အသက်ရှင်ဖို့အရေး ဝန်ပိနေကြသူများ

အသက်ရှင်ဖို့အရေး ဝန်ပိနေကြသူများ
Published 18 September 2016
အိသဉ္ဇာကျော်

မြန်မာနိုင်ငံတွင် နိုင်ငံ့ဘဏ္ဍာနှင့် လူမှုကျန်းမာရေး အာမခံပူးပေါင်းသည့် ကျန်းမာရေး အာမခံစနစ် အားနည်းခြင်းကြောင့် ကျန်းမာရေးစောင့်ရှောက်မှုအတွက် လူနာမှစိုက်ထုတ် ကုန်ကျရသည့် အသုံးစရိတ်မှာ မြင့်မားလျက်ရှိသည်။ အခြေခံလူတန်းစား များပြားသည့် မြန်မာနိုင်ငံတွင် စားဝတ်နေရေးအတွက်ပင် အလျဉ်မီရန်ပင် ကြိုးစားရုန်းကန်နေကြရသည်။ လူအများက ဝင်ငွေ၏ ရာခိုင်နှုန်းအများစုကို နေထိုင်စရိတ်၊ စားစရိတ်တွင် အများစု အသုံးပြုကြရသည့်အတွက် နောင်ရေးအတွက် စုဆောင်း ငွေ၊ ကျန်းမာရေးအတွက် စုဆောင်းငွေဆိုသည်မှာ ေ၀ဝါးဆဲ။
အိမ်ထောင်စုတစ်စုတွင် မိသားစုဝင်တစ်ဦး မကျန်းမာပါက ငွေကြေး၊ အချိန်ကအစ အခက်အခဲ ပေါင်းမြောက်မြားစွာရှိလှသည်။ ယနေ့ခေတ်ရဲ့ ကျန်းမာရေး ဝန်ဆောင်မှုများမှာ ငွေကြေးရှိသူများ အတွက်ဆိုလျှင်တော့ မပူမပင် သက်သောင့်သက်သာ ရှိလှသော်လည်း အများစုမှာတော့ အသက်ဆက်ဖို့အရေး ဝန်ပိနေကြသူများသာ ဖြစ်သည်။ ဆေးကုသစရိတ်မတတ်နိုင်၍ ဆေးမကုသူများ၊ ဆေးကုသမှု ခံယူရန် လက်လှမ်းမမီသူများ၊ စားဝတ်နေရေးထက် ကျန်းမာရေးဆိုတာကို မျက်ကွယ်ပြုထားရသူများ မြန်မာနိုင်ငံမှာ ဒုနဲ့ဒေး။ နာတာရှည် ရောဂါမဆိုထားနှင့် ဖျားနာမှုကိုပင် ဆေးမြီးတို၊ စပ်ဆေးဆိုတာနှင့် ဖြေရှင်းနေကြသည်။ ဒါတွေက ဘာကြောင့်ပါလဲ။
ဥပမာတစ်ခုနဲ့ ပြောကြရအောင်။ ဇနီးမောင်နှံနှစ်ဦး၊ နှစ်ဦးလုံး ဝင်ငွေ အသင့်အတင့်ရှိတယ်။ တစ်လကို အနည်းဆုံးငါးသိန်းနဲ့ ရှစ်သိန်းကြား ဝင်တယ်ဆိုပါစို့။ သူတို့မှာ အနာဂတ် မိသားစုကလေး ရှိလာတယ်။ ဒီတော့ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုအတွက် ကိုယ်ဝန်အပ်ရပါပြီ။ မြို့နယ်အတွင်းထဲမှာဖွင့်ထားတဲ့ ပုဂ္ဂလိကဆေးခန်းမှာ သွားပြရင်တောင် တစ်ကြိမ် ဆေးခန်းပြရင် ဆရာဝန်စမ်းသပ်ခ အပါအဝင် ဆေးကုသစရိတ် ကျပ်တစ်သောင်းခွဲမှ နှစ်သောင်းဝန်းကျင် အနည်းဆုံး ကုန်ကျပါတယ်။ ဒါဟာ တစ်ကြိမ်ပြသစရိတ်ပါ။ ကိုယ်ဝန်ရင့်လာသည်နှင့်အမျှ (သို့) ကိုယ်ဝန်ဆောင်မိခင်၏ ကျန်းမာရေးအခြေအနေအရ တစ်ပတ်ခြား၊ နှစ်ပတ်ခြား၊ တစ်လတစ်ကြိမ် မမွေးဖွားမီအထိ စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်မှု ခံယူရပါတယ်။ ဒါတွေတင်မပြီးပါ။ မိခင်နဲ့ကလေးအတွက် လိုအပ်တဲ့ ဖြည့်စွက်အာဟာရ၊ ကိုယ်ဝန်ဆောင် နို့မှုန့်၊အားဆေး၊ မိခင်နှင့် ကလေးအတွက် လိုအပ်တဲ့ တစ်ကိုယ်ရေသုံး ပစ္စည်းမှအစ ပြင်ဆင်ထားရသေးသည်။ ကလေးမီးဖွားရင် ဆေးရုံစရိတ်၊ ဆရာဝန်စရိတ် မပါသေး။ ကိုယ်ဝန်ဆောင်စဉ်ကာလမှာပင် သူမ၏ကျန်းမာရေး အသုံးစရိတ်မှာ အနည်းဆုံး ပျမ်းမျှ တစ်လကျပ်တစ်သိန်းခွဲမှ နှစ်သိန်းကြား သုံးစွဲရသည်။ ယနေ့ခေတ် ပုဂ္ဂလိကဆေးရုံ တစ်ခုတွင် ကလေးမီးဖွားပါက အနည်းဆုံး ကုန်ကျစရိတ် ကျပ် ၁၀ သိန်းမှ ၁၅ သိန်းဝန်းကျင် ကုန်ကျမည်ဖြစ်သည်။ ပုံမှန်ဝင်ငွေရှိသည့် မိသားစုအတွက်ဆိုလျှင် ဒီပမာဏသည် တတ်နိုင်သည့်အဆင့် ဖြစ်သော်ငြားလည်း ဝင်ငွေနည်းပါးသူများအတွက် ဆိုလျှင်တော့ ဒီပမာဏသည် ခေါင်းမီးတောက် ဝန်ပိစရာပင်။
ယနေ့ခေတ် ကျန်းမာရေး ကုန်ကျစရိတ်များမှာ မြင့်မားလှသည်။  ‘ငွေရှိမှ အသက်ရှင်မယ့်ခေတ်’ လို့လည်း လူအများက ခိုင်းနှိုင်းပြောဆိုရအောင် ငွေမရှိရင် ဆေးကုသမှု မခံယူနိုင်ပါ။ ဝင်ငွေနည်း မိသားစုများ မဆိုထားနှင့် မရှိမရှားဆိုသည့် လူလတ်တန်းစားများ၊ ပုံမှန်ဝင်ငွေဖြင့် အသင့်အတင့် နေထိုင်နိုင်သူများ၊ ပုံမှန်ဝင်ငွေ နည်းသော်ငြားလည်း စုမိဆောင်းမိ ရှိထားပြီးသူများပင် နာတာရှည် လူနာတစ်ဦးအတွက် ရေရှည် ဆေးကုသစရိတ် အသုံးပြုနေရလျှင်ပင် အခက်အခဲနှင့်ရင်ဆိုင်ရသည်။ 
ခွဲစိတ်ကုသမှုတစ်ခုအတွက် အိမ်ရောင်း၊ ကားရောင်း၊ ပိုင်ဆိုင်မှုတချို့ ထုတ်သုံးရသူ များစွာရှိသည်။  မိသားစုဝင်တစ်ဦး ဆေးကုဖို့အတွက် မောင်နှမ၊ သားသမီး၊ ဆွေမျိုးသားချင်းများက စရိတ်မျှခံ ကုသနေရသည်များလည်း ရှိနေသည်။
ပြည်တွင်းက ပုဂ္ဂလိကဆေးရုံတစ်ခုမှာ နှလုံးခွဲစိတ်ကုသမှုတစ်ခုအတွက် လူနာရဲ့ရောဂါအခြေအနေ ပေါ်မူတည်ပြီး ကျပ်သိန်း ၅၀ မှ ၁၀၀ ကြား ကုန်ကျမည်။ နှလုံးသွေးကြော အစားထိုးကုသမှုအတွက် ကျပ်သိန်း ၃၀ မှ ၅၀ ကြား ကုန်ကျမည်။ နာတာရှည် ရောဂါတစ်မျိုးမျိုးဖြင့် ပုဂ္ဂလိကဆေးရုံတစ်ရုံတွင် တစ်ကြိမ်ပြသမည်ဆိုပါက အထူးကု ဆရာဝန် စမ်းသပ်စရိတ် ကျပ်တစ်သောင်း၊ ဆေးဖိုးကုန်ကျစရိတ် အပါအဝင် ကျပ်တစ်သောင်းခွဲမှ သုံးသောင်းကြားမှာ ပျမ်းမျှအားဖြင့် ကုန်ကျစရိတ်ရှိသည်။
ကျောက်ကပ်ဆေးနေရသည့် ကျောက်ကပ်လူနာ တစ်ဦးအတွက်  ပျမ်းမျှ ကျန်းမာရေးကုန်ကျစရိတ်မှာ အထူးကုဆရာဝန် စမ်းသပ်ကြည့်ရှုခ ကျပ်တစ်သောင်း၊ ကျောက်ကပ်ဆေးပါက ကျောက်ကပ်ဆေးခ၊ ဆေးသွင်းခ ကျပ်ငါးသောင်း အပါအဝင် တစ်ကြိမ် ကျောက်ကပ်ဆေးမည်ဆိုပါက ကျပ်ခုနစ်သောင်းမှ ရှစ်သောင်းကြား ကုန်ကျသည်။တစ်ပတ်လျှင် နှစ်ကြိမ် တစ်လလျှင် ရှစ်ကြိမ် ဆေးရသည်ဟု သိရသည်။ ဒါတင်မကသေး လူနာအတွက် ဖြည့်စွက်စာ၊ သောက်ဆေးများပါ ပါဝင်မည်ဆိုပါက ကျောက်ကပ်ဆေးလူနာတစ်ဦး၏ တစ်လအတွက် ကျန်းမာရေးကုန်ကျစရိတ် ကျပ် ခုနစ်သိန်းမှ ရှစ်သိန်းကြား ကုန်ကျမြဲဖြစ်သည်။
ကျောက်ကပ် အစားထိုးမည်ဆိုလျှင် ယခုထက် ပိုမိုကုန်ကျနိုင်ပြီး အစိုးရဆေးရုံတွင်ပင် ကျပ် သိန်း ၅၀ မှ ၇၀ ဝန်းကျင် ကုန်ကျသည်ဟုဆိုသည်။ ဒါကိုကြည့်ရင် နာတာရှည် လူနာတစ်ဦးအတွက် မိသားစုက အသုံးပြုရသည့် ကျန်းမာရေး ကုန်ကျစရိတ်မှာ မသက်သာလှပေ။ 
လူအများစုမှာ ဆေးကုရမည်၊ ဆေးရုံတက်ရမည်ဆိုလျှင် အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းသည့်အတွက် အလွန်ကြောက်တတ်ကြသည်။  တော်ရုံရောဂါလောက်ဖြင့် ဆေးရုံဆေးခန်း မသွားတတ်ကြ။ ထိုကဲ့သို့ အမူအကျင့်များကြောင့်လည်း ရောဂါအဆင့်လွန်မှသိပြီး ဆေးကုသမှု ခံယူရသူများစွာ ရှိနေခြင်းဖြစ်သည်။
ဒါဆို ပုဂ္ဂလိကဆေးရုံတွေမှာမကုဘဲ အစိုးရပြည်သူ့ဆေးရုံမှာပဲ ကုပေါ့လို့ပြောမယ်ဆိုလည်း အစိုးရဆေးရုံမှာလည်း ဝန်နဲ့အားနှင့်မမျှ။  လူနာ ၁၀၀၀ သာ လက်ခံနိုင်သည့် ဆေးရုံက လူနာ ၁၀၀၀၀ လောက် ကုသပေးနေရသည်။ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း အစိုးရက နိုင်ငံသားများ ကျန်းမာရေးစရိတ် စိုက်ထုတ်ကုန်ကျငွေ သက်သာစေရေးအတွက် အချို့ဆေးဝါးများ၊ ဆေးကုသမှုအစီအစဉ်များကို အခမဲ့ လုပ်ဆောင်ပေးခဲ့ပြီး နောက်လူနာများ အဆမတန် များပြားလာသည်။ လူနာဦးရေနှင့် ကျန်းမာရေးဝန်ထမ်း မမျှခြင်းကြောင့် နေ့စဉ်နှင့်အမျှ ရင်ဆိုင်နေသည့် ပြဿနာမှာ မရိုးနိုင်။ လူနာဦးရေ များပြားလှသည့် အစိုးရဆေးရုံတွင် ကျောက်ကပ် တစ်ကြိမ်ဆေးရန်ပင် အချိန်လနှင့်ချီ စောင့်ရသည်။ အလျဉ်းလို၍မရ ကိုယ့်လို စောင့်နေရသူပေါင်း များစွာ။  
အချိန်စောင့်မကုနိုင်သူများ၊ အချိန်မပေးနိုင်သူများအတွက်ကတော့ ပုဂ္ဂလိကဆေးရုံကြီးများကိုသာ မဖြစ်မနေ သွားနေကြရဆဲ။ ပုဂ္ဂလိကဆေးရုံဆေးခန်းများ၏ ဆေးကုသစရိတ်များမှာလည်း အချိန်နှင့်အမျှ ပြောင်းလဲနေသည်။ လွန်ခဲ့သောနှစ်များက ဆရာဝန်ကြီးများ၏စမ်းသပ်ခမှာ ကျပ်ငါးထောင် ဝန်းကျင်သာ ရှိခဲ့သော်လည်း ယနေ့အချိန်မှာတော့ ကျပ်တစ်သောင်းပါ။ အရင်က ဆီးချိုသွေးချို လူနာတစ်ဦး ပုံမှန်ဆေးခန်းပြရင် ကျပ်တစ်သောင်းမှ တစ်သောင်းခွဲဝန်းကျင်သာ ကုန်ကျခဲ့ပြီး ဒီနေ့လို အချိန်မျိုးမှာတော့ ကျပ်နှစ်သောင်းနဲ့သုံးသောင်းကြား ကုန်ပါသည်။ စမ်းသပ်ခတွေ ဈေးတက်သလို ကျန်းမာရေးဝန်ဆောင်ခတွေ၊ ဆေးတွေလည်း ဈေးတက်ပါသည်။ ပုဂ္ဂလိကဆေးရုံမှာ သွေးတစ်ပုလင်းကို ကျပ်လေးသောင်း ပေးရပါတယ်။ ဒါဟာ သွေးလှူရှင်က သွေးလှူဖိုးမပါ သွေးစစ်ဆေးခချည်း သက်သက်သာဖြစ်ပါသည်။ လှူတဲ့သူက လှူတာတောင် ဘာကြောင့် ၄၀၀၀၀ ယူသလဲဆို သည့်မေးခွန်း လူတွေက မေးကြသည်။ သွေးစစ်ဆေးခဆိုသည်မှာ သွေးတွင် အသည်းရောင်အသားဝါပိုး၊ အိပ်ချ်အိုင်ဗွီပိုး၊ ငှက်ဖျားပိုး၊ ကာလသားရောဂါများ ပါဝင်မှု ရှိ  မ ရှိ ဓာတ်ခွဲခန်းတွင် စစ်ဆေးချက်၊ သွေးအိတ်ဖိုး၊ ပိုက်ဖိုး စသည်တို့ကို စစ်ဆေးခြင်းအတွက် ယူခြင်းဖြစ်သည်ဟု ဆိုသည်။ 
ပုဂ္ဂလိကဆေးရုံတွင် မည်သည့်အရာမျှ အခမဲ့မရှိပါ။ လူနာရှင်ကသာ အလုံးစုံ အကုန်အကျခံရသည်။ အချို့သော ခွဲစိတ်ကုသမှုမျိုးဆိုလျှင် ပြည်တွင်း၌ကုသလျှင် ကုန်ကျမည့် ကုန်ကျစရိတ်နှင့် အိမ်နီးချင်းနိုင်ငံများတွင်ကုသလျှင် ကုန်ကျမည့် ကုန်ကျစရိတ် သိပ်မကွာသည့်အတွက် ငွေကြေးတတ်နိုင်သူများက ပြည်ပထွက် ကုသမှုများလည်းရှိလာသည်။ ဈေးနှုန်းတူလျှင် ဝန်ဆောင်မှု အယှဉ်ခံရမည်။ ပြည်တွင်းမှာရမည့် ဝန်ဆောင်မှုနှင့် ပြည်ပဆေးရုံများက ပေးမည့် ဝန်ဆောင်မှု ယှဉ်လာကြသည်။ ပြည်တွင်းရှိ ပုဂ္ဂလိကဆေးရုံများ၏ ဈေးနှုန်းများမှာလည်း နှစ်အလိုက် ပြောင်းလဲမှုများရှိလာပြီး  ပုဂ္ဂလိကဆေးရုံ လုပ်ငန်းရှင်များဘက်ကတော့ လူ့စွမ်းအား အရင်းအမြစ်ရှားပါးမှု၊ ကျွမ်းကျင်ဝန်ထမ်း ရှားပါးမှု၊ ဆေးဈေးနှုန်းများမြင့် တက်လာမှု ၊ဆေးကုသရာတွင် အသုံးပြုရသည့် စက်ပစ္စည်းများတိုးချဲ့ ဝယ်ယူအသုံးပြုရမှု၊ အခွန်အခနှုန်းထားများ ပြောင်းလဲလာမှု စသည်များကြောင့် ဈေးနှုန်းများ ပြောင်းလဲရခြင်းဖြစ်သည်ဟု ပြောကြားကြသည်။ ပုဂ္ဂလိကဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် သူနာပြုတစ်ဦး၏ လစာမှာ လွန်ခဲ့သောငါးနှစ်က နှစ်သိန်းမှ သုံးသိန်းကြားပေး၍ရသော်လည်း ယခုလို အချိန်တွင် လေးသိန်းမှ ငါးသိန်းကြား ပေးနေရသည်ဟုဆိုသည်။ ယင်းကုန်ကျစရိတ်များကို တစ်နည်းအားဖြင့် လူနာများကသာ ကျခံပေးနေရခြင်းဖြစ်သည်။
ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများသည် ပြည်သူများအတွက် မျှတသောစရိတ်ဖြင့် အရည်အသွေး ကောင်းမွန်သော ဝန်ဆောင်မှုများကို ပေးနိုင်ရန် လိုအပ်ပါသည်။ ပြည်တွင်းတွင် ပုဂ္ဂလိကဆေးရုံ စုစုပေါင်း ၂၀၀ ကျော်ရှိပြီး အထူးကုဆေးခန်းပေါင်း ၅၀၀ ကျော်ရှိပါသည်။ လက်ရှိ အစိုးရအနေဖြင့်  နိုင်ငံတစ်နိုင်ငံ၏ ကျန်းမာရေး အဆင့်အတန်းကို ဆုံးဖြတ်ပေးနိုင်သည့် ဆင်းရဲချမ်းသာမရွေး နိုင်ငံသားတိုင်း လက်လှမ်းမီနိုင်သော ကျန်းမာရေးစနစ်ကိုရရှိရန် ဦးတည်လုပ်ဆောင်လျက်ရှိပြီး ထိုသို့လုပ်ဆောင်ရာတွင် ပုဂ္ဂလိက ကျန်းမာရေး ကဏ္ဍသည်လည်း အဓိက အခန်းကဏ္ဍတွင် ပါဝင်ပါသည်။ ပြည်သူများအနေဖြင့်လည်း လူတိုင်းလက်လှမ်းမီသော ကျန်းမာရေးစနစ်ကို လိုလားတောင့်တနေကြသည်။ ကျန်းမာရေး ကုန်ကျစရိတ်ကြီးမားမှုဒဏ်ကို ပြည်သူများက ခံစားနေကြရပြီး အသက်ရှင်သန်ရေးအတွက် ငွေကြေးနှင့်အသက် လောင်းကြေးထပ်နေရသည့် ဘဝများမှလွတ်မြောက်ချင်နေကြပြီ။

Most Read

Most Recent