မြန်မာနိုင်ငံ၏ စတော့ဈေးကွက်တွင် ပထမဆုံး စတော့ရှယ်ယာရောင်းချခွင့်ရ FMI ကုမ္ပဏီ စတင်ရောင်းချသည့်နေ့တွင် ရှယ်ယာတစ်စုလျှင် ကျပ် ၃၁၀၀၀ ဖြင့် ကျပ်သုံးဘီလျံကျော်ဖြင့် မတ် ၂၅ ရက်တွင် စတင် ဖွင့်လှစ်ခဲ့သည့် ရန်ကုန်စတော့အိတ်ချိန်းတွင် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရသည်။
FMI ကုမ္ပဏီအနေဖြင့် ရန်ကုန်စတော့အိတ်ချိန်း ဈေးစဖွင့်ချိန်တွင် ရှယ်ယာတစ်စုလျှင် ကျပ် ၂၆၀၀၀ ဖြင့် ဈေးဖွင့်ခဲ့ပြီး ဈေးဖွင့်ချိန်တွင် ရှယ်ယာ ရောင်းလိုအားထက် ဝယ်လိုအားမှာ နှစ်ဆကျော် များပြားခဲ့ကြောင်း သိရသည်။
ရှယ်ယာ အရောင်းအဝယ်ပြုလုပ်သည့် နံနက် ၁၁ နာရီတွင် ရှယ်ယာ ဝယ်ယူရန်အတွက် ဝယ်ယူရန် အဆိုပြုသည့် ရှယ်ယာစု အရေအတွက်မှာ ၈၀၀၀၀ ကျော်ရှိခဲ့ပြီး ရောင်းချနိုင်သည့် အရေအတွက်မှာ ၄၂၆၁၀ အထိသာ ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မွန်းလွဲ ၁ နာရီတွင် ရှယ်ယာဝယ်ယူရန် အဆိုပြုသူ ရှယ်ယာအရေအတွက် ၇၀၀၀၀ ကျော်ရှိခဲ့ပြီး စုစုပေါင်း ရန်ကုန်စတော့အိတ်ချိန်း စဖွင့်သည့်နေ့တွင်ပင် FMI ၏ ရှယ်ယာအရေအတွက် တစ်သိန်း တစ်သောင်းကျော် ငွေပမာဏအားဖြင့် ကျပ်သုံးဘီလျံကျော် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရသည်။
“အခုက စတော့ဈေးကွက်မှာ ကျွန်တော်တို့ KBZ Sterling Coleman က စာရင်းဝင် ကုမ္ပဏီအားလုံးရဲ့ Trading ပိုင်းကို လုပ်သွားမှာဖြစ်တယ်။ စတော့အိတ်ချိန်းမှာ ရှယ်ယာဝယ်ဖို့အတွက် ကျွန်တော်တို့ဆီကနေ ဒီနေ့မှာ တစ်ဆင့်အော်ဒါ လှမ်းတင်တာက မနက် ၅ နာရီခွဲကတည်းက တန်းစီပြီး လှမ်းတင်ထားတာတွေ ရှိတယ်။ ဒါကြောင့် စတော့အိတ်ချိန်းကို လူစိတ်ဝင်စားမှု များတယ်လို့ ပြောလို့ရတယ်”ဟု KBZ Sterling Coleman မှ ဦးညိုမြင့်က ပြောကြားသည်။
ရှယ်ယာ အရောင်းအဝယ် ပြုလုပ်မည့်သူများအနေဖြင့် လိုင်စင်ရ ငွေချေးသက်သေခံ လက်မှတ်ရောင်းဝယ်ရေးကုမ္ပဏီတစ်ခုတွင် စာရင်းဖွင့်လှစ်ပြီး အစုရှယ်ယာရှင်များအနေဖြင့် ၎င်းတို့၏ ရှယ်ယာများကို စတင်ရောင်းဝယ်မှု ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။ ငွေချေး သက်သေခံလက်မှတ် စာရင်းဖွင့်လှစ်ခြင်း မရှိသေးသော အစုရှယ်ယာရှင်များ အနေဖြင့် အစုရှယ်ယာရောင်းဝယ် ခြင်း မပြုလုပ်မီ ငွေချေးသက်သေခံလက်မှတ် စာရင်းတစ်ခုကို ဖွင့်လှစ်ထားရန် လိုအပ်ကြောင်း သိရသည်။
KBZ Sterling Coleman ကုမ္ပဏီ၏ ဈေးကွက်မတည်ငွေသည် ကျပ်သန်း ၇၂၇၈၈၀ ရှိကြောင်း သိရသည်။ ရန်ကုန်စတော့အိတ်ချိန်းကို ဂျပန် - မြန်မာ ဖက်စပ် တည်ထောင်ခဲ့ပြီး ရန်ကုန်စတော့အိတ်ချိန်း ဖက်စပ်ကုမ္ပဏီလီမိတက် (YSX) သည်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က မှတ်ပုံတင် ဖွဲ့စည်းခဲ့ပြီး ခွင့်ပြု မတည်ရင်းနှီးငွေမှာ ကျပ် ၁၀၀ ဘီလျံနှင့် ထည့်ဝင်ရင်းနှီးငွေမှာ ကျပ် ၃၂ ဘီလျံ ဖြစ်ကြောင်း သိရသည်။
ရန်ကုန်စတော့အိတ်ချိန်းကို မြန်မာနိုင်ငံဘက်မှ စီးပွားရေးဘဏ်က အစုရှယ်ယာ ၅၁ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံ Daiwa Institute of Research နှင့် Japan Exchange Group တို့မှ ၄၉ ရာခိုင်နှုန်းဖြင့် ပူးပေါင်း ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်စတော့အိတ်ချိန်း၏ ရှယ်ယာအရောင်းအဝယ်ကို နံနက် ၁၁ နာရီတစ်ကြိမ်၊ မွန်းလွဲ ၁ နာရီတစ်ကြိမ်ဖြင့် နေ့စဉ်နှစ်ကြိမ် ရုံးဖွင့်ရက်များတွင်သာ ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာ စတင်ရောင်းချသည့် FMI ကုမ္ပဏီသည် လက်ရှိတွင် အစုရှယ်ယာရှင်ပေါင်း ၆၇၀၀ ကျော်ရှိကြောင်း သိရသည်။
ရန်ကုန်စတော့အိတ်ချိန်းကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်တွင် စတင် ဖွင့်လှစ်ခဲ့သော်လည်း ရှယ်ယာ စတင်ရောင်းချခြင်းကိုမူ ယခု မတ် ၂၅ ရက်တွင်မှသာ ရောင်းချနိုင်ခြင်းဖြစ် ကြောင်း သိရသည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာရောင်းချခွင့်ရသည့် ကုမ္ပဏီခြောက်ခုဖြစ်သည့် First Myanmar Investment ,First Private Bank (ပထမပုဂ္ဂလိကဘဏ်)၊ Myanmar Citizen Bank၊ Myanmar Thilawa SEZ Holdings Public ကုမ္ပဏီ၊ Great HOR KHAN Public Co. ၊ Myanmar Agribusiness Public Corporation (MAPCO) တို့မှာ ရှယ်ယာ ရောင်းချခွင့်ရသည့် ကုမ္ပဏီများဖြစ်ကြောင်း သိရသည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာရောင်းချရန် ဒုတိယသုတ်အနေဖြင့် မြန်မာ သီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီလီမိတက်မှ ၂၀၁၆ ဧပြီလတွင် ရောင်းချခွင့်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငွေချေး သက်သေခံလက်မှတ် ရောင်းဝယ်ရေးလုပ် ငန်းကြီးကြပ်ရေးကော်မရှင်ထံမှ သိရသည်။










