နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းများ၊ နိုင်ငံခြားသံရုံးနှင့် သံတမန်များ၏ နိုင်ငံခြားငွေများကို နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိထားသော ပုဂ္ဂလိကဘဏ်များတွင် အပ်နှံနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၆) အရ သိရသည်။
ဗဟိုဘဏ်အနေဖြင့် အဆိုပါ (၂/၂၀၁၆) ညွှန်ကြားချက်အရ ညွှန်ကြားချက်အမှတ် (၁၃/၂၀၁၂) နှင့် (အက်ဖ်အီးအမ်ဒီ ၁၅/၂၀၁၂) တို့အား ဖြေလျှော့ပေးခြင်းဖြစ်ကြောင်း ၂၀၁၆ ခုနှစ် မတ် ၁၈ ရက်စွဲဖြင့် ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။
နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရ ပုဂ္ဂလိကဘဏ်များအား နိုင်ငံခြားဘဏ် လုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုခြင်းနှင့် ဘဏ်များက နိုင်ငံခြားသုံးငွေလုပ်ငန်း ဆောင်ရွက်ရာတွင် လိုက်နာရမည့် လုပ်ငန်းစဉ်များကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၂၀၁၂ ခုနှစ် ဇူလိုင် ၄ ရက်စွဲပါ ညွှန်ကြားချက်အမှတ် (၁၃/၂၀၁၂) နှင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၈ ရက်စွဲပါ (အက်ဖ် အီးအမ်ဒီ-၁၅/၂၀၁၂)တို့တွင် ထုတ်ပြန်ခဲ့သည်။
ညွှန်ကြားချက်အမှတ် (၁၃/၂၀၁၂) ၏ စာပိုဒ် ၄ (ဃ) တွင် ဖော်ပြထားသော နိုင်ငံခြားသံရုံးများ၊ သံတမန် အဖွဲ့ဝင်ပုဂ္ဂိုလ်များ၏ နိုင်ငံခြားငွေဖြင့် စာရင်းရှင်အပ်ငွေစာရင်း များအား နိုင်ငံခြားငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရ ပုဂ္ဂလိကဘဏ်များထဲတွင် ဖွင့်လှစ်ခြင်းအား ကန့်သတ်ထားခြင်းအပေါ် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာနက ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်စွဲပါ စာအမှတ် အက်ဖ်အီး-၆/ရက/၄၀၆ ဖြင့် ဖြေလျှော့ခဲ့သည်။
ထို့ပြင် ဗဟိုဘဏ်က နိုင်ငံခြားသုံးငွေ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်စေရန်နှင့် နိုင်ငံခြားဘဏ် လုပ်ငန်းများ ပိုမိုကျယ်ပြန့်စေရန် အတွက် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု စည်းမျဉ်းကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၃၀ ရက်စွဲ ပါ (၇/၂၀၁၄) ကို ထုတ်ပြန်ခဲ့သည်။
အထက်ပါ ထုတ်ပြန်ချက်စည်းမျဉ်း၏ စာပိုဒ်(၁၀)တွင် နိုင်ငံခြားငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင် ရရှိသူသည် ပြည်တွင်း၌ နေထိုင်သူ၏ ပြည်တွင်းနိုင်ငံခြားငွေ ဘဏ်စာရင်းများကို အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်ပေးနိုင်သည် - (က) တရားဝင်ရရှိထားသည့် နိုင်ငံခြားငွေများ (သို့မဟုတ်) ခွင့်ပြုနိုင်သော လွှဲပြောင်းပေးချေမှုများအရ ရရှိသည့် ကျပ်ငွေများအား ရောင်းချလဲလှယ် ရရှိထားသည့် နိုင်ငံခြားငွေများဖြင့်သာ ဘဏ်စာရင်းမြီရှင်ပြု ထည့်သွင်းရမည်။ (ခ) အဆိုပါ ဘဏ်စာရင်းမှ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အခါအားလျော်စွာ ထုတ်ပြန်သည့် ညွှန်းကြားချက်များ အရလည်းကောင်း၊ ဤစည်းမျဉ်းအရ လည်းကောင်း၊ ပြည်တွင်းပေးချေ မှုများအတွက် ကျပ်ငွေဖြင့် လဲလှယ်ခြင်းနှင့် ခွင့်ပြုနိုင်သော လွှဲပြောင်းပေးချေမှုများနှင့်အညီ ပြည်ပနေထိုင်သူထံသို့ ငွေပေးချေမှုများ အတွက်သာ မြီစားပြုရမည်ဟု ဖော်ပြထားသည့်အတွက် ပြည်တွင်း၌ နေထိုင်သူ၏ နိုင်ငံခြားငွေ ဘဏ်စာရင်းကို နိုင်ငံခြားသုံးငွေများ ရောင်းဝယ် ဖောက်ကားသည့် လုပ်ငန်းလိုင်စင် ရရှိသည့် ဘဏ်များတွင် ဖွင့်လှစ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
ဗဟိုဘဏ်အနေဖြင့် ညွှန်ကြားချက်အမှတ် (၁၃/၂၀၁၂) ၏ စာပိုဒ် ၄(က)၊(ခ)၊(ဂ)နှင့် စာပုဒ် ၅ တို့တွင် ဖော်ပြထားသည့် အစိုးရဌာနများ၊ အစိုးရ အဖွဲ့အစည်းများ၊ နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများ၊ နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများက အစုရှယ်ယာပါသော ဖက်စပ်အဖွဲ့အစည်းများ၏ နိုင်ငံခြားငွေဖြင့် စာရှင်းရင် အပ်ငွေစာရင်းများအား နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရ ပုဂ္ဂလိကဘဏ်များနှင့် Semi Goverment ဘဏ်များတွင် ဖွင့်လှစ်ခွင့်မပြုဘဲ ကန့်သတ်ထားခြင်းနှင့် (အက်ဖ်အီးအမ်ဒီ- ၁၅/၂၀၁၂)ကို အဆိုပါ ညွှန်ကြားချက်၏ နောက်ဆက်တွဲ (က) တွင် ဖော်ပြထားသော ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသို့ နိုင်ငံခြားငွေနှင့် ပတ်သက်၍ တိုက်ရိုက်တင်ပြခွင့်ပြုလျက် ရယူရမည့် လုပ်ငန်းများအား နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းတို့တွင် ပြဋ္ဌာန်းချက်များနှင့်အညီ ညွှန်ကြားချက် (၂/၂၀၁၆) ထုတ်ပြန်သည့် မတ် ၁၈ ရက်မှစ၍ ပယ်ဖျက်လိုက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ဆက်လက်၍ အစိုးရဌာနများ၊ အစိုးရ အဖွဲ့အစည်းများ၊ နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများ၏ စာရင်းဖွင့်လှစ်ခြင်းကို သက်ဆိုင်ရာ ဝန်ကြီးဌာနများက ထုတ်ပြန်ထားသည့် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန်နှင့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင် ရရှိသည့် ဘဏ်များအနေဖြင့် ပြည်တွင်း၌ နေထိုင်သူများ၏ ပြည်တွင်း နိုင်ငံခြားငွေ ဘဏ်စာရင်းများအား နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုစည်းမျဉ်း အခန်း (၃) စာပိုဒ် (၁၀)တွင် ပြဋ္ဌာန်းထားချက်အတိုင်း ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းများ၊ နိုင်ငံခြားသံရုံးနှင့် သံတမန်များ၏ နိုင်ငံခြားငွေများကို နိုင်ငံခြား ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိထားသော ပုဂ္ဂလိကဘဏ်များတွင် အပ်နှံနိုင်မည်










