ယဉ်ကျေးသော လူများ

ယဉ်ကျေးသော လူများ
Published 20 September 2016
စိုးခိုင်ညိန်း

အခုတစ်လောမှာက မှုခင်းသတင်းတွေက နေ့တိုင်းလိုလို ဖတ်နေရသည်။ လေးလောင်ပြိုင် လူသတ်မှု ဖြစ်ပွားပြီးနောက်မှာ လူသတ်တဲ့ သတင်းတွေက ခပ်စိပ်စိပ်ကိုပဲ ထွက်ပေါ်လာသည်။ အလိုမတူဘဲ သားမယား ပြုကျင့်တဲ့ မုဒိမ်းသတင်းတွေ၊ လူလူချင်း သွေးဆောင်ဖြားယောင်းပြီး လူကုန်ကူးခံရတဲ့ သတင်းတွေ၊ မူးယစ်ဆေးဝါးတွေ မြောြက်မားစွာ ဖမ်းမိတဲ့ သတင်းတွေ စတဲ့ ဒုစရိုက်သတင်းတွေက နေ့တိုင်းလိုလို ကြားနေရ ဖတ်နေရသည်။ယဉ်ကျေးသိမ်မွေ့ပါသည်ဆိုသော လူတွေသည် အဘယ့်ကြောင့် ခက်ထန်ရိုင်းစိုင်း ရက်စက်ကြမ်းကြုတ် ကုန်ကြတာပါလိမ့် လူစိတ်တွေပဲ ပျောက်ကုန်ကြလို့လား၊ လူလူချင်းကိုပဲ ရန်သူတွေလို မြင်ကုန်ကြပြီလားလို့ စဉ်းစားနေမိသည်။ သတ္တဝါ အားလုံးတို့တွင် လူသည် ကြင်နာသနားတတ်သည်၊ ယဉ်ကျေး သိမ်မွေ့သည်၊ မှန်သည် မှားသည်၊ တရားသည် မတရားသည် စသည် ဉာဏ်ပညာဖြင့်  စဉ်းစားတွေးခေါ်နိုင်စွမ်း ရှိသော သတ္တဝါ ဖြစ်သည်။ သို့သော် ထိုယဉ်ကျေးသိမ်မွေ့ ကြင်နာသနားတတ်သော လူသည် ရက်စက်ကြမ်းကြုတ် ရိုင်းစိုင်းလျှင်တော့ ဘယ်သတ္တဝါမှ လိုက်မမီနိုင်တော့ချေ။လူသည် ပုံမှန်အားဖြင့် ငြိမ်းချမ်းအေးမြသော စိတ်အစဉ်တို့ဖြင့် ဖြစ်တည်နေချိန်တွင် လူသည် မေတ္တာတရား ကရုဏာတရားတို့ဖြင့် ယဉ်ကျေးသိမ်မွေ့ပြီး တည်ငြိမ်အေးချမ်းစွာဖြင့် လူအဖြစ်တည်ရှိသည်ဟု ဆိုရမည်ဖြစ်ပြီး ရာဂတည်းဟူသော ဘီလူး ပူးဝင်သွားပြီဆိုတာနှင့် တစ်ပြိုင်နက် လူစိတ်ပျောက်သွားကာ အလိုတူတာ မတူတာတွေ ထည့်မစဉ်းစားတော့ဘဲ ကိုယ့်ဆန္ဒတစ်ခု ပြည့်ဝဖို့ကိုပဲ ရှေ့ရှုပြီး မုဒိန်းမှုတွေ ကျူးလွန်မိကြတာပဲ ဖြစ်သည်။ လောဘတည်းဟူသော ဘီလူး ပူးဝင်လာပြီဆိုတာနဲ့ ကိုယ့်ရလိုမှုတစ်ခုပဲ တွက်ဆပြီး တရားတာတွေ မတရားတာတွေ ထည့်မစဉ်းစားတော့၊ ဘယ်လိုနည်းဖြင့်ရရ ရလိုရင်းသာ အဓိကပဲဆိုတဲ့ စိတ်ဖြင့် စီးပွားရေးမှာ မတရားမှုတွေ၊ ဖျံကျမှုတွေ၊ လူလူချင်းကိုပဲ ကုန်ပစ္စည်းရောင်းသလို ရောင်းစားတာတွေ၊ လိမ်လည်ကောက်ကျစ်မှုတွေ၊ ခိုးဆိုးလုယက်တာတွေ၊ တရားမဝင် ရောင်းဝယ်ဖောက်ကား ကုန်သွယ်မှုတွေ စတဲ့ မကောင်းမှုဒုစရိုက် လုပ်ငန်းတွေ လုပ်မိသွားတတ်သည်။ကြင်နာသနားတတ်ပါသည်ဆိုသော လူသည် ဒေါသတည်းဟူသော ဘီလူးပူးဝင် သွားပြီဆိုတာနဲ့ မိဘဆိုတာလည်း နားမလည်၊ ညီအစ်ကို မောင်နှမဆိုတာလည်း မသိတော့၊ သူငယ်ချင်း အပေါင်းအသင်း ဆိုတာလည်း မတွေးတော့၊ ကိုယ့်ယောကျ်ား ကိုယ့်မိန်းမ ဆိုတာလည်း မစဉ်းစားမိတော့ ကြက်ကလေး ငှက်လေးသတ်သလို လူလူချင်း ရက်စက်စွာ သတ်မိသွားတတ်သည်။ မောဟတည်းဟူသော ဘီလူးဝင်ရောက်လာလျှင် အကြောင်းအကျိုး အကောင်းအဆိုးတွေ မစဉ်းစားနိုင်တော့တွေ ဝေမိန်းမောထိုင်း မှိုင်းမှုတို့ဖြင့် ထွက်ပေါက်ကို ရှာတဲ့အခါမှာတော့ အရက်သေစာ သောက်သုံးခြင်း၊ လောင်းကစားပြုလုပ်ခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းဆိုတဲ့ သားကောင်အဖြစ်သို့ ဆိုက်ရောက်သွားလေတော့သည်။အကျိုးအကြောင်း ဟုတ်သည် မဟုတ်သည်၊ တရားသည် မတရားသည်၊ မှားသည် မှန်သည် စသည်ဖြင့် စဉ်းစားတွေးခေါ်နိုင်သောကြောင့် လူဟုဆိုသည်။ လူတစ်ယောက်ထံတွင် ရာဂ၊ လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့  မကောင်းတဲ့ ဒုစရိုက်စိတ်တွေ အားကြီးလာတဲ့ အခါတွင် မှားသည် မှန်သည်၊ တရားသည် မတရားသည်၊ အကြောင်းအကျိုး အကောင်းအဆိုးတို့ကို မစဉ်းစားနိုင်တော့ လူစိတ်ပျောက်ကာ ဘီလူးတစ်ကောင်၏ စိတ်လို ခက်ထန် ကြမ်းတမ်းသွားကာ မလုပ်ရဲသည့် မကောင်းမှု ဒုစရိုက်မည်သည် မရှိတော့၊ လူသတ်ရမလား၊ ဓားမြတိုက်ရမလား၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားရမလား အကုန်လုပ်ရဲသွားတတ်လေသည်။ ထိုအခါတွင် လူသည်  လူစိတ်မရှိနိုင်တော့၊ လူဟုမခေါ်ဆိုနိုင်တော့၊ လူ့အရည်အသွေးတို့သည် သူ့ထံတွင် မရှိတော့၊ မကောင်းသော စိတ်တို့၏ သားကောင်တစ်ကောင် ဖြစ်သွားပေပြီ။ပုထုဇဉ် လူသားမှန်သမျှတွင် လောဘ၊ ဒေါသ၊ မောဟ၊ ရာဂစတဲ့ မကောင်းသော စိတ်တွေကတော့ ရှိကြသည်ပင်၊ ထိုမကောင်းသော စိတ်များကို အသိဉာဏ်ဖြင့် ထိန်းချုပ်ရပေသည်။ အသိဉာဏ်ပညာဖြင့် မထိန်းချုပ်ဘဲ  ထိုမကောင်းသော စိတ်များကို ဖြစ်ချင်ရာဖြစ် လွှတ်ပေးထားလိုက်လျှင် လူ့လောကကြီး တစ်ခုလုံးသည် ပျက်စီးကာ ယဉ်ကျေးမှုဆိုသည်လည်း ရှိနိုင်မည် မဟုတ်တော့ပေ။ လောဘ၊ ဒေါသ၊ မောဟ၊ မာန ဆိုတဲ့ မကောင်းသော စိတ်တို့သည် သာမာန်ပုထုဇဉ်တိုင်းတွင် ရှိသည်။ ထိုမကောင်းသော စိတ်များသည် လူတို့ထံတွင် ရှိနေရုံဖြင့် လူသည် ယုတ်မာရိုင်းစိုင်းခြင်း မဖြစ်ပေ၊ ထိုမကောင်းသောစိတ်တို့ အလွန်အကျွံ မိမိကို လွှမ်းမိုးစီးနင်းခံရသော အခါတွင်မှ လူသည် ယုတ်မာရိုင်းစိုင်း သွားတတ်တာ ဖြစ်သည်။မှားသည် မှန်သည်၊ တရားသည် မတရားသည် စဉ်းစားချင့်ချိန်နိုင်သော ဉာဏ်ပညာဖြင့် အကောင်းအဆိုး အကျိုးအပြစ်ကို ဝေဖန်ပိုင်းခြား၍ တည်ရှိဖြစ်ပေါ်လာသော ထိုမကောင်းသော စိတ်များကို ထိန်းချုပ်နေနိုင်သော အခါတွင် လူသည် လူ့အရည်အသွေးဖြစ်တဲ့ မေတ္တာတရား၊ ကရုဏာတရား၊ မုဒိတာတရား၊ ဥပေက္ခာတရားတို့ဖြင့် အေးမြငြိမ်းချမ်းသော လူ့ယဉ်ကျေးမှု တစ်ရပ်အဖြစ် တည်ရှိနေပေလိမ့်မည်။ ထိုလူ့ယဉ်ကျေးမှုသည်  လူ့ကျင့်ဝတ် ကိုယ်ကျင့်တရားတို့နှင့် ဆက်စပ် ပတ်သက်နေသည်။ ထိုပညာရပ်သည် အကြောင်းအကျိုး အကောင်းအဆိုးတို့ကို ခွဲခြားဝေဖန်သော ပညာရပ်ဖြစ်သည်။ အချို့အပြုအမူများသည် အကျိုးရှိသော အပြုအမူဟူ၍  နားလည်သဘောပေါက်ကာ အချို့ကား အကျိုးမရှိ အပြစ်မျှသာဖြစ်သည်ဟု နားလည်မှုဖြင့် ခွဲခြားလိုက်နာခြင်းသည် လူ၏ အကျင့်စာရိတ္တနှင့် သက်ဆိုင်၍ အမှားနှင့်အမှန်၊ အကောင်းအဆိုးကို ဖော်ပြခြင်းဖြစ်သည်။  ဥပမာအားဖြင့် ညဉ့်အချိန်မတော်ထွက်၍ အိမ်နီးချင်းများကို သတ်ဖြတ်ခြင်း ထိုသူတို့၏  ဥစ္စာကို ခိုးယူခြင်းစသော ကိစ္စရပ်များသည် မပြုလုပ်သင့်သော လုပ်ရပ်များအဖြစ် လူတိုင်းနားလည်ပြီးဖြစ်၏။ ယင်းသို့ မပြုလုပ်သင့်ကြောင်း သိသည့်အတိုင်း လိုက်နာကျင့်သုံးသည်၊ မကျင့်သုံးသည်ဆိုသည့်ကိစ္စမှာ လူ၏ ကိုယ်ကျင့်တရားအပေါ် မူတည်ပါလိမ့်မည်။လူသည် မည်သည့်အချိန်က စတင်ပေါက်ဖွားခဲ့သည်ဟူ၍ ပြောဖို့ခက်သော်လည်း အစ ပထမကတော့ တိရစ္ဆာန်တစ်ကောင်လို အရိုင်းအစိုင်းကပဲ စတင်ခဲ့တာ ဖြစ်ပေသည်။ နှစ်ပေါင်းမည်မျှဟု မခန့်မှန်းနိုင်သော အချိန်အခါတုန်းက ကမ္ဘာပေါ်တွင် တိရစ္ဆာန်ရိုင်းများ သွားလာ ကျက်စားနေကြစဉ်က တိရစ္ဆာန်ရိုင်းများ၏ အရိပ်အခြေကို ချောင်းမြောင်း ကြည့်ရှု၍ ခိုးကြောင်ခိုးဝှက် သွားလာကျက် စားနေရသော သတ္တဝါတစ်မျိုး ရှိခဲ့ကာ ထိုသတ္တဝါသည် နောင်နှစ်ပေါင်းများစွာ ကြာသောအခါ လူဟူ၍ဖြစ်လာသော သတ္တဝါဖြစ်သည်တဲ့။ ထိုကမှတစ်ဆင့် ပြောင်းလဲ တိုးတက်လာခြင်း ဖြစ်ပေသည်။လူနေမှု တိုးတက်လာခြင်းဟူသည်မှာ လူနေမှု အဆင့်အတန်းသည် တဖြည်းဖြည်းနှင့် တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာပြီးလျှင် အမြင့်ဆုံး အဆင့်ကို ရောက်ခြင်းကို ဆိုလိုသည်။ အမေရိကန်လူမျိုး မနုဿဗေဒ ပညာရှင်တစ်ဦးဖြစ်သည့် လူးဝစ်အိပ်မောဂန် ဆိုသူကတော့ ပြောင်းလဲတိုးတက်မှု လူ့အဖွဲ့အစည်း သမိုင်းကို (၁) ကြမ်းကြုတ်သည့်အဆင့်၊ (၂) ရိုင်းစိုင်းသည့်အဆင့်၊ (၃) လူနေမှု တိုးတက်သည့်အဆင့် ဟူ၍ အဆင့်သုံးဆင့်ဖြင့် ပိုင်းခြားထားလေသည်။ ကြမ်းကြုတ်သည့် အဆင့်၌ လူတို့တွင် ပစ္စည်းတန်ဆာပလာ လက်နက်နှင့် မီးဟူ၍ ဘာတစ်ခုမျှ မရှိကြဘဲ မျှတသော ရာသီဥတုရှိသည့် နေရာများ၌ နေထိုင်၍ ပေါက်ရောက်သော စားပင်သီးပင်၊ အသီးအရွက်များကိုသာ စားသောက်နေထိုင်ကြသည်။ တဖြည်းဖြည်းနှင့် လျှပ်စစ်ပြက်ခြင်း၊ သစ်ပင်တို့ ပွတ်တိုက်ခြင်းကြောင့် မီးကို စတင် တွေ့ရှိလာပြီး မီးကို ချက်ပြုတ်ရာ၌ လည်းကောင်း၊ အမဲလိုက်ရာ၌ လည်းကောင်း၊ လက်နက်ပြုလုပ်ရာ၌လည်းကောင်း အသုံးပြုလာနိုင်ကြသည်။ မီးကို အသုံးပြုလာနိုင်သည်မှ တစ်ဆင့် ကြမ်းကြုတ်သည့် အောက်ဆုံးအဆင့်မှ တဖြည်းဖြည်းဖြင့် ဓား၊ လှံ၊ လေးစသည် တီထွင်၍ တိရစ္ဆာန်များကို အနိုင်ယူကာ ယဉ်းပါးအောင် မွေးမြူနိုင်ခဲ့လေသည်။ကြမ်းကြုတ်သည့် အဆင့်မှ ရိုင်းစိုင်းသည့် အောက်ဆုံးအဆင့်သို့ ရောက်ရှိလာသည်။ ထိုအခါတွင် လူသည် အိုးခွက်ဖုတ်လုပ်ခြင်း အတတ်ကို သိလာရာ အပူဒဏ်ခံနိုင်သည့် ချက်ပြုတ်ရာ အိုးခွက်များ ပြုလုပ်လာနိုင်ကြသည်။ ထိုမှတစ်ဆင့် ခြံဥယျာဉ်များ ပြုလုပ်၍ စားပင်သီးပင်များ စိုက်ပျိုးစပြုလာကြ၏။ မွေးမြူထားသော တိရစ္ဆာန်များကို ဝန်တင်ဆွဲရန် စတင် ခိုင်းစေတတ်လာကြသည်။ နေလှန်းအုတ်များဖြင့် နေအိမ်များ တည်ဆောက်လာကြသည်။ ရိုင်းစိုင်းသည့် အထက်အဆင့်သို့ ရောက်လာသည့်အခါ လူတို့သည် သတ္တုရိုင်းများကို အရည်ကျိုတတ်လာပြီးလျှင် ကိရိယာ တန်ဆာပလာနှင့် လက်နက်များ ပြုလုပ်လာနိုင်ကြသည်။ ထိုတန်ဆာပလာများဖြင့် သစ်တောများကို ရှင်းလင်း၍ မြို့ရွာများ တည်ထောင်ကြ၏။ မြို့ကို မြို့ရိုးနှင့် ကျုံးကာရံ၍ ဘုရင်များ နေထိုင်အုပ်ချုပ်လေသည်။ထိုမှတစ်ဆင့် လူနေမှုတိုးတက်သည့် အဆင့်သို့ ရောက်လာသည်။ ကြမ်းကြုတ်သည့်ခေတ်နှင့် အရိုင်းခေတ်က ထားရှိခဲ့သော နံရံဆွဲရုပ်ပုံများမှာလည်း တီထွင်လာနိုင်သည်နှင့် အသိပညာတို့ တိုးတက်လာ၏။ အက္ခရာများ တီထွင်လာနိုင်ခြင်းသည် လူနေမှု တိုးတက်သည့် အဆင့်နှင့် ကြမ်းကြုတ်ရိုင်းစိုင်းသည့် အဆင့်တို့၏ ခြားနားသည့် အချက်ပင် ဖြစ်ပေသည်။ လူနေမှုတိုးတက်သည့် အလယ်ဆင့်သို့  ရောက်လာသည့်အခါ လူတို့သည် ယမ်းမှုန့်များကို တီထွင်ပြုလုပ်လာနိုင်ကြ၏။ ယမ်းမှုန့်ဖြင့် အရိုင်းအစိုင်းများကို တိုက်ထုတ်နိုင်ခဲ့ကြသည်။ နောင်တွင် ယမ်းမှုန့်ကြောင့် အထက်တန်းစားများ တန်ခိုးလျှော့ကျခဲ့လေသည်။ ထိုအချိန်တွင် ပုံနှိပ်စက်များ စတင် တီထွင်လာနိုင်ခဲ့ရာ လူအများကို အသိပညာများစွာ ပေးနိုင်ခဲ့လေသည်။ ယခုအခါတွင်မတော့ နည်းပညာ၊ သိပ္ပံပညာတို့ဖြင့် အံ့မခန်း တိုးတက်လာရကား လကမ္ဘာသို့ပင် ခြေချနိုင်သည့် အဆင့်သို့ ရောက်ရှိခဲ့ပေပြီ။ကြမ်းကြုတ်ရိုင်းစိုင်းသည့် လူတို့သည် မီး၊ လက်နက်တို့ ပြုလုပ်သုံးစွဲနိုင်လာသည့် အခါ တိုးတက် ယဉ်ကျေးသည့်အဆင့်သို့ ရောက်ခဲ့သည်။ အခုတော့ လက်နက်များက ဓာတုလက်နက်၊ အနုမြူလက်နက်စသည်တို့ဖြင့် တိုးတက်သထက် တိုးတက်လာပေရာ  အယဉ်ကျေးဆုံး အတိုးတက်ဆုံး အဆင့်သို့ ရောက်ရှိသည်ဟု ဆိုရမည်ထင်သည်။ သို့သော် ယဉ်ကျေးတိုးတက်မှု အဆင့်သို့ ရောက်ရှိနေသော လူတို့သည် လူ့အချင်းချင်း သတ်ဖြတ်မှုတွေ၊ အနိုင်ကျင့်မှု၊ ရက်စက်မှုတွေ၊ စစ်ပွဲတွေ၊ ခိုးဆိုးလုနှိုက်မှုတွေဖြင့် ပိုပြီးအရိုင်းဆန်လာသည်ဟုပင် ဆိုရမလား မသိတော့ပေ။ စစ်ပွဲသတင်းတွေ၊ သတ်ဖြတ်မှု သတင်းတွေဖြင့် လူယဉ်ကျေးတို့၏ ကမ္ဘာသည် ယဉ်ကျေးမှု အတိုးတက်ဆုံး အဆင့်ဖြစ်ပေသည်။

Most Read

Most Recent