ကျောင်းကျန်းမာရေးနှင့် လုပ်ငန်းစဉ်များ

ကျောင်းကျန်းမာရေးနှင့် လုပ်ငန်းစဉ်များ
Published 23 September 2016
ဒေါက်တာအောင်ခင်ဆင့်

ကျွန်တော်သည် လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် ကျန်းမာရေးပညာ ဌာနတွင် ကျောင်းကျန်းမာရေးအကြောင်း ကျောင်းသားတို့ကို သင်ကြားပို့ချခဲ့သည်တို့၏ အတွေ့အကြုံတို့ အခြေပြု၍ ဤဆောင်းပါး ရေးသားနေခြင်းဖြစ်ပါသည်။ ကျောင်းစာသင်ခန်း အတွင်းမှ ကျန်းမာရေးအကြောင်း ကျွန်တော် တင်ပြ ဆွေးနွေးရာတွင် ဦးစွာပထမ ‘ကျန်းမာခြင်း’ ဆိုသော ဝေါဟာရ၏ အဓိပ္ပာယ်အကြောင်းအား ရှင်းလင်းတင်ပြလိုက်ပါရစေ။
WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ ‘ကျန်းမာခြင်း’ ဆိုသောစကားကို အဓိပ္ပာယ် ဖွင့်လှစ် ပြန်ဆိုထားခဲ့ပုံမှာ ‘ကျန်းမာခြင်း’ ဆိုသည်မှာ လူတစ်ယောက်အဖို့ ရောဂါဘယ ကင်းစင်နေရုံသာမက ကာယသုခ၊ စိတ္တသုခ၊ လူမှုရေးသုခများနှင့် ပြည့်စုံနေသည့်အပြင် ကျိုးခြင်း၊ ကန်းခြင်း၊ ဆွံ့ခြင်း၊ အပေါင်းတို့မှ ကင်းဝေးစွာဖြင့် ကျန်းမာစွာ တည်ရှိနေသော အခြေအနေကို ‘ကျန်းမာခြင်း’ ဟု ခေါ်ဆိုကြောင်း WHO မှ အဓိပ္ပာယ် ဖွင့်ဆိုထားခဲ့ပါသည်။ ကျောင်းကျန်းမာရေးဆိုသော စကားကို သုံးနှုန်းရာတွင် အကြောင်းအရာ နှစ်ရပ်နှင့် တိုက်ရိုက်သက်ဆိုင်နေပါ၍ အကြောင်းအရာ နှစ်ရပ်ကို ဦးစွာပထမ တင်ပြလိုပါသည်။ ၎င်းတို့မှာ -
(၁) ကျောင်းကျန်းမာရေးပညာ (School High Education)
 (၂) ကျောင်းကျန်းမာရေး လုပ်ငန်းအစီအစဉ် (School Health Programme) တို့ဖြစ်ပါသည်။
 
(၁) ကျောင်းကျန်းမာရေးပညာ (School High Education)
‘ကျောင်းကျန်းမာရေးပညာ’ဟူသော ဝေါဟာရ၏ အဓိပ္ပာယ်ကို ရှင်းလင်းရာဝယ် ခေတ်မီ၍ ပြည့်စုံလုံလောက်သော အဓိပ္ပာယ် ရှင်းလင်းချက်တို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
(က)    ကျန်းမာရေးပညာသည် ပညာပေး အင်အားစုတစ်ခု ဖြစ်ပါသည်။ တစ်ဦးချင်း ကျန်းမာရေး၊ အများစု ကျန်းမာရေးနှင့် ဆက်နွှယ်နေသည့် အသိပညာ (Knowledge) ၊ သဘောထား (Attitude) ၊ အပြုအမူ (Behaviour) ၊ ဆောင်ရွက်ချက် (Actioin) တို့ကို လွှမ်းမိုးပြုပြင်ရန် ရည်ရွယ်လျက် သင်ယူမှု အတွေ့အကြုံများ ပေးခြင်းဖြင့် ဖြစ်စဉ် (Process) တို့ကို ကျန်းမာရေးပညာဟု ခေါ်ဆိုပေသည်။
(ခ) ဤအထက်ပါ ပညာပေးမှုဖြစ်စဉ်ဖြင့် သိရှိထားပြီးဖြစ်သော ကျန်းမာရေး အကြောင်းအရာနှင့် အယူအဆ (Fact and Concept) များကို အသုံးချကာ တစ်ဦးချင်း ကျန်းမာရေး၊ ရပ်ရွာကျန်းမာရေး၊ လူများစု ကျန်းမာရေးတို့ တိုးမြှင့်လာစေသည့်ကျောင်း၌ အခြေခံကျန်းမာရေး ပညာပေးခြင်း လုပ်ငန်းစဉ်ကို ကျောင်းကျန်းမာရေးပညာဟု ခေါ်ဆိုပေသည်။
ကျောင်းသင်ခန်းစာများတွင် ပါဝင်သည့် ကျန်းမာရေးပညာပေးကဏ္ဍကို သာဓကများဖြင့် တင်ပြရမည်ဆိုပါက ‘စောစောထ၊ သွားတိုက်၊ မျက်နှာသစ်၊ အိပ်ရာသိမ်း၊ အဝတ်လဲ၊ အစာစား၊ ကျောင်းသွား’ဟူသော ပထမတန်း ပထမ စာမျက်နှာတွင် ရှိပါသည်။ တစ်ကိုယ်ရည် ကျန်းမာရေးဂရုပြုရန် ညွှန်ကြားချက် ကျန်းမာရေး ပညာပေး စာသားများမှာ အဓိပ္ပာယ်များစွာ ပါဝင်ပါသည်။ တစ်သက်လုံး ကျန်းမာရေးအတွက် အခြေခံကျသော အချက်အလက်တို့ဖြစ်ပေသည်။
ကျောင်းသားများ စာပေသင်ကြားရာတွင် အထက်ပါ ကဗျာ၊ လင်္ကာလေးအား စာပေ၊ စာလုံးပေါင်း မှန်ကန်စွာ တတ်မြောက်ရေးကိုသာ ဆရာ ဆရာမများက ဦးစားပေးအဖြစ် မထားသင့်။ ကျန်းမာရေး အသိတရားများကို အခြေခံကျကျသိရှိပြီး လက်တွေ့မူမှန် အလေ့အကျင့်များ တည်ဆောက် သွားတတ်ရေးအတွက် မူတည်ထားပါမှ ကျောင်းကျန်းမာရေး ပညာကဏ္ဍ အောင်မြင်မည်ဖြစ်သည်။
 
ကျောင်းကျန်းမာရေးပညာ၏ အဓိကရည်ရွယ်ချက်
ကျောင်းများတွင် ကလေးသူငယ်များအား သင်ကြားပို့ချလျက်ရှိသော ဘာသာရပ်ဆိုင်ရာ ကျောင်းကျန်းမာရေးပညာ၏ အဓိက ရည်ရွယ်ချက်-
          (၁) ကျောင်းသားများအား တိကျမှန်ကန်သော ကျန်းမာရေးအသိပညာ ရရှိရေး၊
          (၂) မှန်ကန်သော ကျန်းမာရေးသဘောထားများ ကျောင်းသားဘဝမှအစပြု၍ တစ်သက်တာ ထားရှိတတ်စေရန်၊
          (၃) လူနေမှုအဆင့်အတန်း မြင့်မားလာအောင် ကြိုးစားတတ်ရန်၊
          (၄) ကျန်းမာရေးအတွက် ကောင်းသောအလေ့အကျင့်များ ငယ်စဉ်အခါမှ အစပြု၍ ရရှိရေးနှင့် ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင်သွားတတ်ရန်၊
          (၅) မှားယွင်းသော စွဲလမ်းယုံကြည်ချက်များ ပပျောက်စေရန်၊
          (၆) ကိုယ်စိတ် တိုးတက်ဖွံ့ဖြိုးမှု ရရှိစေရန်၊
          (၇) အကြောင်းအကျိုး ဆက်စပ် တွေးတောလာတတ်စေရန်၊
          (၈) ကောင်းစွာ စားသောက်နေထိုင်တတ်ကာ ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးမှု ရရှိစေရန်၊
          (၉) မိသားစုစိတ်ဓာတ်ဖြင့် ရပ်ရွာမှအစ တိုင်းပြည်အတွက် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းတာဝန်များတွင် ပါဝင်ကူညီလိုစိတ် ပေါ်ပေါက်လာစေရန် စသည်တို့ဖြစ်ပါသည်။
 
(၂) ကျောင်းကျန်းမာရေး လုပ်ငန်း အစီအစဉ် (School Health Programme)
ကျောင်းကျန်းမာရေးလုပ်ငန်း အစီအစဉ် အနေဖြင့် အချက်ကြီး ငါးချက်ကို မူတည်ပြီး လုပ်ကိုင်လျက် ရှိပေသည်။ ဤမူငါးချက်ကို တင်ပြရမည်ဆိုပါက-
(၁) ဆေးစစ်ဆေးခြင်း (Medical Examination) ၊ (၂) ဆေးကုသခြင်း (Treatment) ၊ (၃) ကာကွယ်ဆေးထိုးခြင်း (Immunization) ၊ (၄) ကျန်းမာရေးပညာပေးခြင်း (Health Education) ကျောင်းကျန်းမာရေး ပညာပေး အစီအစဉ်ဖြင့် ကျန်းမာရေး သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ ဘာသာရပ်ဆိုင်ရာ သင်ကြားမှုများတွင် ဖြည့်စွက်သင်ကြားပေးခြင်း၊ နေ့လည်စာ စီမံသွန်သင်ပေးခြင်း၊ ဟောပြောပွဲများ၊ ရုပ်ရှင်၊ ရုပ်သေပြပွဲများဖြင့် ပညာပေးခြင်း၊ (၅) ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ခြင်း  (Environment Sanitation) ကျန်းမာရေးနှင့် ညီညွတ်သော ကျောင်းပတ်ဝန်းကျင် ဖြစ်မြောက်လာရေးအတွက် စစ်ဆေးပြီး ကောင်းမွန်သော  အစားအစာများကို ကျန်းမာသော ဈေးသည်များကသာ ရောင်းချစေခြင်း၊ စာသင်ခန်းမများ လေဝင်လေထွက် မှန်ကန်ပြီး ပြည့်စုံလုံလောက်သော အလင်းရောင်နှင့် နေရာထိုင်ခင်း အကျယ်အဝန်း မှန်ကန်ရေးတို့ကို ကျောင်းကျန်းမာရေး လုပ်ငန်းအစီအစဉ်ဖြင့် လုပ်ကိုင်ရပါသည်။
 
(က) အလုပ်လုပ်လျက် ပညာပေးနည်း
ယင်းစနစ်မှာ ကျောင်းကျန်းမာရေးဝန်ထမ်းတိုင်းက မိမိတို့တာဝန်ကျရာ လုပ်ငန်းများကို ဆောင်ရွက်လျက် ကျန်းမာရေးပညာပေးခြင်းမျိုးကို ဆိုလိုပါသည်။ ဥပမာ-ကျောင်းတာဝန်ကျ ဆရာဝန်က ကျောင်းသားအား စစ်ဆေးကုသနေစဉ် တွေ့ရှိသည့် ရောဂါသဘာဝနှင့် မည်သို့ကာကွယ်နိုင်ပုံ စသည်တို့ကို ပတ်ဝန်းကျင်အခြေအနေနှင့် လက်ရှိအကြောင်းအရာများပေါ် မူတည်၍ ဆေးကုသခြင်း အလုပ်လုပ်လျက် ကျန်းမာရေးပညာ ပေးရပါမည်။
 
(ခ)အလျဉ်းသင့်သလို ပညာပေးနည်း
ကျောင်းကျန်းမာရေး မူလလုပ်ငန်းမှာ ဆေးစစ်ရန်၊ သန့်ရှင်းရေး ကြည့်ရှုရန်နှင့် ကူးစက်ရောဂါ ကာကွယ်ရန်ဖြစ်သော်လည်း တခါတရံ ၎င်းမူလလုပ်ငန်းနှင့် မသက်ဆိုင်သည့် ကိစ္စများ၊ ဥပမာ-ကျောင်းသားတစ်ယောက် ရုတ်တရက် ဒဏ်ရာရနေသည်ကို တွေ့ရှိပါက အနာကို ပြုစု ဆေးထည့်ပေးရုံသာမကဘဲ အနာပိုး မဝင်စေရန်အတွက် သန့်ရှင်းစွာထားရေး၊ ထိခိုက်မှုအန္တရာယ် ကြိုတင်ကာကွယ်ရေး စသည်တို့ကို အလျဉ်းသင့်သလို ပညာပေးကြရပါသည်။
 
(ဂ) ညွှန်ပြပညာပေးနည်း
ကျောင်းသားများအား အထူးကုဆရာဝန်ကြီးများထံ နောက်ဆက်တွဲကုသရန်၊ ညွှန်းပို့ရာ၌ ကလေးအရာရှိများက ကျောင်းသားများကိုသာမက မိဘနှင့် ဆရာများထံ ချဉ်းကပ်ပြီး ၎င်းတို့၏ သားသမီးနှင့် တပည့်ကလေးများအား မပျက်မကွက် ဆက်လက်စစ်ဆေး ကုသနိုင်ရေးအတွက် ကူညီလုပ်ဆောင် ညွှန်ပြ ပညာပေးရပါသည်။
 
(ဃ) တိုက်ရိုက်ပညာပေးနည်း
၎င်းစနစ်မှာ ကျောင်းများတွင် ကျောင်းကျန်းမာရေး သင်တန်းများ ဖွင့်လှစ်သင်ကြားခြင်းမျိုး ဖြစ်ပါသည်။ ၎င်းသင်တန်းများအပြင် တစ်ကိုယ်ရေ သန့်ရှင်းရေးအကြောင်း၊ မ သဘာဝ၊ ကျား သဘာဝအကြောင်း ဟောပြောပွဲများ ပြုလုပ်ခြင်းသည်လည်း ၎င်းစနစ်တွင် အပါအဝင်ဖြစ်ပါသည်။ ကျွန်တော်ကိုယ်တိုင် လက်တွေ့သင်ကြား လုပ်ကိုင်ခဲ့သော လုပ်ငန်းတို့ ဖြစ်ပါသည်။
အထက်ပါ စနစ်လေးမျိုးအရ ပညာပေးရာတွင် အောက်ပါပညာပေးနည်း ငါးသွယ်ကို နေရာဒေသ၊ အချိန်အခါနှင့် အခြေအနေပေါ်မူတည်၍ သင့်လျော်သလို ပြောင်းလဲအသုံးပြုရပါသည်။ ၎င်းတို့မှာ
(၁) ဟောပြောမှုဖြင့် ပညာပေးနည်း၊
(၂) ရေးသားမှုဖြင့် ပညာပေးနည်း၊
(၃) ပြသမှုဖြင့် ပညာပေးနည်း၊
(၄) ပြိုင်ဆိုင်မှုဖြင့် ပညာပေးနည်း၊
(၅) စည်းရုံးမှုဖြင့် ပညာပေးနည်းများ ဖြစ်ပါသည်။
ပညာပေးရာတွင် စိတ်ပါဝင်စားမှု ပိုမို ထိရောက်စေရန်အတွက်လည်း ပြခန်းဖွင့်လှစ် တသွယ်၊ ရုပ်ရှင်ပြသ၍ တဖုံ၊ ပိုစတာကားချပ်၊ စာရွက်စာတမ်းစသော သင်ကြားမှုအထောက် အကူပစ္စည်းများကို အသုံးပြု၍ တနည်း လဲလှယ် ပညာပေး ဆောင်ရွက်သွားကြမည် ဆိုပါက အောင်မြင်သော ကျောင်းကျန်းမာရေး လုပ်ငန်းစဉ်တစ်ခက ဖြစ်မြောက်သွားမည်မှာ အမှန်တကယ်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

Most Read

Most Recent