မရှိ မဖြစ် . . . ရေ

မရှိ မဖြစ် . . . ရေ
Published 16 March 2016
ဘစံကောက်

ကျွန်တော် အလယ်တန်းကျောင်းသား ဘဝလောက်က ထင်သည်။ ရေသံသရာ လည်ပုံကို သင်ရ၏။ ပင်လယ် သမုဒ္ဒရာတို့သည် နေအပူချိန်ကြောင့် ရေခိုးရေငွေ့တို့ ကောင်းကင်သို့ လွင့်ပျံတက်ကာ တိမ်အဖြစ် ဖွဲ့၏။ ထို မိုးတိမ်တို့သည် လေနှင်ရာ တရွေ့ရွေ့ လွင့်ပါရင်းက သစ်ပင် သစ်တောများ ရှိရာ အရပ်သို့ ရောက်သော် အအေးဓာတ်နှင့် တွေ့ပြီး မိုးအဖြစ် ရွာချကြ၏။ ထိုမိုးရေတို့သည်လည်း မြစ်၊ ချောင်းများထဲသို့ စီးဝင်ကြ၏။ တဖြည်းဖြည်းနှင့် ပင်လယ်ထဲသို့ ရောက်ကြပြန်၏။ ထိုပင်လယ်ရေတို့သည်လည်း နေအပူချိန်နှင့် တွေ့ကာ ရေခိုးရေငွေ့ အဖြစ်နှင့် ကောင်းကင်သို့ တစ်ဖန် ပြန်တက်ပြန်၏။ ဤနည်းအားဖြင့် သတ္တဝါတို့အတွက် လိုအပ်သောရေကို ကျွန်တော်တို့ ထပ်ဖန်တလဲလဲ ရရှိနိုင်ခဲ့ကြလေသည်။လက်တွေ့ စမ်းသပ်ချက် တစ်ခုတွင် ကြွပ်ကြွပ်ဆူအောင် ပူနေသော ရေနွေးအိုး တစ်လုံး၏ နှုတ်သီးမှ ထွက်လာသော ရေနွေးငွေ့များကို အေးနေသော သတ္တု စလောင်းဖုံး တစ်ခုနှင့် တွေ့စေသောအခါ ရေအဖြစ် ပြောင်းလဲသွားပြီး အောက်ခံ ပန်းကန်လုံးထဲသို့ ကျလာသည်ကို တွေ့ရ၏။ ဤကား မိုးရွာပုံတည်း။ ဤနည်းကား အလွန်ငန်၍ သောက်ရန် မဖြစ်နိုင်သော ပင်လယ်ရေကို ရေချိုအဖြစ် ပြောင်းလဲရာတွင် အသုံးဝင်၏။ သို့သော် ရေဂါလန်ပေါင်း များစွာ ရရှိရန် အတွက်မူ ဤနည်းသည် လက်တွေ့၌ အခက်အခဲ ရှိ၏။ ထို့ကြောင့် အချို့သော နိုင်ငံများသည် မိမိ နိုင်ငံသားများ သောက်သုံးရန်အတွက် ရေချိုကို အခြားနိုင်ငံများမှ တင်သွင်းရ၏။ ဥပမာအားဖြင့် စင်ကာပူနိုင်ငံသည် လိုအပ်သော သောက်သုံးရေကို မလေးရှားနိုင်ငံမှ ဝယ်ယူရ၏။ သူ့နိုင်ငံ၌ ရေချို အလုံအလောက် မထွက်ရှိချေ။ တစ်ခါသော် နှစ်နိုင်ငံ မတင့်မသင့် ဖြစ်သဖြင့် မလေးရှားနိုင်ငံမှ ရေပေးဝေမှုကို ရပ်ဆိုင်းလိုက်သောအခါ စင်ကာပူနိုင်ငံ အနေနှင့် အတော် အခက်အခဲ ကြုံခဲ့ရ၏။ ထိုစဉ်က စင်ကာပူ လူမျိုးတို့သည် ‘တစ်ကျော့ပြန် ရေ’ ကို တီထွင်ပြီး သောက်သုံး ခဲ့ကြရသေး၏။ ‘တစ်ကျော့ပြန်’ ရေ ဟူသည်မှာ လူတို့ စွန့်ပစ်သော အညစ်အကြေးများမှ တစ်ဖန်ပြန်၍ သန့်စင်ယူရသော ရေမျိုးဖြစ်၍ သန့်စင်အောင်မည်သို့ပင် လုပ်ထားသည် ဆိုစေကာမူ တော်တော်တန်တန် မျိုချဖို့ မလွယ်သောကြောင့် အချို့ စင်ကာပူသားများက သောက်သုံးရန် ငြင်းဆန်ကြကြောင်းလည်း ကြားဖူး၏။ဤဖြစ်ရပ်ကို ကြည့်လျှင် တိုင်းပြည် တစ်ပြည်တွင် ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြား မည်မျှပင် ထွက်နေစေကာမူ သောက်ရန် ရေချို မရှိလျှင် တိုင်းသူပြည်သားတို့ အသက်ရှည် ရပ်တည်ရန် ခက်ခဲကြောင်း သင်ခန်းစာ ယူနိုင်လောက်ပါသည်။ တစ်ခါကလည်း ရုပ်ရှင်ဇာတ်လမ်း အကျဉ်းချုပ်ကို ဖော်ပြရလျှင် ဗြိတိသျှ စစ်သား အနည်းငယ် ပါသော တပ်စု တစ်စုသည် သဲကန္တာရ အတွင်း၌ ဂျာမန်တို့၏ ထိုးစစ်ကို တိမ်းရှောင်ရင်း သဲကန္တာရ အလယ်မှ မြို့ပျက် ခံတပ်ကလေး တစ်ခုသို့ ရောက်ရှိသွားကြ၏။ ဗြိတိသျှ စစ်သားတို့ အဖို့ ကံကောင်းသည်မှာ ပင်ပန်းဆင်းရဲစွာဖြင့် သူတို့ ရောက်ရှိလာသော ထိုမြို့ပျက် ခံတပ်ကလေး၏ အလယ်တွင် ရေတွင်းကလေးတစ်တွင်း ရှိနေခြင်းပင်တည်း။ သို့သော် ထိုရေတွင်းကာ ရေများစွာ မထွက် မိနစ်ပေါင်း များစွာ အချိန်ကြာအောင် စောင့်ပြီး ခပ်ပါမှ ရေပုံး တစ်ပုံးစာလောက်ကို အနိုင်နိုင်ရ၏။ မည်သို့ဖြစ်စေ တပ်စုတစ်စုစာအတွက် လိုအပ်သော သောက်ရေကို ရရှိနေသောကြောင့် ဗြိတိသျှ စစ်သားများအဖို့ ရေငတ်၍ဖြင့် မသေနိုင်တော့ချေ။ သို့သော် သေနတ်ကျည်ဆန် မှန်ရင်လျှင်တော့ဖြင့် သေရမည်မှာ မုချဆက်ဆက်ပင် ဖြစ်၏။သူတို့ ဗြိတိသျှ တပ်စုကို လိုက်လံ ချေမှုန်းနေသော ဂျာမန်တို့ကား တပ်မတော် တစ်ခုစာမျှ ရှိ၏။ ထက်ကြပ်မကွာ လိုက်လာရင်းနှင့် နောက်ဆုံးတွင် ဂျာမန်တို့က ဗြိတိသျှ စစ်သားများ ရှိသော ထိုမြို့ပျက် ခံတပ်ကလေးကို ဝိုင်းထားနိုင်ကြလေသည်။ ဗြိတိသျှ စစ်သားတို့ကား သေမြေကြီး ရှင်ရွှေထီး စိတ်ဓာတ်ကို မွေးကာ သူတို့ထက် အဆမတန် များပြားသော ဂျာမန် စစ်သားတို့ကို ခံတပ်ပေါ်မှနေ၍ ခံချကြ၏။ ဂျာမန်တို့ကလည်း သူတို့ထက် အဆမတန် အင်အား နည်းပါးသော ထိုဗြိတိသျှ တပ်စုကို အမှုန့်ကြိတ်ရန် ရှိသမျှ အင်အားနှင့် အကြိမ်ကြိမ် ဖိ၍ တိုက်ကြသည်။ သို့သော် တစ်ဖက်က အကာအကွယ် နောက်မှာ၊ ပြီးတော့ အပေါ်စီး။ ထို့ပြင် သေမထူး၊ နေမထူး သမားတွေ ဖြစ်ရကား အကာအကွယ်မဲ့နှင့် ရှေ့သို့ တိုးကြသော ဂျာမန်စစ်သား အများအပြား ကျဆုံးကြ၏။ နောက်ဆုံး မခံနိုင်သဖြင့် ပြန်ဆုတ်ရ၏။ဤသို့ဖြင့် အကြိမ်ကြိမ် တိုက်လိုက်၊ ပြန်ဆုတ်လိုက်နှင့် လွယ်လွယ် မရနိုင်မှန်း သိသောအခါ ဂျာမန် စစ်ဗိုလ်ချုပ်က အရဲစွန့်၍ တိုက်ရန် စိတ်မကူးတော့ဘဲ ခံတပ်ကို ဝိုင်းထားရန်သာ သူ့တပ်ကို အမိန့်ပေးရလေတော့သည်။ သို့သော် သူ မစဉ်းစားမိသည်မှာ ခံတပ်ကို ဝိုင်းထားသော ဂျာမန်စစ်သားများသည် အသွေးအသားနှင့် တည်ဆောက်ထားသည့် လူသားများသာ ဖြစ်ကြရာ အလွန်ပူပြင်းသော သဲကန္တာရ၏ နေရောင်အောက်တွင် ရေဆာငတ်မွတ်၍ နေကြလေ၏။ ရှိသမျှ ရေဘူးထဲက ရေကို ချွေတာ၍ သောက်ရင်းနှင့်ပင် နောက်ဆုံးတွင် သောက်စရာ ရေတစ်စက်မျှ မကျန်အောင် ကုန်ခန်း၍ သွားလေတော့သည်။ထိုအချိန်တွင် ဗြိတိသျှတပ်စုမှ တပ်သားများသည် ရေကို ဝလင်အောင် သောက်၍ နောက်တစ်ကြိမ် တက်လာမည့် ရန်သူ၏ ထိုးစစ်ကို အေးအေးဆေးဆေးပင် စောင့်မျှော်လျက် ရှိကြ၏။ ဂျာမန် စစ်ဗိုလ်ချုပ်ကလည်း သူ့တပ်၏ အခြေအနေကို ပြန်၍ ကြည့်သောအခါ စစ်သားများသည် စစ်တိုက်ရန်အတွက် သေနတ်၊ ကျည်ဆန်တို့ကား အပြည့်ရှိပါ၏။ သို့သော် စစ်သားများကား ရေမသောက်ရသဖြင့် ပျော့ခွေနွမ်းနယ်လျက် ရှိကြလေရာ နောက်ဆုံးတွင် ဗြိတိသျှ စစ်သားတို့နှင့် အပေးအယူလုပ်ရန် ကိုယ်စားလှယ်အဖွဲ့ တစ်ခုကို ဖွဲ့စည်းပြီး ခံတပ်ရှိရာသို့ စေလွှတ်ရလေတော့သည်။ ဗြိတိသျှ စစ်သားတို့ကား ရန်သူကို စိတ်ဓာတ်စစ်ဆင်ရေးလုပ်သည့် အနေဖြင့် ရောက်လာသော ဂျာမန်တို့မြင်အောင် ရေတွင်းမှရေကို ခပ်၍ အားရပါးရ သောက်ပြကြ၏။ အချို့က ခေါင်းပေါ်မှ လောင်း၍ ရေချိုးနေဟန်ပင် ပြုကြလေသည်။ဂျာမန် ဗိုလ်ချုပ်၏ ကိုယ်စားလှယ် စစ်သားတို့ကား ဤအပြုအမူကို မြင်ရသောအခါ လဲ၍မျှ သေချင်လောက်အောင်ပင် စိတ်နှလုံး ညှိုးနွမ်းသွားကြ၏။ နောက်ဆုံး နှစ်ဖက်ကိုယ်စားလှယ်များ ညှိနှိုင်းကြရာ အဆင်မပြေသဖြင့် ဂျာမန်ကိုယ်စားလှယ်များ ပြန်ကြ၏။ မိမိတပ်သို့ ပြန်ရောက်လျှင် သူတို့ စစ်ဗိုလ်ချုပ်ကို သူတို့ မြင်တွေ့ရသမျှ ပြောပြသောအခါ ရေဆာ ငတ်မွတ်နေကြသော ဂျာမန်စစ်သားတို့သည် စစ်တိုက်ရမှာပင် စိတ်မပါတော့ဘဲ အလွန်တရာ စိတ်ဓာတ်ကျကြလေတော့သည်။ဂျာမန် စစ်ဗိုလ်ချုပ်ကား မိမိတပ် အခြေအနေထက် သူ့ပခုံးပေါ်မှ အပွင့်များ ပြုတ်ကျကုန်မည်ကို ပို၍ အရေးထားဟန် ရှိ၏။ ထို့ကြောင့် သူ့ရာထူးနှင့် ဂုဏ်သိက္ခာအတွက် နောက်ဆုံး စတေးသည့် အနေဖြင့် ဂျာမန်စစ်သားတို့ကို အသက်စွန့်၍ တိုက်ကြရန် မိန့်ခွန်း ခြွေ၏။ ပြီးနောက် ရင်ကိုကော့ ခေါင်းကိုမော့ကာ “တိုက်” ဟု တစ်ခွန်းတည်းနဲ့ အပြတ် အမိန့်ပေးလိုက်ပါလေတော့သည်။ ဂျာမန် စစ်ဗိုလ်ချုပ်၏ အမိန့်ကို ရသည်နှင့် တစ်ပြိုင်နက် ဂျာမန်စစ်သားတို့သည် မိမိတို့လက်မှာ ကိုင်ထားကြတဲ့ သေနတ်များကို ပစ်ချ၊ ခါးမှာ ချိတ်ထားသော လက်ပစ်ဗုံးများကို လွှင့်ပစ်၊ ပခုံးမှာ ချိတ်ထားသော ကျည်ဆန်များကို စွန့်ပစ်၍ လက်များကို မြှောက်ကာ ခံတပ်ရှိရာသို့ တစ်လှမ်းချင်း သွားကြ၏။ သူတို့ အားလုံး၏ ရှေ့၌မူ အလံဖြူ လွှင့်ထားသော ဂျာမန်စစ်သား တစ်ယောက်က ဦးဆောင်၏။ သေနတ် တစ်ချက်မျှ မဖောက်၊ လက်ပစ်ဗုံး တစ်လုံးမျှ မသုံးရဘဲ ဂျာမန် တပ်မကြီး တစ်ခုလုံးကား ဗြိတိသျှ တပ်စုကလေး တစ်ခုကို လက်နက်ချလိုက် ကြလေပြီ။ဤတွင် ငယ်ထိပ်မြွေပေါက်သူများမှာ ဗြိတိသျှစစ်သားတို့ ဖြစ်သွားကြရပြန်လေ၏။ တစ်နာရီမှ ရေတစ်လုံးစာသာ ရသော ရေတွင်းမှ ရေကို ထိုဂျာမန်တပ်မကြီး တစ်ခုနှင့် မျှ၍ သောက်ရမည် ဆိုလျှင် သူတို့လည်း သေဖွယ်ရာသာ ရှိတော့သည်။ ဘယ့်နှယ်လုပ်ရပါ့ဟု စဉ်းစားနေချိန်မှာပင် လက်နက်ချ၍ ဝင်လာကြသော ဂျာမန်စစ်သားတို့က ခံတပ်အတွင်းသို့ စုပြုံတိုး၊ ရှေ့ကား ရေတွင်းရှိရာသို့ အလုအယက် သူ့ထက်သာအောင် ပြေးသွားကြပေသည်။ ဤတွင် ဘုရားမ,သည်ဟု ဆိုရမည်လား။ မပြောတတ်။ ဂျာမန်တို့၏ အမြောက်ဆန် တစ်ခု ထိမှန်ရာမှ ရေတွင်း၏ ရေကြောက ပွင့်သွားပြီး ရေတွင်းထဲမှ ရေချိုများ မြေပြင်ပေါ်သို့ ပန်းထွက်၍ လာနေသည်ကို တွေ့ရ၏။ ဒီတော့မှ ဗြိတိသျှ စစ်သားတို့လည်း ပြုံးနိုင်ရယ်နိုင် ကြလေတော့သည်။ ဇာတ်လမ်း၏ အဆုံးသတ်တွင်ကား ဂျာမန်စစ်သားတို့သည် ရေကို ၀၀လင်လင်သောက်ရင်း ဗြိတိသျှ တပ်စုကလေး တစ်ခု၏ သုံ့ပန်းအဖြစ် ပျော်ရွှင်ချမ်းမြေ့စွာ ခံတပ်ထဲတွင် စုရုံး ထိုင်နေခြင်းနှင့် ဇာတ်သိမ်း၍ သွားခဲ့လေသည်။သြော်  . . . ရေ . . .ရေ ရေမရှိလျှင် စစ်တောင် ရှုံးနိုင်ပါကလား ဘုရား . . .ဘုရား။

Most Read

Most Recent