မြန်မာနိုင်ငံ အနေဖြင့် ဒေသအတွင်း၌ ပြည်ပတင်ပို့မှုများ အတွက် လုပ်အားခဈေးချိုစွာ ထုတ်လုပ်နိုင်သည့် အခြေခံနေရာ ကောင်းတစ်ခု၊ မဟာဗျူဟာကျသည့်နေရာ တစ်ခုအဖြစ် အထူးစီးပွားရေးဇုန်များကို လုပ်အားအခြေပြု လုပ်ငန်းများ ပေါ်ထွန်းလာနိုင်ရန် အလေးပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စီးပွားရေး ပညာရှင် ဒေါက်တာဇော်ဦး၏ မြန်မာနိုင်ငံ စီးပွားရေးနှင့် လူမှုရေးပြုပြင် ပြောင်းလဲမှု မူဘောင် (၂၀၁၂-၂၀၁၅) ၏ ဖွံ့ဖြိုးမှုရလဒ်များကို ပြန်ပြောင်း သုံးသပ်ခြင်း စာတမ်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် စီးပွားရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအရ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အခြေခံများ ပိုမိုလျင်မြန် သွက်လက်စေရန်နှင့် အခြေခံ အဆောက်အအုံ အားနည်းမှုများကြောင့် တစ်ဆို့နေရသည့် အခြေအနေများကို ကျော်လွှားနိုင်ရန် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ ပြည်ပပို့ကုန် တိုးတက်စေရန် ရည်ရွယ်ချက်များဖြင့် အထူးစီးပွားရေးဇုန် သုံးခုကို သီလဝါ အထူးစီးပွားရေးဇုန်၊ ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်တို့တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၂၀၁၅ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ သီလဝါ အထူးစီးပွားရေးဇုန်ကို ဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်ဝင်ရောက် လာခဲ့သည်။
သီလဝါ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှု အနေဖြင့် ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်မှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်အထိ နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ကုမ္ပဏီ ၄၈ ခု အား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့် ထုတ်ပေးခဲ့ပြီး ကုမ္ပဏီ ၄၆ ခုအား ဖွဲ့စည်းမှတ်ပုံတင် ပေးခဲ့ကြောင်းနှင့် ကုမ္ပဏီ ၄၈ ခု၏ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းမှာ ဒေါ်လာ သန်း ၅၀၀ ကျော်ရှိကြောင်း သိရသည်။ သီလဝါ အထူးစီးပွားရေးဇုန်တွင် လုပ်ကိုင်ခွင့် ရရှိထားသည့် ကုမ္ပဏီ များအနက် အချို့မှာ လက်ရှိအချိန်၌ စမ်းသပ်လည်ပတ်လျက်ရှိပြီး မကြာခင် ထုတ်လုပ်ရေးလုပ်ငန်းများ စတင်တော့မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများတွင် လုပ်အားအခြေပြုကာ ကုန်ထုတ်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်မည့် လုပ်ငန်းများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံကော်မရှင်မှ ခွင့်ပြုပေးနေကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဖေဖော် ဝါရီလကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၅ ဒသမ ၆ ဘီလျံအထိ ဝင်ရောက်ခဲ့သည့်အနက် ကုန်ထုတ်လုပ်မှု လုပ်ငန်းများတွင် ဒေါ်လာ ၉၅၅ သန်းကျော်ဖြင့် တတိယအများဆုံး ဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။
စီးပွားရေး ပြုပြင်ပြောင်းလဲမှုများအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ဆောင်ရွက်နေသကဲ့သို့ အခြားတစ်ဖက်တွင်လည်း ပြည်တွင်းရှိ လုပ်ငန်းရှင်များ စီးပွားရေး လုပ်ဆောင်ရာတွင် ကြုံတွေ့နေရသည့် ကုန်ထုတ်လုပ်ပို့ဆောင်မှု စရိတ် (Transaction Cost) ကြီးမြင့်ခြင်းကိုလည်း လျှော့ချနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိသော်လည်း ယင်းတို့မှာ အကန့်အသတ် ဖြစ်နေဆဲ ဖြစ်ကြောင်း ဒေါက်တာဇော်ဦး၏ စာတမ်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံအနေဖြင့် ဒေသအတွင်း၌ ပြည်ပတင်ပို့မှုများ အတွက် လုပ်အားခဈေးချိုစွာ ထုတ်လုပ်နိုင်သည့် အခြေခံနေရာကောင်းတစ်ခု၊ မဟာဗျူဟာကျသည့် နေရာတစ်ခုအဖြစ် လုပ်အားအခြေပြုလုပ်ငန်းများ ပေါ်ထွန်းလာနိုင်ရန် အလေးပေးဆောင်ရွက်မည်










