အစိုးရသစ် အပြောင်းအလဲနှင့်အတူ မြန်မာနိုင်ငံ၏ ပွင့်လန်းလာသော ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကြောင့် တောင်ကိုရီးယား ဘဏ္ဍာရေးလုပ်ငန်းများ မြန်မာ့အရင်းအနှီး ဈေးကွက်အတွင်း ဝင်ရောက်ရန် ပြင်ဆင်နေကြောင်း တောင်ကိုရီးယား အခြေစိုက် သတင်းဌာနများက ဖော်ပြထားသည်။တောင်ကိုရီးယား အခြေစိုက်ဘဏ်များဖြစ်သော Shanhan ဘဏ်၊ Woori ဘဏ်နှင့် ငွေကြေးချေးငှားသည့် ကုမ္ပဏီများဖြစ်သည့် BNK Capital၊ IBK Capital တို့သည့် မြန်မာနိုင်ငံ၏ အရင်းအနှီးဈေးကွက်အတွင်း ဝင်ရောက်လာပြီဖြစ်ပြီး အချို့က အသေးစား ချေးငွေလုပ်ငန်းကဏ္ဍတွင် တစ်ဦးလျှင် ဝမ်ငါးသန်း (အမေရိကန်ဒေါ်လာ ၄၂၈၀- မြန်မာငွေ ကျပ်သိန်း ၅၀ကျော်အထိ) ချေးငှားလိုကြောင်း ကမ်းလှမ်းထားကြခြင်းဖြစ်သည်။တောင်ကိုရီးယား စက်မှုလက်မှုဘဏ်၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် IBK Capital အနေဖြင့် မြန်မာနိုင်ငံတွင် ၎င်း၏ အသေးစား ချေးငွေလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြန်မာအစိုးရထံမှ နောက်ဆုံးအဆင့် ခွင့်ပြုချက် စောင့်ဆိုင်းလျက်ရှိပြီး လုပ်ငန်းဆောင်ရွက်ခွင့်ရရှိပါက ရန်ကုန်မြို့မြောက်ပိုင်းရှိ အင်းစိန်မြို့နယ်နှင့် မန္တလေးမြို့တို့တွင် လုပ်ငန်းများ စတင်လုပ်ကိုင်ရန် စီစဉ်ထားကြောင်း သိရသည်။IBK Capital က ၎င်း၏ အသေးစား ချေးငွေများကို လယ်ယာစိုက်ပျိုးရေး၊ ဆေးဝါးကုသမှု၊ အလုပ်သမား၊ အသေးစားစီးပွားရေး၊ ဝင်ငွေနည်းမိသားစုများအတွက် ပညာရေးချေးငွေ စသည့်ကဏ္ဍများစွာတွင် ပေးအပ်ရန် စီစဉ်ထားပြီး တစ်ဦးလျှင် ကျပ်သိန်း ၅၀ ထုတ်ချေးရန် စီစဉ်ထားခြင်းဖြစ်သည်။ ယင်းလုပ်ငန်းသည် လာအိုနိုင်ငံတွင်လည်း လုပ်ငန်းများ ဆောင်ရွက်နေပြီး ၎င်းလုပ်ငန်း အတွေ့အကြုံများဖြင့် မြန်မာဈေးကွက်ကို ဝင်ရောက်လိုခြင်းဖြစ်သည်။ BNK Capital သည် မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်ကတည်းက လည်ပတ်နေသည့် ကုမ္ပဏီဖြစ်ပြီး ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့တွင်လည်း လုပ်ငန်းများဆောင်ရွက်နေသည်။ ယင်းလုပ်ငန်းသည် မြန်မာနိုင်ငံတွင် အသေးစားချေးငွေလုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်ပြီး အတိုးနှုန်းရာခိုင်နှုန်း ၃၀ နှင့် ဝန်ဆောင်ခ တစ်ရာခိုင်နှုန်းရယူပြီး ယခုနှစ်တွင် အမြတ်စတင်ရရှိနိုင်မည်ဟု မျှော်မှန်းထားသည်။တောင်ကိုရီးယားအခြေစိုက် Shinhan ဘဏ်မှာ ပြီးခဲ့သည့်လက မြန်မာအစိုးရထံမှ ဘဏ်ခွဲဖွင့်လှစ်ခွင့်ရရှိခဲ့သော ဘဏ်လုပ်ငန်းတစ်ခုဖြစ်သည်။ Shinhan ဘဏ်က မြန်မာနိုင်ငံတွင် လုပ်ငန်းများ လာရောက်ဆောင်ရွက်သော တောင်ကိုရီးယားကုမ္ပဏီများကို ဘဏ္ဍာရေးနှင့် ငွေကြေးဝန်ဆောင်မှုများ ပေးအပ်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ ၎င်း၏ လုပ်ငန်းခွဲတစ်ခုဖြစ်သော Shinhan Card ကလည်း မြန်မာဈေးကွက်တွင် လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြင်ဆင်နေသည်။Woori Bank ကလည်း မြန်မာနိုင်ငံတွင် Woori Finance Bank လုပ်ငန်းအဖြစ် ဆောင်ရွက်နေပြီး ၂၀၁၅ ခုနှစ် နိုဝင်ဘာတွင် လုပ်ငန်းစတင်တည်ထောင်ခြင်းဖြစ်သည်။ လက်ရှိအရင်းအနှီး အမေရိကန်ဒေါ်လာ နှစ်သန်း မြှုပ်နှံထားသည်။တောင်ကိုရီးယားလုပ်ငန်းများက ပွင့်လန်းလာသော မြန်မာ့စီးပွားရေးအခြေအနေကို အင်ဒိုချိုင်းနားဒေသ၏ ပုလဲသွယ်ဟု တင်စားထားကြပြီး ၎င်းတို့၏ လုပ်ငန်းသစ်များ စတင်ရန်နှင့် ဝင်ရောက်ပြီးလုပ်ငန်းများ တိုးချဲ့ရန် မျှော်လင့်ထားကြခြင်းဖြစ်သည်။
ပွင့်လန်းလာသော ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကြောင့် တောင်ကိုရီးယား ဘဏ္ဍာရေးလုပ်ငန်းများ မြန်မာ့အရင်းအနှီး ဈေးကွက်အတွင်း ဝင်ရောက်ရန်ပြင်ဆင်










