ယခုရက်ပိုင်းအတွင်း ကျွန်တော်စာအုပ်တစ်အုပ် ဖတ်ဖြစ်သည်။ ဗြိတိန်နိုင်ငံသား စာရေးဆရာ ဆာအက်ဒဝင်အာနိုး (Sir Edwin Amold) ရေးသော အာရှတိုက်၏ အလင်းရောင် (The Light of Asia) အမည်ရသည့် အင်္ဂလိပ်ဂန္ထဝင် မဟာကဗျာစာအုပ်ဖြစ်ပါသည်။ အဆိုပါစာအုပ်ကို ဆရာမောင်သာနိုး အပါအဝင် စာရေးဆရာသုံးလေးဦး မြန်မာဘာသာသို့ ပြန်ဆိုဖူးပါသည်။ ကျွန်တော်ဖတ်သော စာအုပ်သည် ဆရာညီညီ (ဘောင်တွင်း) မြန်မာ ဘာသာပြန်သည့် စာအုပ်ဖြစ်သည်။ မူရင်းစာအုပ်မှာ ဂေါတမဗုဒ္ဓ၏ ဖြစ်တော်စဉ်ကို အင်္ဂလိပ်ဘာသာဖြင့် သီကုံးဖွဲ့နွဲ့ထားသည့် မဟာကဗျာကြီး (epic.poem) ဖြစ်ပြီး အကြိမ်ပေါင်းများစွာ ရိုက်နှိပ်၊ ဘာသာပေါင်းစုံသို့ ပြန်ဆိုခြင်း ခံရသည့် စာအုပ်လည်းဖြစ်ပါသည်။
စာအုပ်၏ အပိုင်း (၁) ကို သိဒ္ဓတ္ထမင်းသား၏ ငယ်စဉ်ဘဝဖြင့် စဖွင့်ပါသည်။ ထို့နောက် သိဒ္ဓတ္ထမင်းသား တဖြည်းဖြည်း အရွယ်ရောက်လာသည်။ အသက် ၁၈ နှစ် ရောက်သောအခါ ယသော်ဓရာမင်းသမီးနှင့် လက်ဆက်သည်။ ဖခင်သုဒ္ဓေါဒနမင်းကြီးသည် သားတော် တောထွက်မည်စိုးသောကြောင့် သားတော်၏ အနီးအပါးတွင် နာခြင်း၊ အိုခြင်း၊ သေခြင်း၊ ဝမ်းနည်းပူဆွေးခြင်း၊ အနာရောဂါ ရခြင်းနှင့်စပ်လျဉ်းသည့် သတင်းစကားများ မကြားရအောင် စီမံဆောင်ရွက်ထားလေသည်။ သုဒ္ဓေါဒနမင်းကြီးသည် သိဒ္ဓတ္ထမင်းသားနှင့် ယသော်ဓရာမင်းသမီးတို့အား အစစ်အမှန်လောကကြီးနှင့် အဆက်ပြတ်စေရန် အနိဋ္ဌာရုံဟူသမျှ တစိုးတစိမျှ မရှိစေဘဲ ပျော်စရာအတိ ဣဋ္ဌာရုံများနှင့် ပြည့်လျှံစေသော နန်းဥယျာဉ်တစ်ခုကို ဖန်တီးပေးထားလေသည်။ သို့သော် ဘဝအဆက်ဆက် ပါရမီရင့်သန်လာခဲ့သော ဘုရားအလောင်း သိဒ္ဓတ္ထသည် အိပ်မက်ဆန်လှသော မိမိနန်းဥယျာဉ်၏ အခြားတစ်ဖက်မှာရှိသော ပတ်ဝန်းကျင်လောကကို စူးစမ်းချင်နေလေသည်။
ထိုအခါ သားတော်၏ အကြံအစည်ကို ရိပ်မိသောမင်းကြီးသည် 'ရွာဆော်တွေကို လွှတ်၍ မြို့ထဲရွာထဲ မြဲမြဲဆော်သြကြစေ။ ဆူဆူညံညံ မူမမှန်မြင်ကွင်း ငါ့မြို့တွင်းမှာ အလျှင်းမရှိစေရ။ ဒုက္ခိတ အကျိုးအကန်း လမ်းပေါ်မထွက်ရ၊ နာသူ၊ အိုသူ၊ အနူအဝဲများပါ ထွက်မလာစေနှင့်’ဟု မင်းချင်းတို့အား အမိန့်ထုတ်စေလေသည်။ ထို့နောက် သိဒ္ဓတ္ထမင်းသား စနည်းနာမည့်လမ်းတစ်လျှောက်ကို ရေဖျန်း တံမြက်လှည်း အမွှေးနံ့သာ ပန်းမန်အလှအပများဖြင့် တန်ဆာဆင်ထားကြလေသည်။
နောက်တစ်နေ့နံနက် မင်္ဂလာလှည်းယာဉ်စီးကာ မင်းသား ထွက်တော်မူလာသောအခါ ကပ္ပိလဝတ်တစ်ပြည်ထောင်လုံး အလှပဆုံး အခမ်းနားဆုံး ဖြစ်နေပါတော့သည်။ သို့သော် သိဒ္ဓတ္ထမင်းသားက ထိုကဲ့သို့ မွန်းမံပြင်ဆင်ထားမှန်းသိသည်။ သူတကယ်သိချင်သည်က အစစ်အမှန်လောကဖြစ်သည်။ အမှန်တရားကို ဖုံးကွယ်ထားသည့် အတုအယောင်လောက မဟုတ်။ သို့သော် သုဒ္ဓေါဒနမင်းကြီးသည် ပွင့်လင်းမြင်သာမှုမရှိသည့် အလိမ်အညာ ဟန်ဆောင်မှု အမွမ်းအမံများဖြင့် သားတော်အား လှည့်စားခဲ့ချေပြီ။ ထို့ကြောင့် အမှန်တရားကို မြတ်နိုးသည့် သိဒ္ဓတ္ထမင်းသားက ‘ခမည်းတော်မင်းကြီးသည် ကြင်နာသောစိတ်ဖြင့် လမ်းများပေါ်တွင် မနှစ်လိုဖွယ်ရာများနှင့် သာမန်မြင်ကွင်းများကို ကြိုတင်ဖယ်ရှားလျက် ကျွန်တော်ကြည်နူးစေဖို့ သူတို့၏မျက်နှာများကိုလည်း ပျော်ရွှင်မြူးတူးအောင် ဖန်တီးထားခဲ့သည်။ လမ်းမကြီးတစ်လျှောက် မြူးပျော်စရာအတိ ပြည့်နေသည်။ သို့သော်လည်း သည်အရာများသည် ပြည်သူတို့၏ နေ့စဉ်ဘ၀ မှန်မဟုတ်ကြောင်း ကျွန်တော်သိခဲ့ပါပြီ’ ဟု ပြည်လည် လျှောက်တင်လေသည်။
ကပ္ပိလဝတ်ပြည်သူတို့၏ နေ့စဉ်ဘဝမှန်ကို သိလိုသော မင်းသားသည် ‘ကျွန်တော်တို့၏ မြို့တော်ကို မူလပကတိ အရှိအတိုင်း သားတော် သိမြင်လိုပါသည်။ မပြုမပြင် ကြည့်မြင်ပါရစေ ခမည်းတော်’ ဟူ၍ သုဒ္ဓေါဒနမင်းကြီးထံ ခွင့်ပန်တော်မူလေသည်။
သိဒ္ဓတ္ထမင်းသားသည် အပေါ်ယံဗန်းပြ အမြင်ကောင်းရုံသက်သက်မျှနှင့် မိမိစိတ်ကိုလှည့်စားပြီး ကျေနပ်နှစ်သိမ့်တတ်သူမျိုး မဟုတ်။ ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ အမှန်တရားကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ချင်သူမျိုး ဖြစ်သည်။ ဖခင်မင်းကြီးအား သူပြန်လည် လျှောက်တင်ပုံကိုကြည့်ပါ။ ပြည်သူတို့၏ ပကတိဘဝအမှန်ကို သိပါရစေတဲ့။ ‘ပြည်သူတို့၏ လူ့ရွာစခန်း အေးချမ်းသာယာသည်ဆိုလျှင် ကျေနပ်နှစ်သက်စွာ ပြန်လာပါမည်။ ထိုသို့ပေါ်လွင် မမြင်ပါလျှင်လည်း အသိတွင်တစ်မျိုး ပညာ တိုးပါလိမ့်မည်’တဲ့။ ပြည်သူတွေ ချမ်းသာသာ၊ ဆင်းရဲရဲ အမှန်အတိုင်း သူသိချင်သည်။ ပြည်သူတွေချမ်းသာသော် သူ့အတွက် မုဒိတာပွားစရာ။ ပြည်သူတွေဆင်းရဲသော် သူ့အတွက် ပညာပွားစရာ။
ဤသို့ဖြင့် နောက်တစ်နေ့ သိဒ္ဓတ္ထမင်းသား စနည်းနာထွက်သောအခါ ကပ္ပိလဝတ်ပြည်သူတွေ၏ ပကတိဘဝအမှန်ကို သူတွေ့ရပါတော့သည်။ သူသွားရာလမ်းတစ်လျှောက်မှာ စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေကြသော ဈေးသည်၊ ဈေးဝယ်များ၊ ကုန်စည်တွေ တင်လာသောလှည်းများ၊ အထမ်းသမားများ၊ ရေအိုးတစ်ဖက် ကလေးတစ်ဖက်နှင့် အိမ်ရှင်မများ၊ လက်ခတ်သံတညံညံနှင့် ရက်ကန်းရက်နေသူများ။ ကြိတ်ဆုံထောင်းနေသူများ၊ မီးတရဲရဲချွေးတရွှဲရွှဲနှင့် ပန်းပဲထုနေသူများ၊ ကလေးသူငယ်များ၊ ခွေးလေခွေးလွင့်များ၊ နတ်ဝင်သည်များ၊ သူတောင်းစားများ စသည်ဖြင့် လူတန်းစားပေါင်းစုံ ဆင်းရဲသားပေါင်းစုံတို့ ဘဝမျိုးစုံကျင်လည်ကာ အသက်မွေးဝမ်းကျောင်းနေရပုံများကို မျက်ဝါးထင်ထင် မြင်တွေ့ရလေသည်။
ယခင်က နန်းတော်ဧရိယာ တစ်ဝိုက်လောက်ကိုသာ မြင်ဖူးသော သိဒ္ဓတ္ထမင်းသားသည် ယခုမှ ကျယ်ဝန်းသောကမ္ဘာလောကကို မြင်တွေ့ခွင့်ရလေတောသည်။ စမ်းရေစီးသံ၊ သီချင်းသံ၊ စောင်းသံများဖြင့် သာယာခဲ့သော သူ့လောကသည် ယခုမှ လူသံ၊ ပူသံ၊ ဆူညံသံများ ရောပြွမ်းနေသည့် အကအလှ ပသာဒမှာ နစ်ဝင်ပျော်မွေ့ခဲ့သော သူ့မျက်လုံးများသည် ယခုမှ ပြေးလွှား၊ အော်ဟစ်၊ ငိုယို တမ်းတ ဆူညံရှုပ်ထွေးလှသည့် လောကဓံ ပန်းချီကားကို ကြည့်ရှုခွင့်ရတော့သည်။ ဒါသည် အစစ်အမှန်လောက။ အိပ်မက်မဟုတ်။ ဒါသည်တကယ့်ဘဝ။ စိတ်ကူးယဉ်မဟုတ်။ ဒါသည် အမှန်တရား။ အတုအယောင်မဟုတ်။
သိဒ္ဓတ္ထမင်းသား၏ မျက်လုံးရှေ့မှာ ပြည်သူတို့၏ နေ့စဉ်ဘဝမှန်ရှိနေသည်။ လူလိုချင်နေတာလည်း အမှန်တရားဖြစ်သည်။ သူသည် အမှန်တရားကို မြတ်နိုးသူဖြစ်သည်။ ထို့ကြောင့် အမှန်တရားကို ရှာဖွေခဲ့သည်။ အမှန်တရားကို ရှာဖွေသူသည် သတ္တိရှိဖို့လိုသည်။ အဆိုပါသတ္တိသည် အမှန်ကိုရင်ဆိုင်ရဲသည့် သတ္တိဖြစ်သည်။ ‘လုပ်ရဲတာကို သတ္တိဟု ပြောကြသည်။ တကယ်တော့ ခံရဲတာကမှ သတ္တိအစစ်ပါ’ဟု ဗိုလ်ချုပ်အောင်ဆန်းက ပြောဖူးသည်။ အမှန်တရားကို ရှာဖွေသူသည် ခံရဲသောသတ္တိ ရှိဖို့လိုပါသည်။ အမှန်တရား၏ ထိုးနှက်ချက်ကို မတုန်မလှုပ် ရင်ဆိုင်ရဲသည့် သတ္တိမျိုး ရှိထားဖို့လိုပါသည်။ သိဒ္ဓတ္ထမင်းသားကတော့ ပြည်သူတွေ၏ အစစ်အမှန်ဘဝကို ရင်ဆိုင်ကြည့်ရဲသည့် သတ္တိ (ဝါ) ခံရဲသော သတ္တိမျိုး ရှိထားသူဖြစ်ပါသည်။
ယခုခေတ်မှာ ‘ပွင့်လင်းမြင်သာမှု’ ဟူသောစကားကို မကြာခဏ သုံးစွဲနေကြသည်ကို တွေ့ရသည်။ ပွင့်လင်းမြင်သာမှု၏နောက် အဓိပ္ပာယ်တစ်မျိုးမှာ ‘အမှန်တရား’ ဖြစ်ပါသည်။ ပွင့်လင်းမြင်သာမှုမရှိသူသည် အမှန်တရားကို မချပြသူဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည်ဖြင့် အဘယ်အရေးကိစ္စမဆို ပွင့်လင်းမြင်သာမှုက အရေးကြီးသည်။ ‘အစိုးရ’ နှင့် ‘ပြည်သူ’ ကြား ပွင့်လင်းမြင်သာမှု မရှိလျှင် သံသယတွေ ကြီးထွားလာတတ်သည်။ အဆိုပါ သံသယတွေ တစ်စတစ်စ ပွားများ အားကောင်းလာလျှင် တိုင်းပြည်၏ သာယာ အေးချမ်း စည်းလုံး ညီညွှတ်မှုလည်း ပြိုကွဲလာနိုင်ပါသည်။ ထို့အတူ ‘ဆရာ’ နှင့် ‘တပည့်’ ကြား၊ ‘လင်’ နှင့် ‘မယား’ကြား၊ ‘ရောင်းသူ’ နှင့် ‘ဝယ်သူ’ကြား ပွင့်လင်းမြင်သာမှုရှိဖို့ အင်မတန်အရေးကြီးလှပါသည်။ တကယ်တော့ ပွင့်လင်းမြင်သာမှုရှိဖို့ရာ ‘ရိုးသားမှု’က အခရာကျပါသည်။ မိမိတို့၏ ပင်ကိုစိတ်ရင်းက ဖြူစင်ဖြောင့်မတ် ရိုးသားနေဖို့ အရေးကြီးပါသည်။
ပြောရလျှင် ထိုကဲ့သို့ ဖြူစင်ရိုးသား ဖြောင့်မတ်သူများသာ အမှန်တရားကို မြတ်နိုးလေ့ရှိကြပါသည်။ အမှန်တရားကို မြတ်နိုးသူသာလျှင် ‘ပွင့်လင်းမြင်သာမှု’ ရှိပါသည်။ ထို့ကြောင့် ပွင့်လင်းမြင်သာမှုရှိသူများကို ‘အမှန်တရားကို မြတ်နိုးသူများ’ ဟု ခေါ်ဆိုနိုင်ပါသည်။ တကယ်တော့ ဘဝမှာအရေးကြီးဆုံးကလည်း ‘အမှန်တရားကို မြတ်နိုးခြင်း’ ပဲ မဟုတ်ပါလား။










