အင်တာနက်ကမ္ဘာမှာ ဘေးကင်းရန်ကွာဖို့ဆိုတာ

အင်တာနက်ကမ္ဘာမှာ ဘေးကင်းရန်ကွာဖို့ဆိုတာ
Published 23 September 2016
နေမျိုးထွန်း

၂၁ ရာစုမှာတော့ လူတွေဟာ အင်တာနက်နဲ့ ကင်းကွာဖို့ဆိုတာ ခက်လာပါတယ်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ သုံးစွဲသူတွေဟာ အွန်လိုင်းပေါ်ကို ရောက်လာကြပါတယ်။ ဒီနေရာမှာ ကျွမ်းကျင်မှုနဲ့ သိမြင်နှံ့စပ်မှုတွေက တစ်ယောက်နဲ့တစ်ယောက် တူညီနိုင်မှာ မဟုတ်ပါဘူး။ တစ်ခါ အသက်အရွယ်၊ အတွေ့အကြုံ၊ ပညာအရည်အချင်းနဲ့ ဗဟုသုတ ကြွယ်ဝမှုတွေကလည်း ကွာခြားမှုတွေ ရှိနေမှာဖြစ်ပါတယ်။
ဒါ့အပြင် အွန်လိုင်းကမ္ဘာမှာတော့ အွန်လိုင်းအထာတွေ ရှိနေမှာ ဖြစ်ပါတယ်။ အွန်လိုင်း ဆိုတာကလည်း ပြင်ပကမ္ဘာကလူတွေ ကိုယ်စားပြုထားတာဖြစ်လို့ သူ့ဆီမှာ ပြင်ပကမ္ဘာမှာလိုပဲ လူအမျိုးမျိုး စိတ်အထွေထွေ ရှိနေမှာ ဖြစ်ပါတယ်။ ပိုဆိုးတာက အပြင်မှာလို မျက်နှာချင်းဆိုင် အကဲခတ်ခွင့် ရမှာမဟုတ်ဘဲ အရိပ်အယောင်တွေကိုသာ မှန်းဆရတာဖြစ်လို့ ခန့်မှန်းရခက်တာတွေ၊ ပိုရှုပ်ထွေးတာတွေ ရှိနေပါတယ်။
တချို့နိုင်ငံတွေမှာတော့ အင်တာနက်သုံးကြတာ နှစ်ပေါင်း ၂၀ ကျော်ကြာနေပါပြီ။ တချို့နိုင်ငံတွေမှာတော့ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုတာ ငါးနှစ် မပြည့်သေးတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒီထက်ပိုဆိုးတာက ၂၁ ရာစု ဆိုပေမယ့် အင်တာနက်ဆိုတာကို မကြားဖူး မသုံးဖူးသူတွေလည်း ကမ္ဘာပေါ်မှာ ရှိနေသေးတာ ဖြစ်ပါတယ်။ အင်တာနက်ဆိုင်ရာ ကုမ္ပဏီကြီးတွေအနေနဲ့ ကမ္ဘာပေါ်ကလူတိုင်း အင်တာနက် သုံးနိုင်စေရမယ်လို့ ကြွေးကြော်နေသည့်တိုင်အောင် တချို့ဒေသတွေအတွက်တော့ အင်တာနက် သုံးနိုင်ဖို့ဆိုတာ စိန်ခေါ်မှုတစ်ခုအဖြစ် တည်ရှိနေဆဲပါပဲ။
အင်တာနက် သုံးခွင့်ရနေပြီဆိုတဲ့ ဒေသတွေမှာလည်း အကန့်အသတ်တွေ ရှိနေပါတယ်။ သတင်းအချက်အလက် ဖြတ်တောက် ပိတ်ပင်ခံရတာတွေ၊ အင်တာနက်အသုံးပြုခ ဈေးကြီးတဲ့အတွက် မတတ်နိုင်တာတွေ၊ Data Limit ရှိနေလို့ သုံးချင်သလောက် မသုံးနိုင်တာတွေဟာ ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။ 
ရည်ရွယ်ချက်တစ်ခုခုနဲ့ အင်တာနက် သုံးကြတာရှိသလို ဘာရယ်ညာရယ်မဟုတ်ဘဲ သူများ သုံးလို့ လိုက်သုံးတယ်ဆိုပြီး အွန်လိုင်းပေါ် ရောက်လာသူတွေဟာလည်း ဒုနဲ့ဒေးပါပဲ။ ပထမဆုံး ရင်ဆိုင်ရတာကတော့ များမြောင်ရှုပ်ထွေးလွန်းတဲ့ သတင်းအချက်အလက်မျိုးစုံနဲ့ အသုံးပြုသူမျိုးစုံကို ရင်ဆိုင်ရတာ ဖြစ်ပါတယ်။ လက်ရှိမှာ Facebook ခေတ် ဖြစ်နေတော့ အများစုက လူမှုကွန်ရက်ပေါ် ရောက်လာကြပါတယ်။ အင်တာနက်ဆိုတာ Facebook ပဲလို့ ထင်နေတဲ့သူတွေလည်း မနည်းမနော ရှိနေပါတယ်။ အင်တာနက်မှာ လူမှုကွန်ရက် တစ်ခုတည်းကိုသာ အများဆုံး အသုံးပြုကြတယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။ စမတ်ဖုန်း အသုံးပြုပုံမှာတောင် လူမှုကွန်ရက်သုံးတာနဲ့ ဓာတ်ပုံရိုက်တာက အဓိက အသုံးပြုမှုတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
Chatting App တွေကလည်း ခေတ်စားနေဆဲဖြစ်ပြီး ဗီဒီယိုဖုန်းပါ ပြောလို့ရလာတဲ့အထိ တိုးတက် ကောင်းမွန်လာပါတယ်။ ဟိုအရင်တုန်းကဆိုရင် စားပွဲတင်ကွန်ပျူတာရှေ့မှာထိုင်ပြီး Webca, နဲ့ပြောခဲ့ရတာကို ပြန် အမှတ်ရမိသေးတယ်။
အဲဒီတော့ ကိုယ်နဲ့တွေ့ဆုံစကားပြောတဲ့သူဟာ လူကောင်းလား၊ လူဆိုးလားဆိုတာ အပြင်မှာတောင် မျက်မှန်းတန်းမိရုံနဲ့ သိနိုင်တာမဟုတ်လို့ အွန်လိုင်းပေါ်မှာဆိုရင်တော့ ပိုဆိုးပါတယ်။ တွေ့သမျှလူတိုင်းကို လိုက်ယုံနေရင် လိမ်လည်လှည့်ဖြားခံရဖို့ သေချာနေပြီး ဘယ်သူ့ကိုမှ မယုံပြန်ရင်လည်း မိတ်ဆွေသူငယ်ချင်းရဖို့ ခက်နိုင်ပါတယ်။
ပိုဆိုးတာတစ်ခုက အရွယ်မရောက်သေးတဲ့ အသုံးပြုသူတွေဟာ အွန်လိုင်းပေါ် အလျင်အမြန် ရောက်ရှိလာနေတာဖြစ်ပြီး သူတို့ကို ထိန်းကျောင်းမယ့်သူမရှိဘဲ အွန်လိုင်းပေါ်မှာ ထင်ရာစိုင်းတာတွေက လမ်းကြောင်းမှားပေါ် တွန်းပို့မိသလို ဖြစ်စေပါတယ်။
မိဘတွေအနေနဲ့ ကိုယ့်ကလေး ဆက်သွယ်နေသူတွေကို သိထားဖို့လိုပါတယ်။ ဆွေမျိုးတွေ၊ ကျောင်းကသူငယ်ချင်းတွေနဲ့ ကိုယ့်အသိ မဟုတ်ဘူးဆိုရင် သတိထားဖို့လိုပါတယ်။ နောက်ပြီး အွန်လိုင်းပေါ်တင်လိုက်တဲ့ ပို့စ်တစ်ခုဟာ ပြန်ဖျက်ဖို့ အရမ်းခက်တယ်ဆိုတာ သိထားရပါမယ်။ အမှုမဲ့အမှတ်မဲ့ကြည့်ရင်တော့ အွန်လိုင်းပေါ် ပို့စ်တစ်ခုတင်လိုက်တယ်၊ ပြန်ဖျက်လိုက်တယ်။ မမြင်ရတော့ဘူး ဆိုပေမယ့် ကိုယ်တင်လိုက်တဲ့ ပုံတွေ၊ စာတွေဟာ စက္ကန့်ပိုင်းအတွင်းမှာ လျင်လျင်မြန်မြန် ပျံ့နှံ့သွားနိုင်ပြီး မသမာသူတွေက ရယူအသုံးချတာမျိုးတွေကိုလည်း ကြုံတွေ့ရနိုင်ပါတယ်။ ရုပ်ပုံတွေဟာ ပုံဖျက်ခံရပြီး အလွဲသုံးစား လုပ်တာမျိုး ခံရနိုင်သလို စာတွေဟာလည်း Screenshot အနေနဲ့ ကျန်နေနိုင်ပါတယ်။

စစ်တမ်းတွေအရတော့ ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေဟာ သူတို့ရဲ့လုံခြုံရေး ချိုးဖောက် နှောင့်ယှက်ခံရတာတို့၊ သူတို့နဲ့ အပြန်အလှန် ဆက်သွယ်နေသူအကြောင်းကို မသိကြတာတို့အပေါ်မှာ စိုးရိမ်စိတ် မရှိကြဘူးလို့သိရပါတယ်။ သူတို့အနေနဲ့ တခြား အသုံးပြုသူတွေဟာလည်း သူတို့လိုပဲလို့ ယူဆနေတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါဟာ သူတို့ကိုအန္တရာယ်တောထဲ ဖိတ်ခေါ်မိသလိုမျိုး ဖြစ်စေပါတယ်။ တကယ်တော့ ပြင်ပကမ္ဘာမှာလိုပဲ အွန်လိုင်းပေါ်မှာလည်း ထင်သလောက် မရိုးရှင်းပါဘူး။ ဒါနဲ့ပတ်သက်ပြီး ရိုက်ပြသွားတဲ့ ရုပ်ရှင်ထဲမှာတော့ Trust က အတော်ကောင်းပါတယ်။
စစ်တမ်းတစ်ခုအရတော့ အာရှတိုက်တစ်ခုလုံးက ကလေးတွေရဲ့ ထက်ဝက်လောက်ဟာ အွန်လိုင်းပေါ်ကို ကြီးကြပ်မှုမရှိဘဲ ရောက်လာကြတယ်လို့ ဖော်ပြထားပါတယ်။ ဒီနေ့ခေတ် ကျောင်းနေအရွယ်ကလေး လေးယောက်မှာ တစ်ယောက်ဟာ အွန်လိုင်းပေါ်မှာ Cyberbullying (အွန်လိုင်းပေါ်တွင် အနိုင်ကျင့် ဗိုလ်ကျတာ) အလုပ်ခံရတယ်လို့ ဆိုကြပြီး အသက် ၁၃ နှစ်ကနေ ၁၅ နှစ်ကြား အရွယ်ရှိကလေးတွေက အများဆုံးဖြစ်နေတယ်လို့ ဆိုပါတယ်။
မိဘတွေအနေနဲ့လည်း ဘယ်မိုဘိုင်း App က ဘာလုပ်ဖို့အတွက် သုံးလဲဆိုတာ တီးမိခေါက်မိ ရှိထားဖို့ လိုပါတယ်။  Facebook, Twitter, Instagram နှင့် YouTube ကိုတော့ သိသူများပါလိမ့်မယ်။ Tinder ဆိုတဲ့ App ကတော့ အသက် ၁၇ နှစ်အထက်တွေအတွက် ရည်ရွယ်ပြီး တစ်ယောက်နဲ့တစ်ယောက် ချိန်းတွေ့ကြဖို့ သုံးတာများပါတယ်။ အလားတူ App တွေ အများအပြား ရှိနေပါတယ်။ Snapchat ကတော့ တင်လိုက်တဲ့ပုံတွေ၊ ဗီဒီယိုတွေဟာ ၁၀ စက္ကန့်အတွင်း ပျောက်သွားတာကြောင့် မသင့်တော်တာတွေတင်ဖို့ ရေပန်းစားပါတယ်။ ပုံတွေကိုသိမ်းထားလို့လည်း မရဘူး၊ ချက်ချင်းပျံ့သွားမှာလည်း မဟုတ်ဘူးလို့ ထင်တတ်ကြပါတယ်။ Kit Messenger ကတော့ အသက် ၁၇ နှစ်အထက်တွေအတွက် ရည်ရွယ်ထားပေမယ့်  Download ချဖို့ အသက် ကန့်သတ်မထားပါဘူး။ လျှို့ဝှက်တဲ့ပုံစံကြောင့် လိင်ပိုင်းဆိုင်ရာ မက်ဆေ့ချ်တွေ ပေးပို့ခြင်းနဲ့ လက်ခံခြင်း၊ Cyberbullying တွေနဲ့ ပြည့်နှက်နေပါတယ်။ Shots of Me ကတော့ အသက် ၁၂ နှစ်အထက် Selfie သမားတွေအကြိုက်ပါပဲ။ ဓာတ်ပုံတွေအောက်မှာ မှတ်ချက်ရေးလို့ ရမှာမဟုတ်ပါဘူး။ (ဒါဟာ Cyberbullying ကို တိုက်ဖျက်တဲ့ ရည်ရွယ်ချက်ပါ) ဒါပေမဲ့ သုံးစွဲသူရဲ့ တည်နေရာနဲ့ အချိန်ကို သိစေနိုင်တာကြောင့် သုံးစွဲသူတိုင်းကို ရှာဖွေဖို့ လွယ်ကူပါတယ်။
အင်တာနက်ဝန်ဆောင်မှုတွေ၊ App တွေမှာ စည်းမျဉ်းသတ်မှတ်ချက်တွေ၊ သတိပေးထားတာတွေ ပါဝင်ပေမယ့် သေချာဖတ်ပြီး သုံးတဲ့သူဆိုတာ နည်းပါတယ်။ အရွယ်မရောက်သေးသူတွေဟာလည်း အချက်အလက်တွေကို လိမ်လည်ရေးသွင်းပြီး အသုံးပြုကြတာ များပါတယ်။ ဒီလိုနဲ့ပဲ ကိုယ်တိုင်က ဆူးတောထဲကို ပျော်ပျော်ကြီး တိုးဝင်မိသလိုမျိုး ဖြစ်စေပါတယ်။
ဒီနေ့ခေတ်မှာ ကမ္ဘာကြီးဟာ ကျဉ်းလာတယ်ဆိုပေမယ့် အန္တရာယ်တွေကတော့ ကျယ်ပြောနေဆဲဖြစ်ပါတယ်။ အွန်လိုင်းကမ္ဘာမှာတော့ ဘယ်သူတွေက သားကောင်လဲ၊ ဘယ်သူတွေက မုဆိုးလဲ မကွဲပြားပါဘူး။
အုတ်ရောရော ကျောက်ရောရောနဲ့ အများညီ ဤကျွဲဖတ်နေသူတွေလည်း အွန်လိုင်းပေါ်မှာတော့ အုံနဲ့ကျင်းနဲ့ပါ။

Most Read

Most Recent