၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဖေဖော်ဝါရီ လကုန်အထိ ကုန်ထုတ်လုပ်မှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးနှင့် အိမ်ခြံမြေတို့တွင် ပြည်တွင်း လုပ်ငန်းရှင်များမှ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂ ဒသမ ၈ ဘီလျံကျော် ရှိ

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဖေဖော်ဝါရီ လကုန်အထိ ကုန်ထုတ်လုပ်မှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးနှင့် အိမ်ခြံမြေတို့တွင် ပြည်တွင်း လုပ်ငန်းရှင်များမှ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂ ဒသမ ၈ ဘီလျံကျော် ရှိ
Published 23 March 2016

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဖေဖော်ဝါရီ လကုန်အထိ ပြည်တွင်းရှိ ကုန်ထုတ်လုပ်မှု ကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလာရေး ကဏ္ဍနှင့် အိမ်ခြံမြေ ကဏ္ဍတို့တွင် နိုင်ငံသားများ အများဆုံး ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂ ဒသမ ၈ ဘီလျံကျော်အထိ ရှိနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ပြည်တွင်း လုပ်ငန်းရှင်များမှ ဝင်ရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မှု အနေအထားကို လေ့လာကြည့်ပါက မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် လုပ်ငန်း ၇၁၂ ခုဖြင့် ဒေါ်လာ ၁ ဒသမ ၇ ဘီလျံကျော်ဖြင့် အများဆုံး မြှုပ်နှံ လုပ်ကိုင်နေကြသည်။ အလားတူ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကဏ္ဍတွင် လုပ်ငန်း ၈၅ ခုဖြင့် ဒေါ်လာ သန်း ၆၀၀ နီးပါးအထိ ဝင်ရောက် လုပ်ကိုင်နေကြကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။ထို့ပြင်၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဖေဖော်ဝါရီ လကုန်အထိ မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ကဏ္ဍတွင် နိုင်ငံသား လုပ်ငန်းရှင်များအား လုပ်ငန်း ၄၅ ခု လုပ်ကိုင်ခွင့် ပြုထားပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ သန်း ၅၀၀ ကျော်အထိ ရှိနေကြောင်း သိရသည်။ယခု ဘဏ္ဍာနှစ် လက်ရှိကာလအထိ မြန်မာနိုင်ငံ အတွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်နှင့် လယ်ယာကဏ္ဍ အပါအဝင် ကဏ္ဍပေါင်း ၁၁ ခုတွင် လုပ်ငန်းပေါင်း ၁၁၂၉ ခုဖြင့် ပြည်တွင်း လုပ်ငန်းရှင်များမှ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေသည့် ပမာဏမှာ တန်ဖိုးဒေါ်လာ ခြောက်ဘီလျံကျော်အထိ ရှိကြောင်း သိရသည်။မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်ခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏကို ရာခိုင်နှုန်းဖြင့် လေ့လာကြည့်ပါက ယခုနှစ်အတွင်း ဝင်ရောက်လာသည့် လုပ်ငန်းများ၏ ၃၉ ရာခိုင်နှုန်းမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ ဖြစ်ပြီး ဆက်သွယ်ရေး ကဏ္ဍမှ ရာခိုင်နှုန်း ၃၀ အထိ ရှိခဲ့ကာ စက်မှုလုပ်ငန်းများမှ ဝင်ရောက်မှုမှာ ၁၆ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ကဏ္ဍတွင် သမ္မတ ဦးသိန်းစိန် အစိုးရသစ် လက်ထက် ငါးနှစ်အတွင်း ဒေါ်လာ သန်း ၅၈၀၀ ကျော်ဖြင့် အများဆုံး ဝင်ရောက်ခဲ့ကြောင်း၊ ဒုတိယ အများဆုံး အနေဖြင့် စက်မှုလုပ်ငန်းကဏ္ဍ ဖြစ်ပြီး ဒေါ်လာ သန်း ၄၇၀၀ ကျော်အထိ ဝင်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရသည်။

Most Read

Most Recent