အက်သလက်တီကို ၂-၀ ဘာစီလိုနာ(နှစ်ကျော့ပေါင်းရလဒ် ၃-၂ ဂိုးဖြင့် အက်သလက်တီကို နောက်တစ်ဆင့်တက်)အက်သလက်တီကိုအသင်းက အိမ်ကွင်းဗင်းဆင့်ကယ်လ်ဒါရွန်မှာ လက်ရှိချန်ပီယံဘာစီလိုနာအသင်းကို အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်လှမ်းခဲ့ပါတယ်။ဘာစီလိုနာအသင်းက မက်ဆီ၊ ဆွာရက်ဇ်၊ နေမာ တိုက်စစ်အတွဲနဲ့ လူစုံခဲ့ပေမယ့် အက်သလက်တီကိုအသင်းရဲ့ စုစည်းကျစ်လျစ်တဲ့ ကစားပုံကြောင့် အခက်တွေ့ခဲ့ရပါတယ်။ဘာစီလိုနာအသင်းက ထိန်းကစားဖို့ကို ပိုအလေးထားနေခဲ့တာကြောင့်လည်း ပွဲစကတည်းက မြန်မြန်ဆန်ဆန်အတက်အဆင်းလုပ်ကစားသွားခဲ့တဲ့ အက်သလက်တီကိုအသင်းက အခွင့်အရေးတွေ ပိုရခဲ့ပါတယ်။ဆီမြွန်နီက တောရက်စ်မပါတဲ့ တိုက်စစ်မှာ ဂရစ်ဇ်မန်းနဲ့ ကာရက်စ်ကိုတို့ကို ပွဲထုတ်ခဲ့ပြီး နှစ်ဦးစလုံးက ဘာစီလိုနာအသင်းကို ဖိအားပေးကစားနိုင်ခဲ့သလို ကျန်ကစားသမားတွေကလည်း အမှားအယွင်းမရှိသလောက်ဖြစ်အောင် ကစားသွားနိုင်ခဲ့ပါတယ်။(၃၆)မိနစ်မှာတော့ ဆာအူလ်ရဲ့ ညာတောင်ပံက ပေးပို့မှုကို ဂရစ်ဇ်မန်းက အပိုင်ခေါင်းတိုက်ကာ အက်သလက်တီကိုအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ဒါကြောင့် ဒုတိယပိုင်းမှာ ဘာစီလိုနာအသင်း ချေပဂိုးရဖို့ တင်ကစားလာခဲ့ပေမယ့် အက်သလက်တီကိုခံစစ်ကို မကျော်နိုင်ခဲ့ပါဘူး။အက်သလက်တီကိုအသင်းကတော့ တန်ပြန်တိုက်စစ်ကိုပဲ အဓိကထားကစားသွားခဲ့ပြီး (၈၈)မိနစ်မှာတော့ ဖိလစ်ပီလူးဝစ် အပိုင်ဖန်တီးပေးတဲ့ဘောလုံးကို အင်နီယေစတာနဲ့ လက်နဲ့ပုတ်ပြီး တားဆီးခဲ့တာကြောင့် ဘာစီလိုနာအသင်း ပယ်နယ်တီပေးခဲ့ရပါတယ်။ဒီပယ်နယ်တီကို ဂရစ်ဇ်မန်းကပဲ ကန်သွင်းယူခဲ့ပြီး ပွဲပြီးခါနီးမှာ ဘာစီလိုနာအသင်း ပယ်နယ်တီပြန်ရနိုင်တဲ့ အခွင့်အရေးကြုံခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ပြစ်ဒဏ်ဘောအဖြစ်သာ သတ်မှတ်ပေးခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။ဘင်ဖီကာ ၂-၂ ဘိုင်ယန်မြူးနစ်(နှစ်ကျော့ပေါင်းရလဒ် ၃-၂ ဂိုးဖြင့် ဘိုင်ယန်မြူးနစ် နောက်တစ်ဆင့်တက်)ဘင်ဖီကာအသင်းက အိမ်ကွင်းမှာ တောက်လျှောက်ဖိအားပေးကစားနိုင်ခဲ့သလို၊ ဦးဆောင်ဂိုးလည်း သွင်းယူနိုင်ခဲ့ပေမယ့် သရေရလဒ်နဲ့ပဲ ကျေနပ်ခဲ့ရတာပါ။ဂွါဒီယိုလာက အဝေးကွင်းမှာ အမှားအယွင်းနည်းဖို့ ဦးတည်ခဲ့တာကြောင့်လည်း ဘင်ဖီကာအသင်း အခွင့်အရေးတွေ ပိုရခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ဘင်ဖီကာအသင်းအတွက် တိုက်စစ်မှူး ဂျီမီနက်ဇ်က (၂၇)မိနစ်မှာပဲ ဦးဆောင်ဂိုးသွင်းခဲ့ပေမယ့် (၃၈)မိနစ်မှာ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ဗီဒယ်လ်က ပြန်လည်ချေပခဲ့ပါတယ်။အဲဒီနောက် (၅၂)မိနစ်မှာ သောမတ်စ်မူလာက ဘိုင်ယန်မြူးနစ်အသင်းအတွက် ဒုတိယဂိုးထပ်သွင်းခဲ့ပါတယ်။ဘင်ဖီကာအသင်းအတွက် ချေပဂိုးကိုတော့ လူစားဝင်လာတဲ့ တာလစ်စကာက (၇၆)မိနစ်မှာ ဖရီးကစ်တိုက်ရိုက်ကန်ချက်နဲ့ သွင်းယူခဲ့တာပါ။ဘင်ဖီကာက နောက်တစ်ဆင့်တက်ဖို့ မလွယ်တော့ပေမယ့် အိမ်ကွင်းပရိသတ်ရှေ့မှာ နိုင်ပွဲရဖို့ ကြိုးစားခဲ့သလို ဘိုင်ယန်မြူးနစ်အသင်းကလည်း လီဝန်ဒေါစကီးကို ထည့်သွင်းပြီး တိုက်စစ်ပိုင်းအပြောင်းအလဲလုပ်ခဲ့ပေမယ့် ရလဒ်ကတော့ မပြောင်းလဲခဲ့ပါဘူး။
အက်သလက်တီကိုအသင်း လက်ရှိချန်ပီယံကို အနိုင်ယူပြီး ဘိုင်ယန်မြူးနစ်နဲ့အတူ ဆီမီးဖိုင်နယ်တက်ရောက်
Most Read
Most Recent
2 hours ago