ကျောင်းဖတ်စာအုပ်ထဲက ရေသံသရာ

ကျောင်းဖတ်စာအုပ်ထဲက ရေသံသရာ
Published 21 September 2016
ကျော်ဦး

ကမောက်ကမ ဖောက်ပြန်နေသော ကမ္ဘာ့ရာသီတု ပြောင်းလဲခြင်းဖြစ်စဉ်၌ ရေ၏ ကဏ္ဍသည် ရှေ့တန်းမှ ပါဝင်နေသည်။ ရာသီဥတု ပြောင်းလဲခြင်း၏ အကျိုးဆက်ကြောင့် မုန်တိုင်းများ ပြင်းထန်လာ၊ အချို့နေရာများတွင် မိုးပိုလာသဖြင့် ရေလွှမ်းမိုး၊ အချို့ဒေသများတွင်မူ ပို၍မိုးခေါင်၊ ပင်လယ်ရေပြင် မြင့်တက်လာ၊ မြေအောက်ရေပြင် နိမ့်ကျလာ စသည့် ရေနှင့်ယှက်နွှယ်သော ဖြစ်ရပ်များသည် စီးပွားရေး၊ လူနေမှုဘဝ၊ သဘာဝပတ်ဝန်းကျင် စသည်တို့ကို ကြီးစွာသက်ရောက်မှု ရှိနေသည်။
ကမ္ဘာပေါ်ရှိ လူသားအားလုံး၏ လေးပုံ တစ်ပုံနီးနီးဖြစ်သော လူပေါင်းသန်း ၁၆၀၀ တို့သည် ရေလုံလောက်စွာ မရသော နိုင်ငံတို့ တွင် နေထိုင်နေကြသည်။ လူဦးရေများလာ၊ ရေအသုံးတိုးလာသဖြင့် လာမည့်နှစ်ပေါင်း ၂၀ ခန့်အကြာတွင် အဆိုပါ အရေအတွက် သည် နှစ်ဆခန့်တိုးလာနိုင်သည်။ ရာသီဥတု ပြောင်းလဲမှုက ယင်းပြဿနာကို ပို၍ဆိုးရွား လာစေလိမ့်မည်။ ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ပါဝင်ဆွေးနွေးခဲ့ကြသော ပညာရှင်ပေါင်း ၉၀၀ ခန့်က ကမ္ဘာ့စီးပွားရေးနှင့် လူမှုရေးတည် ငြိမ်မှုတို့ကို ခြိမ်းခြောက်နေသည့် ကဏ္ဍနှစ်ခုမှာ ရေအခက်အခဲနှင့် ရာသီဥတု ပြောင်းလဲမှုတို့ ဖြစ်ကြောင်း ထောက်ပြခဲ့ကြသည်။
အစဉ်တိုးလာနေသော ရေလိုအပ်ချက်ကို မည်သည့်အခါမျှ မပြောင်းမလဲဘဲ ပုံသေရှိ နေသော ရေပမာဏဖြင့် မည်သို့ဖြည့်ဆည်း ကြမည်နည်း။ ရေ၊ စွမ်းအင်၊ စားနပ်ရိက္ခာ၊ မြို့ပြဖွံ့ဖြိုးမှုနှင့် သဘာဝပတ်ဝန်းကျင်တို့ သည် တစ်မျိုးနှင့်တစ်မျိုး သီးခြားခွာထုတ်ဖြေ ရှင်း၍ မဖြစ်နိုင်လောက်အောင်ဆက်နွှယ်နေ ကြခြင်းက ရေပြဿနာကို ကိုင်တွယ်နေသော ပညာရှင်တို့အတွက် ကြီးမားသော အခက်အ ခဲ ဖြစ်သည်။
ရေလိုအပ်ချက်ကို ဖြေရှင်းရန် သဘာ၀ အလျောက် ဖြစ်ပေါ်နေသော ရေသံသရာကို ဦးစွာနားလည်ရန် လိုအပ်သည်။ ပင်လယ် သမုဒ္ဒရာထဲမှ ရေတို့အငွေ့ပျံ၍ လေထုထဲ ရောက်၊ လေထဲမှ ရေငွေ့တို့ စုဖွဲ့ကာ မြေပြင် ရေပြင်ပေါ် ပြန်ကျ၊ အချို့ရေများ မြေအောက် စိမ့်ဝင်ကာ မြေအောက်ရေအဖြစ် နှစ်ပေါင်း များစွာ တည်နေ၊ မြေပြင်ရေပြင်မှ ရေများ အငွေ့ပျံ၍လည်းကောင်း၊ မြေဆီလွှာထဲမှ ရေများကို အပင်တို့က စုပ်ယူအသုံးချပြီး ပြန် လည်ထုတ်လွှတ်ခြင်းဖြင့်လည်းကောင်း ရေ ငွေ့များ လေထဲပြန်ရောက်၊ မြေပေါ်မှ ရေများ နောက်ဆုံးတွင် ပင်လယ်ထဲ ပြန်စီးဝင်၊ ပင် လယ်ရေများ အငွေ့ပျံ၍ လေထဲပြန်ရောက် စသဖြင့် အစဉ်လှုပ်ရှား လည်ပတ်နေခြင်းကို ရေသံသရာဟု ခေါ်သည်။
ရေသံသရာသည် ယင်းဖြစ်စဉ်အတိုင်း နှစ်ထောင်ပေါင်းများစွာ ပုံမှန်လည်ပတ်နေ ခဲ့၍ ကမ္ဘာပေါ်တွင် စိုစွတ်စိမ်းစိုသည့်နေရာ များ၊ ခြောက်သွေ့သည့်ဒေသများ၊ အေးမြ သောရာသီဥတုကို ပိုင်ဆိုင်သည့် နယ်မြေများ၊ ရေခဲပြင် ရေခဲမြစ်များ စသည်ဖြင့် သူ့နေရာ နှင့်သူ ကဏ္ဍခွဲခြားတည်ရှိကာ ကမ္ဘာကြီးကို တစ်မျိုးစီ အလှဆင်ခဲ့ကြသည်။ နေရာဒေသ အသီးသီးရှိ မြေပြင်ရေပြင်နှင့် လူအပါအဝင် သက်ရှိတို့သည် ဆိုင်ရာပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေသော လူနေမှုဘဝများအတိုင်း နေထိုင်ရှင်သန်ခဲ့ကြသည်။ ဘိုးဘွားစဉ်ဆက်မှသည် မိမိတို့လက်ထက်တိုင် ဤတော ဤတောင်၊ ဤရေဤမြေ၊ ဤရာသီဥတု၊ ဤ သီးနှံစပါးစသည်တို့နှင့်သာ နိစ္စဓူဝအကျွမ်း ဝင်အဆင်ပြေနေသည့် မိမိတို့၏ ပုံမှန်ဘဝသည် ရေသံသရာ ပုံမှန်လည်ပတ်နေမှုကြောင့် ဖြစ်သည်ဆိုသော အချက်ကို သတိမမူမိခဲ့ကြချေ။ ရေသံသရာ အကြောင်းကို အလယ်တန်း ကတည်းက သင်ကြားခဲ့ကြရသော်လည်း ယင်း၏အရေးပါပုံကို ဂရုမပြုကြဘဲ ကျောင်းဖတ်စာအုပ် ထဲတွင်သာ မေ့မေ့ပျောက်ပျောက် ထားရစ်ခဲ့ကြသည်။
အသုံးအဆောင်၊ စက်ကိရိယာ၊ အိုးအိမ် စသည်တို့ကို ရေရှည်တည်တံ့စေလိုလျှင် ယင်း တို့ကို မထိခိုက် မပျက်စီးရအောင် ဂရုတစိုက် ထိန်းသိမ်းစောင့်ရှောက်ရသေးရာ ယင်းတို့ ထက် အဆပေါင်းများစွာ ကြီးမားကျယ်ပြော ရှုပ်ထွေးသော သဘာဝဖြစ်စဉ်များကို ပုံမှန်မှ မဖောက်ပြန် မသွေဖည်အောင် အဆပေါင်း များစွာ အားထုတ်စောင့်ရှောက်နိုင်မှ တော်ကာကျမည်။ ထိုသို့ အားထုတ်ရန် ပျက်ကွက် လျှင် သဘာ၀ ဖြစ်စဉ်များသည် လောက ဓမ္မတာအတိုင်း ယိုယွင်းလာမည်သာ ဖြစ်သည်။
သဘာဝဖြစ်စဉ် တစ်ခုဖြစ်သော ရေသံသရာ လည်ပတ်မှုသည် လူတို့ ပယောဂကြောင့် ဖြစ်သော လေထုအပူချိန် မြင့်တက်လာခြင်း၏ အကျိုးဆက်အဖြစ် ပုံမှန်မဟုတ်တော့ဘဲ မိုးနှင့် ဆီးနှင်းကျမှု၊ မုန်တိုင်းတိုက်မှု စသည်တို့ ဖောက်ပြန်သွေဖည် လာနေသည်။
မိုးရွာခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်းတို့သည် ရေသံသရာ စက်ဝိုင်း၏ အစိတ်အပိုင်း တစ်ခုဖြစ်သော ပင်လယ်ရေငွေ့ပျံခြင်းမှ အစ ပြုသည်။ ကမ္ဘာ့လေထု၏အပူသည် ရေထုသို့ ကူးစက်စိမ့်ဝင်သဖြင့် ပင်လယ်ရေအငွေ့ပျံသည်။ ပင်လယ်ရေပြင်မှ ပျံတက်လာသော ရေငွေ့မော်လီကျူးများထဲတွင် အပူဓာတ်ပါ ခိုအောင်းလိုက်ပါလာသည်။ အပူသည် အင်အားတစ်မျိုးဖြစ်ကြောင်း မီးဖိုပေါ်ရှိ ရေနွေးအိုးကိုကြည့်၍ သိနိုင်သည်။ တည်စက အပူဓာတ်နည်းသဖြင့် ထွက်လာသော ရေငွေ့များသည် လှုပ်ရှားမှု နည်းသေးသော်လည်း ပို၍ပူလာသည်နှင့်အမျှ ရေနွေးငွေ့များ အရှိန်ပြင်းပြင်းဖြင့် ထွက်လာသည်။ ထိုနည်းအတိုင်းပင် ပို၍ပူလာသော ကမ္ဘာ့လေထုကြောင့် ရေထုလည်း ပို၍ပူလာကာ ပျံတက်လာသော ရေငွေ့များသည်လည်း ပို၍အားကောင်းကြသဖြင့် ပြင်းထန်သော မုန်တိုင်းများ မကြာခဏ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
လတ်တလောနှစ်များ၌ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော ရေကြီးရေလျှံမှုများ၏ အကြောင်းများစွာ အနက်တစ်ခုမှာ ပိုပူလာသော ပင်လယ်ရေမှ ပေါက်ဖွားလာသော မုန်တိုင်းများကြောင့် ဖြစ်သည်။ မြန်မာနိုင်ငံကဲ့သို့ ရေကြီးရေလျှံဘေးနှင့် ရင်ဆိုင်ရမည့် ဒေသများမှာ တောင်နှင့် အရှေ့တောင်အာရှ၊ အာဖရိက အရှေ့ပိုင်း၊ အလယ်ပိုင်းနှင့် အနောက်ပိုင်းနိုင်ငံများ၊ တောင်အမေရိက၊ ဥရောပနှင့် အာရှတိုက် ပေါင်းစပ်ကုန်းမြေ၏ အရှေ့မြောက်ပိုင်းတို့ ဖြစ်ကြသည်။
ပြင်းထန်လာသော မုန်တိုင်းများအပြင် ပင်လယ်ရေပြင် မြင့်တက်လာခြင်းကြောင့် ရေဘေးနှင့်ကြုံရမည့် ဒေသများမှာ အမေရိ ကတိုက်အရှေ့ပိုင်း၊ အရှေ့အာရှနှင့် ပစိဖိတ် သမုဒ္ဒရာတွင်းနယ်မြေရှိ ကမ်းရိုးတန်းများ ဖြစ်သည်။ ပင်လယ်ရေပြင် မြင့်လာခြင်းသည် ရေသံသရာ၏ အစိတ်အပိုင်း တစ်ခုဖြစ်သော ရေခဲပြင်နှင့် ရေခဲမြစ်များ အရည်ပျော်ကာ ပင်လယ်တွင်းသို့ ပို၍စီးဝင်လာသောကြောင့် ဖြစ်သည်။ တောင်ထိပ်ရေခဲပြင်၊ ဝင်ရိုးစွန်း နှစ်ခုရှိ ရေခဲပြင်များ၊ တစ်နှစ်ပတ်လုံး အမြဲခဲ နေသောဆီးနှင်းထုတို့၏ စုစုပေါင်းထုထည် သည် ကုဗမိုင် ၅၈၀၀၀၀၀ မျှရှိသည်။ ဝင်ရိုးစွန်းရေခဲပြင်များ အရည်ပျော်ကာ မြင့်တက်လာသော ပင်လယ်ရေပြင်ကြောင့် အပျက်အစီးများမည့် မြို့ကြီးများမှာ တရုတ်နိုင်ငံ ကွမ်ကျိုး၊ ရှန်ကျန်း၊ အမေရိကန်နိုင်ငံ ဘော်စ တွန်၊ နယူးယောက်၊ မိုင်ယာမီ၊ တင်ပါ၊ နယူး အော်လင်း၊ ဂျပန်နိုင်ငံ နာဂိုယာ၊ အိုဆာကာ နှင့် အိန္ဒိယနိုင်ငံ မွန်ဘိုင်းတို့ ဖြစ်သည်။ ကီရီ ဘာတီ၊ မော်လ်ဒိုက်၊ ဖီဂျီ၊ ပါလော၊ မိုက်ခရိုနီး ရှား၊ ကိပ်ဗာ့ဒ်၊ ဆော်လမွန်ကျွန်းတို့သည် ပင် လယ်ရေ အနည်းနှင့်အများ ဖုံးလွှမ်းခံရမည့် ကျွန်းများ ဖြစ်ကြသည်။
ပင်လယ်ရေပြင် မြင့်တက်လာခြင်း၏ အခြားသက်ရောက်မှုမှာ ဧရာဝတီကဲ့သို့သော ရေချိုမြစ်ချောင်းများထဲသို့ ရေငန်ထိုးဖောက်လာခြင်း ဖြစ်သည်။ ရေငန်တိုးဝင်ခြင်းခံရသော ဒေသများရှိ မြို့ရွာများ၏ သောက်သုံးရေနှင့် စိုက်ပျိုးရေအတွက်ပါ အခက်တွေ့ လာစရာရှိသည်။
ဝင်ရိုးစွန်းရေခဲပြင် အရည်ပျော်၍ ကမ်းရိုးတန်းနယ်မြေများ ပင်လယ်ရေ အလွှမ်းခံရမည့် အန္တရာယ်ကဲ့သို့ တောင်ထိပ်ရေခဲပြင်များ အရည်ပျော်ခြင်းကြောင့် မြစ်ကြီးအချို့တွင် ရေစီးနည်းလာမည့် ပြဿနာလည်း ရှိနေသည်။ ပုံမှန်အချိန်တွင် ရေခဲပြင်နှင့် ရေခဲမြစ်တို့၏ သဘောမှာ ဆောင်းအခါ ကျလာသော ဆီးနှင်းများကြောင့် အရွယ်အစား ကြီးထွားလာလိုက်၊ နွေအခါ အရည်ပျော်၍ ကျုံ့ဝင် သေးငယ်သွားလိုက်၊ တစ်ဖန်ဆောင်းရောက်လျှင် မူလအရွယ် ပြန်ရောက်လိုက်နှင့် သံသရာလည်နေသည်။ ကမ္ဘာ့ရေသံသရာထဲမှ သံသရာ အငယ်စားကလေး တစ်ခုဖြစ်သည်။ ပို၍ ပူနွေးလာနေသော ကမ္ဘာတွင်မူ ရေခဲပြင်များ၏ နွေအခါ အရည်ပျော်နှုန်းကို ဆောင်းအခါ ကျသော ဆီးနှင်းပမာဏက ပြန်ဖြည့်ပေး၍ မနိုင်တော့သဖြင့် ရေခဲပြင် အများအပြား၏ အရွယ်အစားသည် တဖြည်းဖြည်း ကျုံ့ဝင်သေးငယ်လာနေသည်။ ယင်းရေခဲပြင်များ စီးဝင်နေသော မြစ်တို့၌ မဝေးလှသော အချိန်တွင် ရေသိသာစွာ လျော့နည်းတော့မည်။
၂၀၀၇ ခုနှစ်က ထုတ်ပြန်ခဲ့သော ဆွစ်ပညာရှင်တို့၏ အဆိုအရ တောင်ထိပ်ရေခဲပြင်များ၏ အရည်ပျော်နှုန်းသည် ယခင်ဆယ်စုနှစ်များထက် နှစ်ဆမြန်ဆန် လာနေသည်။ တောင်အမေရိက အင်းဒီးစ်တောင်တန်း၊ မြောက်အမေရိက ရော့ကီးတောင်တန်း၊ ဥရောပ အဲလ်ပ်တောင်တန်း၊ အာရှ ဟိမဝန္တာ တောင်တန်းတို့ရှိ ရေခဲပြင် ရေခဲမြစ်အားလုံး အရည်ပျော်နှုန်း မြန်ဆန်နေကြရာ အာရှတွင် အဆိုးဆုံ ဖြစ်သည်။ ယခုကပင် စတင်၍ အရည်ပိုပျော်လာနေသည့် ဟိမဝန္တာနှင့်ဟင်ဒူ ကွတ်ရှ်တောင်တန်းများပေါ်ရှိ ရေခဲမြစ် ပေါင်း ၅၅၀၀ ခန့်အနက် အချို့သည် ၂၁၀၀ ခုနှစ်အရောက်တွင် လုံးဝပျောက်သည်က ပျောက်၊ အရွယ်အစား သိသာစွာ ကျုံ့သည်က ကျုံ့ဝင်သွားတော့မည်။
ဟိမဝန္တာနှင့် ဟင်ဒူကွတ်ရှ်တောင်ထိပ် ရေခဲပြင်များမှ ရေများသည် အိန္ဒုမြစ်၊ ဂင်္ဂါ မြစ်၊ မြစ်ဝါမြစ်၊ ယန်စီမြစ်တို့အပြင် ဧရာဝတီ နှင့် သံလွင်တို့သို့ပါစီးဝင်ရာ ရေခဲပြင်များ ပိုမို အရည်ပျော်နေသဖြင့် ယင်းမြစ်များ၏ ရေစီး ပမာဏသည် နွေအခါ၌များနေသေးသော် လည်း ကျုံ့ဝင်လာသောရေခဲပြင်များနှင့်အတူ ရေစီးလျော့နည်း လာတော့မည်။
ကမ္ဘာ့မြစ်ဝှမ်းဒေသ ၂၃၅ ခု၏ ရေစီးရေ လာများကို ပုံမှန်အချိန်၊ မိုးများချိန်၊ မိုးပြတ် ချိန်များ၌ တိုင်းတာလေ့လာချက်အရ ပြောင်းလဲလာသော ရာသီဥတုကြောင့် မြစ်ဝှမ်းအချို့၏ ရေစီးပမာဏ လျော့နည်း လာလျက်ရှိကြောင်း ဖော်ပြနေသည်။ အရှေ့အာရှ (တရုတ် မပါ)၊ ဥရောပအနောက်ပိုင်း၊ မြောက်အမေရိကတို့တွင် မိုးမှန်နေ၍ ရေစီးပမာဏ မပြောင်းသော်လည်း လက်ရှိတွင်ပင် ရေစီးနည်းနေသည့် အရှေ့အလယ်ပိုင်းနေရာ အများစု၊ အာဖရိကမြောက်ပိုင်း၊ ဗဟိုအာရှနှင့် အမေရိကန် နိုင်ငံအလယ်ပိုင်းတို့၌ ရေစီးသည် အနာဂတ်တွင် ပို၍နည်းသွားမည်။
မိုးရေသက်သက်သုံး စိုက်ခင်းများမှ ထွက် ကုန်ပမာဏသည် ဂျီဒီပီ၏ လေးပုံတစ်ပုံမျှ ရှိနေပြီး ဒေသလူဦးရေ၏ ရာခိုင်နှုန်း ၇၀ ၏ ဝမ်းရေးကို ဖြည့်တင်းပေးနေသည့် ဆာဟာရ သဲကန္တာရအစပ် ဒေသနိုင်ငံများ၊ ကျေးလက် အခြေပြုစီးပွားရေးနှင့် ဆည်မြောင်းရေသွယ် စနစ်သုံးစိုက်ခင်း အများအပြားရှိသော တောင်အာရှ ဒေသတို့သည် ရာသီဥတု ပြောင်းလဲမှုနှင့် ရေရှားမှု၏ ဒဏ်များကို ခံရဖွယ်ရှိသည်။ ဓနအင်အား မကြွယ်ဝသည့်အပြင် အခြေခံအဆောက်အအုံများ အရည်အသွေးမမီသော ဥရောပတိုက် အရှေ့ပိုင်းနှင့် ဗဟိုအာရှတို့တွင် ရေရှား၍ သဲကန္တာရ ပြန့်ကားလာနေခြင်း၊ ရံခါရေလွှမ်းမိုးခြင်း စသည်တို့ကို ရင်ဆိုင်ရ မည်။
တိုးတက်နေသောလူဦးရေ၊ ရေအသုံးများလာသော လူနေမှုစနစ်တို့ကို အမီလိုက် ရေးအတွက် ရေထုတ်ယူမှု ဆက်၍တိုးလာနေရာတောင် အာရှဒေသ တစ်ခုလုံး၊ အရှေ့အ လယ်ပိုင်းဒေသနှင့် မြောက်အမေရိကတို့၌ ထုတ်ယူသုံးစွဲသော ရေပမာဏသည်ရှိသော ရေအရင်းအမြစ် ပမာဏနှင့် ညီမျှနေသည်၊ သို့မဟုတ် အနည်းငယ်ကျော်လွန်နေသည်။ လက်ရှိပုံစံအတိုင်းသွားပါက ၂၀၃၀ ပြည့်နှစ် အရောက်၌ ကမ္ဘာတွင် လိုအပ်သော ရေပမာဏသည် ရရှိနိုင်သော ပမာဏထက် ရာခိုင်နှုန်း ၄၀ ခန့် ပိုမိုနေမည်။ စုစုပေါင်း ရေပမာဏ ပုံသေရှိသော ကမ္ဘာတွင် ရေသုံးစွဲမှုချွေတာခြင်း၊ ရေလျှော့သုံး၍ လုပ်ငန်းဆောင်တာ ပုံမှန်ပြီး မြောက်နိုင်သော နည်းပညာနှင့် စက်ကိရိယာများကို ယခုထက်ပို၍ တီထွင်သုံးစွဲခြင်းတို့သည် ရေအခက်အခဲကို ရင်ဆိုင်ရန် မှန်ကန်သော နည်းလမ်းဖြစ်သည်။
တစ်ဦးချင်း ရေချွေတာခြင်းနှင့် ရေလျှော့သုံးသည့် နည်းပညာများအပြင် လူတို့မျက်စိအောက်တွင်ပင် အလဟဿ ဖြစ်သွားသော ရေသံသရာထဲက အစိတ်အပိုင်း တစ်ခုဖြစ်သည့် မိုးရေကို အကျိုးရှိရှိ အသုံးချရန် အင်တိုက်အားတိုက် လုပ်ဆောင်နေကြသည်။ အမှုမဲ့နေလျှင် မသိသာလှသော်လည်း အနည်းငယ်မျှ သတိထားကြည့်လျှင်ပင် လမ်းပေါ်၊ မြေ ပြင်ပေါ် ရွာကျကာ မည်သို့မျှ အသုံးမချလိုက်ရဘဲ မြောင်းထဲ မြစ်ထဲမှတစ်ဆင့် နောက်ဆုံး ပင်လယ်ထဲသို့ စီးဆင်းဝင်ရောက်သွားသော မိုးရေပမာဏသည် မနည်းလှကြောင်း တွေ့နိုင်သည်။ ရန်ကုန်ကဲ့သို့ တစ်နှစ်မိုးရေချိန် လက်မ ၁၀၀ ခန့်ရှိသည့် ဒေသတွင် စတုရန်း ပေ ၂၀၀၀ ရှိသောမြေပြင်ပေါ် တစ်နှစ်အတွင်း ရွာကျသော မိုးရေ၏ ထုထည်သည် ဂါလန် ၈၀၀၀၀ ကျော်သည်။ အဆိုပါမိုးရေတို့ကို ထိရောက်အကျိုးရှိစွာ အသုံးချနိုင်မှု နည်းလှသေးသည်။ ရေရှားလှ၍ မိုးရေကို အဓိက မှီခိုနေရသော ဆာဟာရသဲကန္တာရ အစပ်ဒေသများတွင်ပင် မိုးရေ၏ ၇၀ ရာခိုင်နှုန်းမှ ၈၅ ရာ ခိုင်နှုန်းအထိသည် မြေကြီးထဲ စိမ့်ဝင်ခြင်း၊ မြေပေါ်တွင် စီးဆင်းသွားခြင်း၊ အငွေ့ပျံခြင်း စသည့် နည်းအမျိုးမျိုးဖြင့် ဆုံးရှုံးနေဆဲ ဖြစ်သည်။
သို့သော် ရေရှားလာသည့် ကမ္ဘာတွင် မိုးရေကို နည်းအမျိုးမျိုးဖြင့် တိုးချဲ့ခံယူသို လှောင်နိုင်အောင် အားထုတ်မှုများ အရှိန်ကောင်းလာနေသည်။ ကျောင်းသင်ခန်းစာထဲမှ ရေသံသရာကို ကောင်းစွာ သဘောပေါက်၍ လက်တွေ့ဘဝထဲသို့ ဆွဲယူအသုံးချခြင်းပင် ဖြစ်သည်။ ရေသံသရာနည်းတူ အခြားသင်ခန်းစာ များကိုလည်း ကျောင်းစာအုပ်ထဲတွင်သာ မထားခဲ့ကြဘဲ လက်တွေ့အသုံးချနိုင်ကြလျှင် နိုင်ငံ့စီးပွားရေး ကမ္ဘာ့စီးပွားရေးတို့ သဘာ၀ ပတ်ဝန်းကျင်နှင့် ဟန်ချက်ညီညီ ယှဉ်တွဲဖွံ့ဖြိုးလာပြီး သာယာနေပျော်သော လူနေမှုဘဝကို ပိုင်ဆိုင်ကြလိမ့်မည်။

Most Read

Most Recent