အထူးစီးပွားရေးဇုန်များတွင် အာမခံလုပ်ငန်း လုပ်ကိုင်ရန် စံသတ်မှတ်ချက်များနှင့် ပြည့်စုံသည့် ပြည်ပကုမ္ပဏီများကို ထပ်မံခွင့်ပြုမည် ဖြစ်သော်လည်း လာရောက် လျှောက်ထားခြင်း မရှိသေး

အထူးစီးပွားရေးဇုန်များတွင် အာမခံလုပ်ငန်း လုပ်ကိုင်ရန် စံသတ်မှတ်ချက်များနှင့် ပြည့်စုံသည့် ပြည်ပကုမ္ပဏီများကို ထပ်မံခွင့်ပြုမည် ဖြစ်သော်လည်း လာရောက် လျှောက်ထားခြင်း မရှိသေး
Published 24 March 2016
အေးမြတ်မွန်

အထူးစီးပွားရေးဇုန်များတွင် အာမခံလုပ်ငန်း လုပ်ကိုင်ရန် စံသတ်မှတ်ချက်များနှင့် ပြည့်စုံသည့် ပြည်ပကုမ္ပဏီများကို ထပ်မံခွင့်ပြုမည် ဖြစ်သော်လည်း လာရောက် လျှောက်ထားသည့် ပြည်ပကုမ္ပဏီများ မရှိသေးကြောင်း အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့မှ သိရသည်။         
လက်ရှိတွင် ပြည်ပအာမခံ ကုမ္ပဏီများကို အထူးစီးပွားရေး ဇုန်များတွင် အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ပြုရာတွင် ဂျပန်အခြေစိုက် ကုမ္ပဏီသုံးခုဖြစ်သည့် Sompo Insurance, Tokio Marine, Sumitomo အာမခံကုမ္ပဏီများကို အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ပြုထားပြီး အခြားသော ပြည်ပကုမ္ပဏီများကိုပါ လျှောက်ထားခွင့်ပြုမည် ဖြစ်သော်လည်း ယခုအချိန်အထိ လျှောက်ထားသည့် ပြည်ပကုမ္ပဏီများ မရှိသေးကြောင်း သိရသည်။
"သီလဝါ အထူးစီးပွားရေးဇုန်မှာ အာမခံလုပ်ကိုင်ချင်တဲ့ အနောက်တိုင်း ကုမ္ပဏီတွေကလည်း သူ့သတ်မှတ် ထားချက်အတိုင်း ပြည့်သွားရင် တဖြည်းဖြည်း ပေးသွားမှာပေါ့။ အခုလက်ရှိက လျှောက်ထားတာ မရှိသေးဘူး" ဟု အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။
လက်ရှိတွင် ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ထားသည့် အာမခံကုမ္ပဏီပေါင်း ၂၁ ခုအထိ ရှိလာပြီး ဂျပန်နှင့် အနောက်နိုင်ငံများမှ အာမခံကုမ္ပဏီများမှ အများဆုံး ပါဝင်နေကြောင်း သိရသည်။
 အထူးစီးပွားရေး ဇုန်များတွင် အာမခံလုပ်ငန်း လုပ်ကိုင်မည့် နိုင်ငံခြား အာမခံကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံတွင် ဌာနေကိုယ်စားလှယ်ရုံးခွဲ လာရောက်ဖွင့်လှစ်ထားသည့် သက်တမ်းသုံးနှစ်ရှိရန် လိုအပ်ခြင်းကြောင့် အနောက်တိုင်း အာမခံကုမ္ပဏီများမှာ ယင်းစည်းကမ်းနှင့် ကိုက်ညီရန် လိုအပ်ချက် ဖြစ်နေကြောင်း သိရသည်။
ထို့ပြင် လုပ်ငန်းသက်တမ်း အနည်းဆုံး နှစ် ၃၀ ရှိရန် လိုအပ်ခြင်း၊ ရင်းနှီးမြှုပ်နှံမည့် ပမာဏသည်လည်း အနည်းဆုံး ဒေါ်လာသုံးဘီလျံရှိခြင်း၊ အာမခံစံနှုန်း သတ်မှတ်ချက် အဆင့် B+ ရှိရန် လိုအပ်ခြင်း၊ အာဆီယံနိုင်ငံများအနက် အနည်းဆုံး နှစ်နိုင်ငံတွင် အာမခံလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ရရှိထားခြင်းတို့ ရှိမှသာ အထူးစီးပွားရေး ဇုန်များတွင် လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် အထူးစီးပွားရေးဇုန်များတွင် လုပ်ငန်းလုပ်ကိုင်ခွင့်ရ ပြည်ပကုမ္ပဏီများ အနေဖြင့် အာမခံထားရှိရာတွင် မြန်မာ့အာမခံနှင့် ဖက်စပ် ၁၀ ရာခိုင်နှုန်း ထားရှိရမည်ဖြစ်ပြီး လျော်ကြေးပေးလျော် ရာတွင်လည်း မြန်မာ့အာမခံမှ ၁၀ ရာခိုင်နှုန်း ဖက်စပ်ပေးလျော်မည် ဖြစ်ကြောင်း သိရသည်။
 

Most Read

Most Recent