၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း ၈ ဒသမ ၄ ရာခိုင်နှုန်းအထိ ပြန်လည်ဦးမော့လာနိုင်ပြီး ငွေကြေးဖောင်းပွမှုနှုန်း အတန်အသင့် မြင့်မားနေဆဲဖြစ်မည်

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း ၈ ဒသမ ၄ ရာခိုင်နှုန်းအထိ ပြန်လည်ဦးမော့လာနိုင်ပြီး ငွေကြေးဖောင်းပွမှုနှုန်း အတန်အသင့် မြင့်မားနေဆဲဖြစ်မည်
Published 31 March 2016
နီလာ

မြန်မာနိုင်ငံ၏ အပြုသဘောဆောင်သော နိုင်ငံရေးဖြစ်စဉ်များနှင့် စနစ်ကျနသော ပြုပြင်ပြောင်းလဲမှု အစီအမံများသည် နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်လာနိုင်စေမည်ဖြစ်ကြောင်း ၂၀၁၆ ခုနှစ် မတ် ၃၀ ရက်က ရန်ကုန်မြို့ရှိ  Park Royal Hotel တွင် ကျင်းပသည့် ASIAN Development OUTLOOK 2016 Myanmar အခမ်းအနားတွင် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)က သတင်းထုတ်ပြန်ခဲ့သည်။ADB ၏ အာရှ၏ အလားအလာ အစီရင်ခံစာ-၂၀၁၆အရ မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းမှာ နိုင်ငံအနှံ့ ဖြစ်ပွားခဲ့သော ရေကြီးမြေပြိုမှုများကြောင့် ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ၇ ဒသမ ၂ ရာခိုင်နှုန်းခန့်သာ ရှိခဲ့ကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင်မူ မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း ၈ ဒသမ ၄ ရာခိုင်နှုန်းအထိ ပြန်လည်ဦးမော့လာနိုင်ပြီး ငွေကြေးဖောင်းပွမှုနှုန်း အတန်အသင့်မြင့်မားနေဆဲ ဖြစ်မည်ဟု သိရသည်။“၂၀၁၁ ခုနှစ်က စတင်ဆောင်ရွက်ခဲ့တဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေက အပြုသဘောရလဒ်တွေ ဖြစ်ထွန်းနေပေမယ့် မြန်မာနိုင်ငံရဲ့ အစိုးရသစ်အနေနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုမှာ ပိုမိုရှေ့ရောက်ဖို့ရာ အခြေခံအဆောက်အဦနဲ့ လုပ်သားလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ငြိမ်းချမ်းရေးနဲ့ လူမှုအသိုက်အဝန်းတွေ အချင်းချင်းသွေးစည်းချစ်ကြည် ကြဖို့စတဲ့ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ရမှာဖြစ်ပါတယ်”ဟု ADB ၏ မြန်မာနိုင်ငံဌာနကိုယ်စားလှယ် ဗင်းဖရက်ဗစ်ကလိုင်းက ပြောကြားသည်။၂၀၁၅ ခုနှစ် နိုဝင်ဘာလရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့်အတွက် အထူးစီးပွားရေးဇုန်များ၊ ပို့ဆောင်ရေး၊ တယ်လီဖုန်းဆက်သွယ်ရေးနှင့် စွမ်းအင်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုသစ်များ စီးဝင်လာမှုနှင့်အတူ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများလည်း ပိုမိုများပြားလာမည့် အနေအထားရှိသည်ဟု သုံးသပ်ထားသည်။ ထို့ပြင် ရေကြီးမှု၏ဒဏ်မှ ပြန်လည်ထူထောင်လာသော စိုက်ပျိုးရေးကဏ္ဍက စားကုန်ဈေးနှုန်းများကို ပြန်လည်ကျဆင်းစေသည့်အတွက် ငွေကြေးဖောင်းပွမှုနှုန်းမှာ အတန်အသင့် ရှိဖြစ်သော်လည်း ၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ၉ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်မားမှုရှိနေနိုင်မည်ဖြစ်ကာ ၂၀၁၇ ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၅ ရာခိုင်နှုန်းသို့ ပြန်လည်ကျဆင်းမည်ဟု ခန့်မှန်းထားသည်။ရေကြီးမှုများနှင့် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာသည့် နောက်ပိုင်းတွင် အစားအသောက်ဈေးနှုန်းများ ထိုးတက်လာသည်။  ထို့အတူ ငွေကြေးဖောင်းပွမှုမှာလည်း ၂၀၁၅ ခုနှစ် အောက်တိုဘာတွင် ၁၆ ဒသမ ၂ ရာခိုင်နှုန်းအထိ တက်လာခဲ့သည်။၂၀၁၅ ခုနှစ်တွင် ပျမ်းမျှငွေကြေးဖောင်းပွမှုမှာ ၁၁ ရာခိုင်နှုန်း ဖြစ်သည်။ လက်ရှိဘဏ္ဍာငွေစာရင်း လိုငွေပြမှုများ များပြားလာသည့်ဂယက်ကြောင့် မြန်မာကျပ်ငွေတန်ဖိုးသည် ခိုင်မာနေသည့် ဒေါ်လာနှင့် နှိုင်းယှဉ်ငွေလဲမှုတွင် ၂၀၁၄ ခုနှစ် ဧပြီမှ ၂၀၁၆ ခုနှစ် ဇန်နဝါရီအတွင်း ၂၆ ရာခိုင်နှုန်း ကျဆင်းသွားသည်။ပုဂ္ဂလိကဈေးကွက်အတွက် ချေးငွေရောက်ရှိမှုမှာ လျင်မြန်စွာ တိုးတက်လာပြီး  နှစ်စဉ် ၄၅ ရာခိုင်နှုန်းအထိ တိုးတက်လျက်ရှိသည်။ ထို့အတူ ငွေကြေးပါဝင်လည်ပတ်မှုမှာ ၁၇ ဒသမ ၉ ရာခိုင်နှုန်းအထိ တိုးတက်လာသည်ဟု သိရသည်။                 

Most Read

Most Recent