မြန်မာ့စိုက်ပျိုးရေးဘဏ်ကို ကော်ပိုရေးရှင်း အသွင်ပြောင်း၍ စီးပွားဖြစ်သီးနှံများနှင့် အခြားစိုက်ပျိုးရေး လုပ်ငန်းများကို ငွေချေးနိုင်ရန် ပြင်ဆင်စီစဉ် လျက်ရှိကြောင်း စီးပွားရေး ပညာရှင် ဒေါက်တာဇော်ဦး၏ မြန်မာနိုင်ငံ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုမူဘောင်(၂၀၁၂-၂၀၁၅) ၏ ဖွံ့ဖြိုးမှုရလဒ်များကို ပြန်ပြောင်းသုံးသပ်ခြင်း စာတမ်းတွင် ဖော်ပြထားသည်။
လယ်ယာစိုက်ပျိုးရေး ကဏ္ဍ၏ ပြုပြင်ပြောင်းလဲရေး၊ အထူးသဖြင့် ကျေးလက်ဖွံ့ဖြိုးရေး စီမံကိန်းသည် ဆင်းရဲမှုလျှော့ချရေး ရည်မှန်းချက်များ ပြည့်မြောက် အောင်မြင်စေရေးအတွက် အထူးအရေးကြီးကြောင်း၊ မြန်မာနိုင်ငံသည် လူဦးရေနှင့် မြေအသုံးချမှုအချိုးသာ ရှိနေသေးပြီး စိုက်ပျိုးနိုင်သည့်မြေ သုံးပုံ တစ်ပုံခန့်မှာ မြေလွတ်မြေရိုင်းအဖြစ် ရှိနေဆဲ ဖြစ်ရာဖွံ့ဖြိုးရေးနှင့် မျှတရေး ရည်မှန်းချက် နှစ်ခုစလုံးကိုပါ ဖော်ထုတ်နိုင်မည့် ကဏ္ဍတစ်ရပ်အဖြစ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ဦးစားပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်သူလယ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲများစွာ ရှိသည့်အနက် ချေးငွေရရှိရေးကို ဦးစားပေး ဆောင်ရွက်နေကြောင်း၊ မြန်မာ့စိုက်ပျိုးရေးဘဏ်မှ စိုက်ပျိုးစရိတ် ချေးငွေကို အဆပေါင်း ၁၀ ဆကျော် ကျပ်သန်း ထောင်ပေါင်းတစ်ထောင်ကျော် အထိ ချေးပေးခဲ့ပြီး ဆန်စပါးအပြင် အခြားသီးနှံများ အတွက်လည်း သီးခြားချေးငွေများ သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်လျက်ရှိသော လုပ်သားနှင့် လူဦးရေ ရွှေ့ပြောင်းမှုတို့ကြောင့် ယခင်က စိုက်ပျိုးရေး ဗဟိုချက်မ ဒေသဖြစ်သည့် ဧရာဝတီတိုင်း ဒေသကြီးတွင် လယ်ယာလုပ်သား နည်းပါးလာခြင်း၊ ဖြစ်ပေါ်လာသော စိန်ခေါ်မှုကို ဖြေရှင်းရန် စက်မှုလယ်ယာသို့ ကူးပြောင်းနိုင်မည့် စံပြစိုက်ခင်း အစီအစဉ် များကိုလည်း စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ကြောင့် လယ်ယာကဏ္ဍ တိုးတက်နှုန်းသည် ၂၀၁၁ ခုနှစ် မတိုင်ခင်က အနှုတ်လက္ခဏာ ပြနေရာမှ ၂၀၁၁ ခုနှစ်မှစ၍ ၂၀၁၅ ခုနှစ်အထိ မှန်မှန်မြင့်တက်လျက် ရှိနေကြောင်း သိရသည်။
သို့သော်လည်း အခြေခံအဆောက်အအုံနှင့် လမ်းပန်းဆက်သွယ်ရေး အားနည်းမှု၊ ဈေးကွက်ချိတ်ဆက်မှု အခက်အခဲ၊ ချေးငွေ မလုံလောက်မှု၊ သီးနှံအချို့သာ စိုက်ပျိုးနိုင်မှု စသည်တို့ကို ကျော်လွှားနိုင်ရန် ဆက်လက် ဆောင်ရွက်ရမည်ဖြစ်သည်။
တောင်သူလယ်သမားများ ကြုံတွေ့နေရသည့် ကြွေးမြီပြဿနာများနှင့် စပ်လျဉ်းပြီးလည်း "ဘဏ်စနစ် အားနည်းချက်ကတော့ စိုက်ပျိုးစရိတ်ကို တစ်သိန်းပဲ ထုတ်ချေးနိုင်သေးတယ်။ နောက်ပြီး ဒါကလည်း ကာလတို သီးနှံပေါ်ချိန် ပြန်ဆပ်တဲ့ စနစ်ဖြစ်နေတယ်။ အဲဒီတော့ ကာလလတ်တို့ ကာလရှည်ချေးငွေတွေ ပေးနိုင်ဖို့ လိုပါတယ်။ ဒါဆိုရင် လယ်သမားတွေက စိုက်ပျိုးရေးပိုင်းမှာ ပိုပြီးရင်းနှီးမြှုပ်နှံနိုင်မှာ ဖြစ်ပါတယ်။ သူတို့ စပါးစိုက်တာ တစ်ခုတည်းနဲ့ သူတို့ဘ၀ အခြေအနေတွေ မြင့်မားလာဖို့ဆိုတာ မလွယ်ပါဘူး။ တခြားစီးပွားရေး လုပ်ငန်းတွေ လုပ်နိုင်မှ သူတို့ဘ၀ အခြေအနေတွေ မြင့်မားလာမှာ ဖြစ်ပါတယ်။ အဲဒီအတွက် နှစ်အလိုက်ချေးငွေ၊ နှစ်ရှည်ချေးငွေတွေကို ထုတ်ချေးပေးနိုင်ဖို့ လိုပါတယ်။ လက်ရှိမှာ ဒါတွေကို ထုတ်ချေးနိုင်ခြင်း မရှိသေးပါဘူး" ဟု ဦးချစ်ခိုင်က သုံးသပ်ပြောကြားခဲ့သည်။
မြန်မာ့စိုက်ပျိုးရေးဘဏ်ကို ကော်ပိုရေးရှင်း အသွင်ပြောင်း၍ စီးပွားဖြစ်သီးနှံများနှင့် အခြားစိုက်ပျိုးရေး လုပ်ငန်းများအား ငွေချေးနိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရ










