၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၇ ဘီလျံနီးပါး ရှိလာပြီး ဦးသိန်းစိန်အစိုးရ၏ နောက်ဆုံးသက်တမ်းတွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၅ ဒသမ ၃ ဘီလျံအထိ စံချိန်တင် ထပ်မံမြင့်တက်

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၇ ဘီလျံနီးပါး ရှိလာပြီး ဦးသိန်းစိန်အစိုးရ၏ နောက်ဆုံးသက်တမ်းတွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၅ ဒသမ ၃ ဘီလျံအထိ စံချိန်တင် ထပ်မံမြင့်တက်
Published 31 March 2016
စည်သူအောင်

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် မကုန်ဆုံးမီ တစ်ပတ်အလိုတွင် ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၇ ဘီလျံနီးပါး ရှိလာပြီး ဦးသိန်းစိန်အစိုးရ၏ နောက်ဆုံးသက်တမ်းတွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၅ ဒသမ ၃ ဘီလျံ အထိ စံချိန်တင် ထပ်မံမြင့်တက်ခဲ့ကြောင်း  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။မတ် ၂၅ ရက်အထိ စာရင်းများအရ စုစုပေါင်း ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၆၉၁၂  သန်းကျော်ရှိပြီး ပို့ကုန်တင်ပို့မှု ပမာဏ ဒေါ်လာ ၁၀၇၇၀ သန်းကျော်ရှိကာ သွင်းကုန် တင်သွင်းမှုပမာဏ ဒေါ်လာ ၁၆၁၄၂ သန်းကျော် ရှိခဲ့သည်။ ယခင်နှစ် ကာလတူထက် ပို့ကုန်တင်ပို့မှုတွင် ဒေါ်လာ ၁၁၅၇ သန်းကျော် လျော့နည်းခဲ့ပြီး သွင်းကုန်တင်သွင်းမှုတွင်လည်း ဒေါ်လာ ၁၅၇ သန်းကျော် ကျဆင်းခဲ့ခြင်း ဖြစ်သည်။ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ပို့ကုန်မြှင့်တင်ရေး မဟာဗျူဟာအပါအဝင် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သော်လည်း ပို့ကုန်တိုးတက်မှု အနည်းငယ်သာရှိခဲ့ပြီး သွင်းကုန်တင်သွင်းမှု ဆက်တိုက်မြင့်တက်နေခြင်းကြောင့် ကုန်သွယ်မှုလိုငွေ ဆက်တိုက်များပြားခဲ့ခြင်း ဖြစ်သည်။ယခင် စစ်အစိုးရလက်ထက် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၂၄၄၈  သန်းကျော် ရှိရာမှ ဦးသိန်းစိန် အစိုးရ စတင်တက်ရောက်သည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပိုငွေ ဒေါ်လာ သန်း ၁၀၀ ကျော်သာ ရှိတော့သည်။ ယင်းနောက်ပိုင်း ဆက်တိုက် ကုန်သွယ်မှုလိုငွေပြခဲ့ရာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာ သန်း ၂၇၀ ကျော်၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၂၅၅၅ သန်းကျော်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၄၃၇၁ သန်းကျော်၊ လက်ရှိ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဒေါ်လာ သန်း ၅၃၀၀ ကျော်အထိ ယခင်နှစ်များကထက် စံချိန်တင် ထပ်မံမြင့်တက်ခဲ့ခြင်း ဖြစ်သည်။မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုသည် ပင်လယ်ရေကြောင်းမှ ရာခိုင်နှုန်း ၈၀ ခန့်ရှိ ပြီး နယ်စပ်ကုန်သွယ်မှုမှာ ၂၀ ရာခိုင်နှုန်းဝန်းကျင်ရှိရာ ယခု ကုန်သွယ်မှုလိုငွေ ဖြစ်ပေါ်မှုမှာ ပင်လယ်ရေကြောင်း ကုန်သွယ်မှုကဏ္ဍတွင် ပို့ကုန်နှင့် သွင်းကုန်ပမာဏ တိုးတက်မှုနှုန်း မညီမျှမှုကြောင့် ဖြစ်ပေါ်နေခြင်းဖြစ်သည်။နယ်စပ် ကုန်သွယ်ရေးကဏ္ဍသည် နှစ်စဉ် ပုံမှန်မြင့်တက်ခဲ့ပြီး လက်ရှိဘဏ္ဍာနှစ် ကုန်ဆုံးရန် တစ်ပတ်အလိုတွင် ပို့ကုန်ပမာဏ ဒေါ်လာ ၄၄၂၇ သန်းရှိပြီး သွင်းကုန်ပမာဏမှာ ဒေါ်လာ ၂၅၀၁ သန်းကျော် ရှိသည်။ ယခင်နှစ်ကာလတူထက် ပို့ကုန်ရော သွင်းကုန်ပါများပြားခဲ့ပြီး တိုးတက်မှု ဒေါ်လာ ၄၀၆ သန်းကျော်ရှိခဲ့ကာ ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၁၉၂၆ သန်းကျော် ရှိသည်။လက်ရှိဘဏ္ဍာနှစ် ပို့ကုန်ပမာဏ ကျဆင်းခဲ့သော ကဏ္ဍများမှာ လယ်ယာထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ စက်မှုကုန်ချောပစ္စည်းတို့ဖြစ်ပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာ  ၁၃၄၅ သန်းကျော် လျော့နည်းခဲ့သည်။ ပို့ကုန်တင်ပို့မှု သိသိသာ ကျဆင်းခဲ့သော်လည်း သွင်းကုန်တင်သွင်းမှုမှာ ယခင်နှစ်ထက် အနည်းငယ်သာ ကျဆင်းခဲ့ခြင်းကြောင့် ကုန်သွယ်မှုလိုငွေသည် ယခင်နှစ်ကထက် ဒေါ်လာ ၁ ဘီ လျံနီးပါး မြင့်တက်လာခြင်း ဖြစ်သည်။လက်ရှိ ဘဏ္ဍာနှစ်အတွင်း မြန်မာငွေတန်ဖိုး မတည်မငြိမ်ဖြစ်ခဲ့သော်လည်း  သွင်းကုန်ကဏ္ဍတွင် လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းမှလွဲပြီး ကျန်ပစ္စည်းများ တင်သွင်းမှု မြင့်တက်ခဲ့သည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသော နိုင်ငံခြားလုပ်ငန်းများကြောင့် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများ တင်သွင်းမှု ဆက်တိုက်မြင့်တက်နေခြင်းနှင့် တိုးတက်လာသော ပြည်တွင်းဝယ်လိုအားအတွက် လူသုံးကုန်ပစ္စည်း တင်သွင်းမှု များပြားနေခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးလိုငွေသည် ဆက်လက်များပြားဖွယ် ရှိနေသည်။       

Most Read

Most Recent