ပခုက္ကူမြို့ မြို့မဈေးရှိ ရွှေဆိုင်တစ်ဆိုင်အား ခလရ (၂၅၂) မှ ဗိုလ်ကြီးအဆင့်ရှိသူ ဆိုသူ တစ်ဦးက ရွှေဝယ်ချင်ကြောင်း ပြောဆိုကာ ရွှေဆွဲကြိုးများအား လုယက် ထွက်ပြေးမှု ဖြစ်ပွား

ပခုက္ကူမြို့ မြို့မဈေးရှိ ရွှေဆိုင်တစ်ဆိုင်အား ခလရ (၂၅၂) မှ ဗိုလ်ကြီးအဆင့်ရှိသူ ဆိုသူ တစ်ဦးက ရွှေဝယ်ချင်ကြောင်း ပြောဆိုကာ ရွှေဆွဲကြိုးများအား လုယက် ထွက်ပြေးမှု ဖြစ်ပွား
Published 4 April 2016
သက်ထိန်ဝင်း

ယခု ဧပြီ ၄ ရက် မွန်းလွဲ ၁ နာရီ ၃၁ မိနစ် အချိန်ခန့်က ပခုက္ကူမြို့၊ မြို့မဈေးရှိ ရွှေဆိုင် တစ်ဆိုင်အား ခလရ (၂၅၂) မှ ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးက ရွှေဝယ်ချင်ကြောင်း ပြောဆိုကာ ရွှေဆွဲကြိုးများအား လုယက်ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း ပခုက္ကူမြို့မ ရဲစခန်းမှ သိရသည်။ရွှေဆွဲကြိုးများအား လုယက် ထွက်ပြေးသူအား အနီးနားရှိ ပြည်သူများက လိုက်လံ ဖမ်းဆီးခဲ့ပြီး ပခုက္ကူမြို့မ ရဲစခန်းသို့ ဆက်လက် လွှဲပြောင်း ပေးအပ် စစ်ဆေးရာမှ ပြစ်မှုကျူးလွန်သူမှာ ခလရ (၂၅၂) မှ ဗိုလ်ကြီး စိုးကျော်ကျော်ဆိုသူ ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ပခုက္ကူမြို့မရဲစခန်းမှူးက ပြောကြားသည်။ကျူးလွန်သူမှာ တပ်မတော် အရာရှိ တစ်ဦးဖြစ်ကြောင်း ထွက်ဆိုခြင်းကြောင့် ပခုက္ကူ မြို့မ ရဲစခန်း တာဝန်ရှိသူများက ခလရ  (၂၅၂) တာဝန်ရှိသူများထံ အကြောင်းကြားမှုများ ပြုလုပ်ပြီး ခလရ (၂၅၂) တာဝန်ရှိသူများ ရောက်ရှိချိန်တွင် အတည်ပြု စစ်ဆေးမှုများ ဆက်လက် ပြုလုပ်ခဲ့ကြောင်း သိရသည်။ပြစ်မှုကျူးလွန်သူမှာ မြင့်သစ္စာ ရွှေဆိုင်သို့ ရွှေဝယ်ချင်ကြောင်း ပြောဆို၍ ရောက်ရှိလာခဲ့ကြောင်း၊ ဆိုင်ရှင်ဖြစ်သူက ရွှေဆွဲကြိုးများအား ထုတ်၍ ပြသခဲ့ကြောင်း၊ ငါးကုံးမြောက် ဆွဲကြိုးအား ထုတ်၍ ပြသပြီးချိန်တွင် ရွှေဆွဲကြိုးများအား ဓာတ်ပုံရိုက်ရန်ပြုပြီး ဆွဲကြိုးငါးကုံးအား လုယူထွက်ပြေးသွားခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းလုယူ ထွက်ပြေးသွားသော ဆွဲကြိုး ငါးကုံးမှာ တစ်ကုံးလျှင် တစ်ကျပ်သား အလေးချိန် ရှိကြောင်းနှင့် စစ်ဆေးမှုများအရ ဗိုလ်ကြီးဖြစ်ကြောင်းမှာ မှန်ကန်ကြောင်း ပခုက္ကူမြို့မ ရဲစခန်းမှူးက ဖြေကြားသည်။

ပြစ်မှုကျူးလွန်သူ ယူဆောင်သွားသော ရွှေဆွဲကြိုးများအား မြင်တွေ့ရစဉ်
ရွှေဆွဲကြိုးများ လုယူ ထွက်ပြေးသူက ငွေကြေး လိုအပ်ချက်ကြောင့် ကျူးလွန်ခြင်းဟု ထွက်ဆိုထားပြီး ကျူးလွန်သူအား ပခုက္ကူမြို့မ ရဲစခန်းတွင် (ပ) ၁၁၅/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မှုခင်း မှတ်တမ်းများအရ သိရသည်။“ဖြစ်ဖြစ်ချင်း ဆိုင်က ဝန်ထမ်းတွေ အော်လို့ ကျွန်တော်တို့ လိုက်ဖမ်းတယ်။ သူက ထွက်ပြေးပြီး ဈေးတောင်ဘက် အိမ်တစ်အိမ်ထဲ ဝင်ပုန်းတယ်။ အဲဒီ အိမ်ထဲမှာပဲ ကျွန်တော်တို့ သူ့ကို ဖမ်းမိတယ်။ ဈေးရုံးထိ ခေါ်လာပြီး တပ်ကလို့ ပြောလို့ ရဲစခန်းကို ခေါ်အပ်လိုက်တယ်” ဟု ကိုယ်တိုင်လိုက်လံ ဖမ်းဆီးခဲ့သည့် ကိုဇော်က ပြောသည်။ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၅ ရက်ကလည်း ပခုက္ကူမြို့၊ အမှတ် (၈) လွတ်လပ်ရေးလမ်းရှိ ကမ္ဘောဇဘဏ်တွင် အသက် (၃၀ ) အရွယ် အမျိုးသား တစ်ဦးက ဘဏ်အတွင်းပိုင်း အိမ်သာအား မီးရှို့၍ ငွေများ လုယက်ရန် ကြံစည်မှု ဖြစ်ပွားခဲ့သည်။   

Most Read

Most Recent