Samsung Galaxy Note 7 ဂယက်ကတော့ ကမ္ဘာတစ်ဝန်းမှာ တော်တော်လေး ရိုက်ခတ်သွားပါတယ်။ အားသွင်းထားတုန်းမှာ အခန့်မသင့်ရင် မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားတယ်ဆိုပြီး သတင်းပြန့်ရာကနေ ဆမ်ဆောင်း ကိုယ်တိုင်က ဘက်ထရီမှာ ပြဿနာရှိနေတာကြောင့် အလုံးသစ်တွေနဲ့ အစားထိုး လဲလှယ်ပေးသွားမယ်လို့ ကြေညာလိုက်ရတဲ့ အထိပါပဲ။
သြဂုတ်လကုန်ပိုင်းမှာ သတင်းတွေ ထွက်ပေါ်လာတာဖြစ်ပြီး စက်တင်ဘာ ၂ ရက်မှာတော့ ဆမ်ဆောင်းက အတည်ပြုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာလည်း စက်တင်ဘာ ၅ ရက်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ရောင်းချမယ့် ရက်ကို ရွှေ့ဆိုင်းလိုက်ပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။
အစောပိုင်းမှာတော့ ကြားခံဘက်ထရီ ကုမ္ပဏီကြောင့် ဖြစ်သလိုလိုထင်ခဲ့ရပြီး ဘယ်ကုမ္ပဏီလဲဆိုတာ ဆမ်ဆောင်းအနေနဲ့ ထုတ်ဖော်ပြောကြားခြင်း မပြုခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ ဆမ်ဆောင်းကိုယ်တိုင်ရဲ့ ဘက်ထရီထုတ်လုပ်ရေး စက်ရုံထွက် ဘက်ထရီတွေမှာ အရည်အသွေးထိန်းချုပ်ကွပ်ကဲရေးဆိုင်ရာ အားနည်းမှုကြောင့် ချွတ်ယွင်းမှုတွေ ဖြစ်ပေါ်ခဲ့တာဖြစ်တယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။ ဘက်ထရီရဲ့ အဖိုအမ ငုတ်တွေမှာ ပြဿနာရှိခဲ့တာဖြစ်ပြီး ရှော့ခ်တိုက်ပေးသလိုမျိုး အခြေအနေတွေ ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဆမ်ဆောင်း Note 7 မိတ်ဆက်ပွဲကို သြဂုတ် ၁၂ ရက်မှာ ပြုလုပ်ခဲ့ပြီး မူလက သြဂုတ်လအတွင်းမှာပဲ စတင်ရောင်းချဖို့ စီစဉ်ထားပေမယ့် ကမ္ဘာတစ်ဝန်း တင်ပို့ရောင်းချရမှု များပြားနေတာကြောင့် ပစ္စည်းရရှိမှု နောက်ကျမှာဖြစ်လို့ စက်တင်ဘာ ၁၁ ရက်မှ စတင်ရောင်းချမယ်လို့ ဆမ်ဆောင်းမြန်မာက ကြေညာခဲ့ပါတယ်။ လက်ရှိမှာတော့ အောက်တိုဘာမှသာ ရောင်းချပေးနိုင်တော့မယ်လို့ ပြောင်းလဲ ကြေညာထားပါတယ်။
ဒါပေမဲ့ သြဂုတ်လအတွင်းမှာ ကြိုတင်အရစ်ကျစနစ်နဲ့ ဝယ်ယူထားသူတွေကတော့ ဖုန်းတွေ လက်ထဲရောက်ရှိလာပါတယ်။ လတ်တလောမှာတော့ သူတို့ကို ဆက်မသုံးစွဲဘဲ ပါဝါပိတ်ထားဖို့ ဆမ်ဆောင်းမြန်မာကနေ တစ်ဦးချင်းစီကို ဆက်သွယ် အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ တချို့လည်း ဆက်သုံးနေတုန်းပဲလို့ ဆိုပါတယ်။ ကုမ္ပဏီအာမခံ တရားဝင်အလုံးတွေအပြင် အပြင်အလုံး PI တွေကိုပါ ဆမ်ဆောင်းက ပြန်လဲလှယ်ပေးသွားမှာ ဖြစ်ပါတယ်။ တခြားကိစ္စ တော်တော်များများမှာ PI အလုံးတွေအနေနဲ့ အကျုံးဝင်တာမျိုး မရှိခဲ့ပေမယ့် ဒီကိစ္စကတော့ ကမ္ဘာလုံးဆိုင်ရာ ပြဿနာဖြစ်နေလို့ မခွဲခြားတော့ဘဲ ဖြေရှင်းပေးမယ့် သဘောမျိုးပါပဲ။
ဒီမှာတော့ မီးလောင်ပေါက်ကွဲတဲ့သတင်း မကြားရသေးပါဘူး။ နိုင်ငံတကာမှာတော့ အုတ်အော်သောင်းနင်း ဖြစ်သွားပြီး ပြင်းပြင်းထန်ထန် တားမြစ်ခံရတဲ့ စမတ်ဖုန်းတစ်လုံး ဖြစ်လာပါတယ်။
ကမ္ဘာတစ်ဝန်းမှာ ရောင်းချခဲ့တဲ့ Note 7 အရေအတွက်က အလုံးရေ နှစ်သန်းခွဲရှိတယ်လို့ သိရတယ်။ တောင်ကိုရီးယားမှာတော့ စက်တင်ဘာ ၂၈ ကစပြီး ပြန်လည်ရောင်းချတာတွေ စတင်တော့မယ်လို့ ဆိုပါတယ်။
ဒီပြဿနာကြောင့် ဆမ်ဆောင်းအနေနဲ့ ငွေကြေးပိုင်းဆိုင်ရာမှာ ဒေါ်လာဘီလျံနဲ့ချီပြီး ဆုံးရှုံးနစ်နာဖွယ် ရှိပါတယ်။ ဒီဖြစ်ရပ်ပေါ် ပေါက်ပြီးနောက်မှာ ဆမ်ဆောင်းရဲ့ စတော့ရှယ်ယာတွေ ထိုးကျခဲ့ပါတယ်။ ငွေကြေးဆုံးရှုံး နစ်နာတာထက် ပိုဆိုးတာက အမှတ်တံဆိပ်ရဲ့ ပုံရိပ်နဲ့ သုံးစွဲသူတွေရဲ့ ယုံကြည်မှုဆုံးရှုံးနိုင်ခြေတွေ ဖြစ်ပါတယ်။ ဆမ်ဆောင်းအနေနဲ့ ဒီအရိပ်ဆိုးထဲကနေ အမြန်ဆုံးရုန်းထွက်နိုင်ဖို့ လိုနေပြီး ကောင်းသတင်းတစ်ခုနဲ့ ပြန်အစားထိုးနိုင်ဖို့လည်း လိုနေပါတယ်။
အမှတ်တံဆိပ် တစ်ခုကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ဖို့ဆိုတာ နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရပေမယ့် လွဲချော်မှုတစ်ခုကြောင့် ထိုးစိုက်ဆင်းသွားနိုင်ပါတယ်။
အမှားဆိုရာမှာလည်း ဘောလုံးတို့ တင်းနစ်တို့ စကားနဲ့ပြောရရင် ခွင့်လွှတ်လို့ရတဲ့အမှားနဲ့ ခွင့်လွှတ်လို့မရတဲ့အမှား ဆိုပြီးရှိပါတယ်။ ဒီကိစ္စမှာ ဆမ်ဆောင်းအနေနဲ့ ခွင့်လွှတ်လို့မရတဲ့ အမှားမျိုး မှားခဲ့တယ်လို့ပဲ ဆိုရပါလိမ့်မယ်။ ဒီပြဿနာက အလုံးတစ်သိန်းမှာ တစ်လုံးပဲဖြစ်တယ် ဆိုဦးတော့။ ဘယ်သူကမှ မီးလောင်ပေါင်ကွဲမယ့် အချိန်ကို စိုးရိမ်ကြောင့်ကြနေရတဲ့ ခံစားမှုမျိုး ကြုံချင်ကြမှာ မဟုတ်ပါဘူး။ ပိုပြီးဆိုးတာက လေယာဉ်ပေါ်၊ ရထားပေါ် တက်တဲ့အခါ သင်ကိုင်လာတဲ့ ဖုန်းအမျိုးအစားက မီးလောင်ပေါက်ကွဲတတ်တဲ့ ဖုန်းမျိုးလားဆိုပြီး အကြည့်ခံရတာကို ဘယ်သူမှ နှစ်မြို့နေမှာ မဟုတ်ပါဘူး။
ဒါတွေရဲ့ နောက်ဆက်တွဲ သက်ရောက်မှုအဖြစ် S7, S7 Edge တွေပါ ဘာဖြစ်တယ်၊ ညာဖြစ်တယ် သတင်းတွေ ထွက်ပေါ်လာပြီး အဲဒါတွေကတော့ မြေနိမ့်ရာလှံစိုက်တယ်လို့ပဲ မြင်မိတယ်။ လတ်တလောမှာ iPhone 7 တောင် အလွန်အကျွံ သုံးစွဲချိန်မှာ ကျောဘက်ကနေ အသံတွေမြည်တယ်ဆိုပြီး လုပ်နေကြပြန်တယ်။
အမှန်ဆိုရင်တော့ တန်ဖိုးနည်း အရည်အသွေးနိမ့် ဖုန်းတွေမှာတောင် နဂိုမူလ မဟုတ်တဲ့ ချာဂျာနဲ့ အားသွင်းတာ၊ ညလုံးပေါက် အားသွင်းထားမိတဲ့ အခြေအနေတွေမှာတောင် မီးလောင် ပေါက်ကွဲတယ်ဆိုတာက ဖြစ်ခဲတဲ့ကိစ္စရပ် တစ်ခုပဲဖြစ်ပါတယ်။
တကယ်ဆိုရင် Note 7 ဟာ Android ဖုန်းတွေထဲမှာ အမြင့်ဆုံးဖုန်း တစ်လုံးဖြစ်ပြီး Note စီးရီးဖုန်းတွေထဲမှာလည်း အပြည့်စုံဆုံး ဖုန်းတစ်လုံးဆိုရင် မမှားပါဘူး။ အခုတော့ ဖုန်းတွင်း အစိတ်အပိုင်းတစ်ခုရဲ့ ချွတ်ချော် တိမ်းစောင်းမှုတစ်ခုကြောင့် ပေးဆပ်ရတာတွေက များပြားလွန်းလှပါတယ်။ အပြိုင်အဆိုင် ပြေးလွှားနေရချိန်မှာ ကိုယ့်ဘာသာကိုယ် ခြေခေါက်လဲရတယ်ဆိုတဲ့ အခြေအနေကလည်း ဆိုးရွားလွန်းပါတယ်။
ဆမ်ဆောင်းအတွက် S စီးရီးတွေနဲ့ Note စီးရီးတွေက အဆင့်မြင့်ဆုံးနဲ့ အဓိကထုတ်ကုန်တွေ ဖြစ်ပေမယ့် တစ်နှစ်ကို ဒီနှစ်မျိုးရဲ့မျိုးဆက်သစ်အပြင် ကျန်စမတ်ဖုန်းတွေကိုလည်း အလယ်အလတ် အမျိုးအစားပေါင်းများစွာ ထုတ်လုပ်နေတာကြောင့် အာရုံစိုက်မှုမှာ ပြန့်ကျဲနေနိုင်ပါတယ်။
ဒီအခြေအနေမှာ Apple ကတော့ စမတ်ဖုန်းပိုင်းဆိုင်ရာမှာ တစ်နှစ်ကို iPhone မော်ဒယ်သစ် တစ်မျိုးအတွက်ပဲ စဉ်းစားထုတ်လုပ်ပြီး အရေအတွက် သန်းပေါင်းများစွာ ရောင်းချနေတာ ဖြစ်ပါတယ်။
တကယ်တော့ နည်းပညာထုတ်ကုန်သစ်တွေ ထုတ်လုပ်ရတာက ထင်သလောက် မလွယ်ပါဘူး။ ပြိုင်ဆိုင်မှုပြင်းထန်သလို စိန်ခေါ်မှုတွေလည်း များပြားပါတယ်။ Google, Facebook နဲ့ Alibaba တို့လို ဝန်ဆောင်မှု ကုမ္ပဏီတွေက ပိုပြီး အေးဆေးဖြစ်သလိုပါပဲ။ ဒါတောင်မှ နည်းပညာကုမ္ပဏီတွေဆိုတာ တစ်နေ့ရွှေ တစ်နေ့ငွေ ဖြစ်တတ်လွန်းလို့ ဝါရင်းဘတ်ဖတ်တို့လို ရင်းနှီးမြှုုပ်နှံသူတွေတောင် လက်ရှောင်ပါတယ်။ နည်းပညာထုတ်ကုန် ထုတ်လုပ်သူတွေအနေနဲ့ တစ်နှစ်ထက် တစ်နှစ် နည်းပညာသစ်တွေ ပါဝင်နိုင်အောင်၊ ထည့်သွင်းလိုက်တဲ့ နည်းပညာသစ်တွေက တည်ငြိမ်မှုရှိအောင် အမြဲတမ်းလိုလို တီထွင်ကြံဆနေရတာမျိုး ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ အတိမ်းအစောင်း တစ်ခုအတွက် ပေးဆပ်ရမှုတွေက ကြီးမားလွန်းပါတယ်။
အလုံးသစ်တွေ အစားထိုးဝင်ရောက်လာချိန်မှာ အခြေအနေ ဘယ်လိုဖြစ်လာမလဲ။ ဘာပဲပြောပြော ဆမ်ဆောင်းအတွက် Note 7 သင်ခန်းစာက တန်ဖိုးကြီးမားလွန်းတယ်ဆိုတာထက်ကို ပိုပါတယ်။










