုးကို စစ်ဆေးတယ်။ အရင်ကတည်းက မင်္ဂလာဒုံမြို့နယ် တရားရုံးမှာ ကြိုတင်ထွက်ဆိုချက်ပေးထားတာ ပြောတယ်။ နောက်တစ်ခုက အခင်းဖြစ်ညမှာ ဝလုံးတို့နဲ့ရဲတွေ လာထိုင်တာကို သူမသိဘူး။ မြင်လည်းမမြင်ဘူးဖူးလို့ သူထွက်ဆိုသွားတယ်” စွပ်စွဲခံရသူ သတင်းထောက်နှစ်ဦး၏ရှေ့နေ ဦးသန်းဇော်အောင်က ပြောကြားသည်။

နောက်တစ်ပတ်ရုံးချိန်းကို မတ် ၁၄ ရက်သို့ ချိန်းဆိုခဲ့ပြီး တရားလိုပြသက်သေများ ဆက်လက် စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ စစ်ဆေးပြီးသော တရားလိုပြသက်သေ ၁၀ ဦးရှိပြီဖြစ်ကာ စစ်ဆေးရမည့် တရားလိုပြသက်သေ ၂၅ ဦးခန့်ရှိကြောင်း သိရသည်။

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက် ကိုသက်ဦးမောင် (ခ) ကိုဝလုံးက “ကျွန်တော်တို့ကို ထောင်သွင်းပြီးတော့ အကျဉ်းချထားလို့ ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဖော်ထုတ်ခဲ့တဲ့ အမှန်တရားနဲ့ ပတ်သက်ပြီးတော့ အစိုးရက မျက်ကွယ်ပြုပြီးတော့ ဘယ်တော့မှရမှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်” ဟု ပြောကြားသည်။

ရိုက်တာသတင်းဌာနမှ သတင်းထောက် ကိုသက်ဦးမောင် (ခ) ဝလုံးနှင့် ကိုကျော်စိုးဦး (ခ)မိုးအောင်တို့ကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးယုနိုင်က တရားလိုပြုလုပ်၍ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ-၃(၁)(ဂ)ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent