လိုအပ်နေဆဲ ရုပ်ရှင်ရုံအသစ်များနဲ့ အခက်ကြုံနေရဆဲ ရုပ်ရှင်ပြသမှုစနစ်များ

လိုအပ်နေဆဲ ရုပ်ရှင်ရုံအသစ်များနဲ့ အခက်ကြုံနေရဆဲ ရုပ်ရှင်ပြသမှုစနစ်များ
Published 21 September 2016
လင်းလင်းခိုင်

 
အခုနှစ်ပိုင်းတွေမှာ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှုတွေ အဆမတန် များပြားလာပေမယ့် ပြသစရာ ရုပ်ရှင်ရုံကတော့ လိုအပ်ချက်တွေ များပြားနေဆဲပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းက ရုပ်ရှင်ရုံအများအပြားကို ပုဂ္ဂလိက ပိုင်အနေနဲ့ လွဲှပြောင်းရောင်းချခဲ့ပြီး အရောင်းစာချုပ် ချုပ်ဆိုစဉ်မှာ အနည်းဆုံး ရုပ်ရှင်ရုံတစ်ရုံ ထည့်သွင်း တည်ဆောက်ရမယ်လို့ ချုပ်ဆိုခဲ့ကြပေမယ့် လက်တွေ့မှာတော့ ရုပ်ရှင်ရုံအသေးစား မည်ကာမတ္တလောက်သာ ထည့်သွင်းပြီး တခြားသော စီးပွားရေးလုပ်ငန်းတွေကိုသာ မြေနေရာရယူ လုပ်ကိုင်မှုတွေ များပြားခဲ့ပါတယ်။ ဒါကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာမှာ ရုပ်ရှင်ကြည့်ရှုနိုင်တဲ့ ပိတ်ကားအရေအတွက် ၇၀ ဝန်းကျင်၊ ရုံအနေနဲ့ဆိုရင် ၅၀ ဝန်းကျင်လောက်သာ ကျန်ရှိနေပါတော့တယ်။
 
ဇာတ်ကားရိုက်ကူးမှု အချိုးအဆကို ပြန်ကြည့်မယ်ဆိုရင်တော့ တစ်လကို အနည်းဆုံး ငါးကားကနေ ခုနစ်ကားနှုန်းအထိ ရိုက်ကူးနေတာကြောင့် တစ်နှစ်ကို ဇာတ်ကား ၆၀ ကျော်လောက် ရိုက်ကူးနေကြတဲ့ အနေအထားပါ။ ဒီအတွက် ပြသစရာ ရုံအခက်အခဲက အရေးပေါ်ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်လာပါတယ်။ ဒီအချိန်မှာပဲ မြန်မာနိုင်ငံတစ်ဝန်းက ရုပ်ရှင်ရုံ လုံးဝမရှိတော့တဲ့ မြို့ကြီးတွေမှာ၊ ရုပ်ရှင်ရုံနည်းပါးတဲ့ မြို့တွေမှာ ရုပ်ရှင်ရုံတွေ တည်ဆောက်ပြသဖို့ ရုပ်ရှင်ရုံလုပ်ငန်းရှင်တွေက စီစဉ်လာခဲ့ကြပါတယ်။ နိုင်ငံတကာကလည်း မြန်မာနိုင်ငံရဲ့ ရုပ်ရှင်ရုံတည်ဆောက်မှု ဈေးကွက်မှာ ပါဝင်နိုင်ဖို့အတွက် လေ့လာစူးစမ်းမှုတွေ ပြုလုပ်လာခဲ့ကြပါတယ်။
 
“ကျွန်တော်တို့ ရုပ်ရှင်လောကရဲ့ အဓိက လိုအပ်နေတဲ့ အခက်အခဲက ရုပ်ရှင်ရုံနည်းပါးမှုပြဿနာပါ။ ပြစရာ ရုံမရှိတဲ့အတွက် ရုပ်ရှင်လောကရဲ့အခြေအနေက ယိုင်နဲ့ကျဆင်းနေတာပါ။ တချို့မြို့ကြီးတွေဆိုရင် လူနေထူထပ်တဲ့ မြို့တွေဖြစ်ပေမယ့် ရုပ်ရှင်ရုံ တစ်ရုံမှ ကြည့်စရာမရှိဘူး။ ဒီလိုအခြေအနေမျိုးတွေ ဖြစ်နေတာ ဝမ်းနည်းစရာကောင်းပါတယ်။ ဒါကိုဖြေရှင်းနိုင်ဖို့ တစ်ဖက်တစ်လမ်းက ကြိုးပမ်းတဲ့အနေနဲ့ ရုပ်ရှင်ရုံတွေကို တည်ဆောက်ဖွင့်လှစ်နိုင်ဖို့ ကြိုးပမ်းတာပါ။ ရုပ်ရှင်ရုံ လုံးဝမရှိသေးတဲ့ မြို့ကြီးတွေမှာ ဦးစားပေး ဖွင့်လှစ်ပြသသွားပါမယ်။ ရုပ်ရှင်ရုံရှိပြီးသား ဆိုပေမယ့် နည်းပါးတဲ့ မြို့တွေမှာလည်း ထပ်မံ တည်ဆောက်ပြသနိုင်ဖို့ကို ကြိုးစားသွားပါမယ်။ ပြသမယ့် ဇာတ်ကားတွေကိုလည်း ရုပ်ရှင်ရုံအနေနဲ့ ရွေးချယ်ညှိနှိုင်းပြီး ပြသသွားမှာပါ။ လတ်တလောကြုံတွေ့နေရတဲ့ ရုပ်ရှင်ရုံလောကရဲ့ ရုပ်ရှင်ရုံလိုအပ်ချက်ကို အတိုင်းအတာတစ်ခုအထိ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ Maze Company မှ သရုပ်ဆောင် အကယ်ဒမီလွင်မိုးက ဆိုပါတယ်။
 
အကယ်ဒမီ ဒါရိုက်တာဝိုင်းကလည်း “ရုပ်ရှင်ရုံတွေ နည်းပါးတဲ့ပြဿနာကို ဦးစားပေးဖြေရှင်းရမယ်။ ပြီးရင် လက်မှတ်ရောင်းချမှုကို ကွန်ပျူတာစနစ်နဲ့ အစအဆုံး ထိန်းချုပ်ထားနိုင်တဲ့ စနစ်ကို ပြောင်းလဲကျင့်သုံးနိုင်ဖို့ လိုတယ်။ ဒါမှလည်း ရုပ်ရှင်ဇာတ်ကား တစ်ကားရဲ့ ဝင်ငွေအနေအထား၊ ပရိသတ်အခြေအနေကို မှန်ကန်စွာ သိနိုင်မှာပါ။ ဒီလို ကွန်ပျူတာစနစ်နဲ့ စနစ်တကျ ထိန်းချုပ်နိုင်ပြီဆိုရင် ပြသနိုင်မယ့် ရက်သတ္တပတ် ဆုံးဖြတ်မှုကအစ အတိအကျဆုံးဖြတ်နိုင်မယ်။ အခွန်ထမ်းဆောင်ဖို့အတွက်လည်း တိကျတဲ့ ကိန်းဂဏန်းတွေ ထွက်ပေါ်လာလိမ့်မယ်။ ဒီလိုအဘက်ဘက်က ပြု ပြင်မှုတွေ ဖြစ်ပေါ်လာပါလိမ့်မယ်”လို့ သုံးသပ်ထားပါတယ်။ 
 
ဒါတွေကတော့ လက်ရှိ ရုပ်ရှင်လောကအတွင်းက ရုပ်ရှင်ရုံနည်းပါးမှုပြဿနာကို အဖြေရှာဖို့ ကြိုးပမ်းဆောင်ရွက်နေမှုတွေနဲ့ လတ်တလော ကြိုးပမ်းနေမှု အခြေအနေတွေပါ။ ၂၀၁၃ ခုနှစ်နှောင်းပိုင်းကစလို့ မြန်မာနိုင်ငံ တစ်ဝန်းက ရုပ်ရှင်ရုံတွေကို ဒစ်ဂျစ်တယ်စနစ် ပြောင်းလဲပြသနိုင်ဖို့ ကြိုးပမ်းခဲ့သလို အခုချိန်မှာတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဒစ်ဂျစ်တယ်စနစ် ပြောင်းလဲပြသနေပါပြီ။ မြန်မာ့ရုပ်ရှင်ဈေးကွက်ရဲ့ လိုအပ်ချက်တစ်ခု ဖြစ်တဲ့ ရုပ်ရှင်ရုံတွေကို နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူအချို့ကလည်း ပူးပေါင်းပါဝင် တည်ဆောက်ဖို့ လေ့လာပြင်ဆင်နေမှုအချို့လည်း ရှိနေပြန်ပါတယ်။
 
ရုပ်ရှင်လောကအနေနဲ့ နောက်ထပ် ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတစ်ခုကတော့ ရုံတင်ပြသစနစ်ပဲ ဖြစ်ပါတယ်။ ရုံပိုင်ရှင်တွေနဲ့ ဇာတ်ကားထုတ်လုပ်သူတွေ ညှိနှိုင်း ဆုံးဖြတ်ထားကြတဲ့ စနစ်တစ်ခုကို အသုံးပြုပြသနေကြတာဖြစ်ပြီး ဇာတ်ကားတွေကို တန်းစီပြသစနစ်နဲ့ ရုံတင်နေကြရတာပါ။ ဒီလိုပြသရာမှာလည်း ဝင်ငွေအရ အားထားရတဲ့ ရုံအုပ်စုဖြစ်တဲ့ မင်္ဂလာ ရုပ်ရှင်ရုံအုပ်စုကို ဦးစားပေး ပြသစေရတာပါ။ ရုံပိုင်ရှင်နဲ့ ထုတ်လုပ်သူတို့အတွက် ဝင်ငွေ ခွဲဝေမှု အချိုးအစားတစ်ခုကိုလည်း သတ်မှတ်ထားကြပါတယ်။ ဒီလို အသားကျ ကျင့်သုံးလာခဲ့တဲ့ ရုံတင်ပြသစနစ်ကို ပြောင်းလဲစေလိုတဲ့ ရုပ်ရှင်လောကသားတွေ ရှိနေပေမယ့်လည်း အကောင်အထည် ပေါ်မလာခဲ့ပါဘူး။ ၂၀၁၆ နှစ်ဆန်းမှာA Channel နဲ့ B Channel ခွဲပြီး အပြိုင်ပြသဖို့အတွက် စမ်းသပ်ဇာတ်ကား သုံးကားစီ ရွေးချယ်ပြသခဲ့ကြပါတယ်။ ဒီဇာတ်ကား သုံးကားစီ ပြသအပြီးမှာတော့ အရင်ကျင့်သုံးခဲ့တဲ့ တန်းစီစနစ်ဟောင်းကိုပဲ ပြန်လည်ကျင့်သုံးသွားဖို့ ထုတ်လုပ်သူတွေနဲ့ ရုံပိုင်ရှင်တွေ ညှိနှိုင်းဆုံးဖြတ်ခဲ့ကြ ပြန်ပါတယ်။ ဒီနေရာမှာ တန်းစီစနစ်အရ မစောင့်လိုသူတွေအတွက်တော့ မိမိတို့ ဇာတ်ကားကို B Channel မှာ ပြသခွင့်ရဖို့ ရုံပိုင်ရှင်တွေနဲ့ ညှိနှိုင်းဖို့လိုအပ်ပြီး ရုံပိုင်ရှင်တွေ သဘောတူခွင့်ပြုမှပဲ ပြသခွင့် ရရှိမှာပါ။ ဒီလို ပြသနိုင်ရင်လည်း ဝင်ငွေအချိုးအစား ခွဲခြားသတ်မှတ်မှုက ပုံစံခွဲခြား သတ်မှတ်ထားပါသေးတယ်။ ဒီအခြေအနေတွေကို သဘောတူ လက်ခံပြီးမှပဲ B Channel မှာ မိမိတို့ဇာတ်ကားကို ပြသခွင့် ရရှိမှာပါ။
 
ဆိုခဲ့တဲ့ အချက်တွေအရ ဇာတ်ကားတစ်ကား စတင်ရိုက်ကူးချိန်ကနေ ပြသချိန် ကြားကာလဟာ အနည်းဆုံး နှစ်နှစ်ကနေ လေးနှစ်အထိ ကြာမြင့်နိုင်တာကြောင့် ဇာတ်ကား စတင်ရိုက်ကူးချိန်က မင်းသားသစ် မင်းသမီးသစ် တစ်ယောက်ဟာ ဇာတ်ကားပြသချိန်မှာ အောင်မြင်ပြီး သရုပ်ဆောင် တစ်ယောက်ဖြစ်နေနိုင်သလို ဇာတ်ကားရိုက်ကူးချိန်မှာ အောင်မြင်တဲ့ သရုပ်ဆောင် တစ်ယောက်အတွက်လည်း ရုံတင်ပြသချိန်မှာ နာမည်ကျသွားတဲ့ အခြေအနေမျိုးတွေ ဖြစ်နေနိုင်ပါတယ်။ ဒါ့အပြင် ဇာတ်လမ်းအနေအထား၊ ဇာတ်ဝင်ခန်း အဝတ်အစား၊ စကားပြောဆို သုံးနှုန်းမှုအပါအဝင် အချက်အလက်တချို့ကလည်း ရုံတင်ပြသဖို့ အချိန်စောင့်ဆိုင်းရမှုနဲ့အတူ မသစ်လွင်တော့တဲ့ အနေအထားမျိုးတွေ ရှိနေပြန်ပါတယ်။ ဒီလိုအခြေအနေတွေကို အဖြေရှာဖို့အတွက် ရုံတင်ပြသမှုစနစ်ကို ပြန်လည်ညှိနှိုင်း ပြင်ဆင်ကြရတော့မှာပါ။ 
 
လက်ရှိ အခြေအနေမှာတော့ အရေအတွက် နည်းပါးနေဆဲ ရုပ်ရှင်ရုံတွေနေရာမှာ အစားထိုးဖြည့်ဆည်းနိုင်မယ့် ရုပ်ရှင်ရုံတွေက အလျင်အမြန် လိုအပ်နေပါတယ်။ ဒါ့အပြင် မှန်ကန်တဲ့ နည်းစနစ်တစ်ခုနဲ့ ပြောင်းလဲကျင့်သုံးမယ့် ရုပ်ရှင်ပြသမှုစနစ် တစ်ခုပေါ်ထွက်လာဖို့လည်း အရေးတကြီး လိုအပ်နေပြန်ပါတယ်။ ရုပ်ရှင်ရုံတွေ တည်ဆောက်ဖွင့်လှစ်ဖို့၊ ပြသမှုစနစ်တွေ ပြုပြင်ဖို့ ဆွေးနွေးကြံဆောင်မှုတွေတော့ လက်တွေ့ လုပ်ဆောင်နေကြပါပြီ။ အမြန်ဆုံး အကောင်အထည်ဖော်နိုင်မလား ဆိုတာကိုတော့ မျှော်လင့်စောင့်စားကြရုံပါပဲ။
 

Most Read

Most Recent