ရာဇောဝါဒ (၂)

ရာဇောဝါဒ (၂)
Published 16 March 2016
အရှင်ပညာသီဟာဘိဝံသ(တရားဦးဓမ္မစကြာ)

တိုင်းသားပြည်သူတို့ မျှော်လင့်နေကြတဲ့ သမ္မတများလည်း ရွေးချယ်ပြီးသွားပြီ။ အစိုးရဖွဲ့၍ ဧပြီ ၁ ရက်မှစကာ အစိုးရသစ်က နိုင်ငံတော်ကို ဦးဆောင်တော့မည် ဖြစ်၏။
နိုင်ငံအဝှမ်း ရာဇဝတ်မှုများ၊ ယာဉ်မတော်တဆမှုများ၊ အနိုင်အထက် တရားမဲ့ပြုကျင့်မှုများ၊ စစ်ဘေးရှောင် ဒုက္ခသည်များ၊ မီးဘေး၊ ကန်ရေများ ခန်းခြောက်၍ ရေအတွက် ရတက်မအေးသူများ၊ နိုင်ငံရေးတက် ကြွ လှုပ်ရှားသူများနှင့် ပညာရေးသပိတ် ကျောင်းသားကျောင်းသူများကိစ္စ၊ ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါး များစွာဖမ်းဆီးရခြင်းများ၊ ခိုးဆိုးလုယက် သတ်ဖြတ်ခြင်းများ၊ မြေသိမ်းယာသိမ်း၊ မြစ်ဆုံ၊ လက်ပံတောင်းတောင်၊ ကျူးကျော်အိမ်ယာမဲ့၊ ဖားကန့်ကိစ္စစသဖြင့် ခက်ခက်ခဲခဲ ဆောင်ရွက်ရမယ့်ကိစ္စတွေက အသင့်စောင့်နေ၏။
ရှေးလူကြီးသူမတွေ ပြောကြသည့် ကလိယုဂ်-ဆုတ်ကပ်၊ ကာလဝိပတ္တိ-ကာလပျက်၊ တရားမစောင့်ကြတဲ့ ခေတ်ဆိုးကြီးမှာ နိုင်ငံကို ဦးဆောင်မောင်းနှင်မည့် အစိုးရသစ်အဖို့ မလွယ်ကူလှ။ အောင်မြင်ချောမောစွာ ဆောင်ရွက်နိုင်ပါစေကြောင်း တိုင်းသားပြည်သူတို့က မေတ္တာပို့ပေးကြရပါမည်။
ဒီ့ပြင် ဆင်းရဲမွဲတေမှု၊ အကျင့်ပျက်ခြစားမှု စသဖြင့်  နိုင်ငံတော်မှာ ပြုပြင်ကြရမယ့် ချို့ယွင်းမှုတွေကလည်း နယ်ပယ်အလိုက် များလှ၍ အစိုးရသစ်ကို သည်းခံစောင့်ဆိုင်း ပူးပေါင်းဝိုင်းရံအားဖြည့် ကူညီပေးကြရပါမည်။ ဉာဏ်ပညာကြီးကြီးဖြင့် အရှည်ကို မျှော်တွေးကြရပါမည်။ ဒီစနစ်ဖြစ်စေရန် အရင်းအနှီးများစွာ ပေးခဲ့ရပြီးမဟုတ်ပါလား။
အစိုးရသစ် စတင်တာဝန်ယူရမယ့်အချိန်သည် တပေါင်းတန်ခူး ဖြစ်နေသည်။ ရှေးဆရာတော်ကြီးများက “တပေါင်းတန်ခူးဆိုတာ သွေးပူသွေးဆူတဲ့ရာသီ ဓားခုတ်မှုတွေ ဖြစ်တတ်တယ်၊ လက်ပံပွင့်တဲ့ရာသီ ခွေးရူးပေါတယ်၊သတိထားနေကြကွ” ဟု ဆုံးမလေ့ ရှိသည်ကို ငယ်စဉ်က ကြားဖူးခဲ့၏။
လူ့သဘာဝအတိုင်း အစိုးရသစ်ကို လိုလားနှစ်မြို့သူ၊မလိုလား မနှစ်မြို့သူများ ရှိကြမည်သာ။ မလိုလားမနှစ်မြို့သူများက သွေးထိုးလှုံ့ဆော်ခြင်း၊ အမုန်းစကား အရေးအသားတွေကို ယခုအခါ ဖေစ့်ဘွခ်တို့၊ သတင်းမီဒီယာတို့မှာ ရေးသားလာကြ၏။ နားမယောင်ဖို့၊ ချိတ်ချိတ်ချင်း မချိတ်မိဖို့ လိုအပ်၏။ ပုထုဇဉ် တို့၏စိတ်အခံကို နားလည်ပေးကြရပါမည်။ သွေးဆူကာလဖြစ်၏။
လင်းကြက်ဆော် ရောင်နီသန်းပြီမို့ အောင်စည်တော် ရွမ်းနိုင်ဖို့အရေးလည်း မဝေးတော့တာကို နားလည်ပေးကြပါ။ ယခင်က ကိုယ့်အသိုင်းအဝိုင်းမှာ အလွန်ပိန်နေသူကို တွေ့ရလျှင် အီသီယိုးပီးယားက လာသူလို့ နောက်ကြသည်။ ဆင်းရဲလွန်း၍ အငတ်ဘေးကြောင့် လူတွေ သန်းချီသေခဲ့ရသဖြင့် ထိုသို့ ပြောဆိုခြင်းဖြစ်၏။ ယခုအခါ အီသီယိုးပီးယားက မိမိတို့နိုင်ငံထက် သာလွန်သွားကြောင်းကို ဖေစ့်ဘွတ်ခ်မှာ လေကြောင်းလိုင်းများ၊ လျှပ်စစ်ရထားများ၊ နေအိမ်တိုက်တာများ၊ ဘတ်စ်ကားလိုင်းများဖြင့် ဖော်ပြပြောဆို၏။
နိုင်ငံသူနိုင်ငံသားတို့သည် မိမိတို့၏ သားငယ်သမီးငယ်များကို ရင်ခွင်မှာထားလျက် နေအိမ်တံခါးများ ဖွင့်၍ ကခုန်သီကျူးကြပြီး ကြောင့်ကြမဲ့စွာ နေထိုင်နိုင်အောင် ဆောင်ရွက်နိုင်သူများကို အစိုးရကောင်းဟု ပိဋကတ်တော်၌ ဆိုပါသည်။
ဘုရားရှင်တို့သည် အစိုးရကောင်းများဖြစ်အောင် ဆုံးမတော်မူသော ဒေသနာတော်ကို ‘ရာဇောဝါဒ’ ဟု ခေါ်ဆို၏။ ရှင်ဘုရင်စသော အုပ်ချုပ်သူများကို စိတ်ကောင်းနှလုံးကောင်း ရှိလာစေရန် ဆုံးမတော်မူခြင်းဖြစ် ၏။အုပ်ချုပ်ရေးအတွေ့အကြုံ များစွာရှိသော်လည်း နိုင်ငံနှင့်လူမျိုးအပေါ် စိတ်ကောင်းမရှိပါက နိုင်ငံမည်သို့မျှတိုးတက်မည် မဟုတ်ပါ။နိုင်ငံအုပ်စိုးသူတို့သည် ဉာဏ်ပညာ ကြီးမားပြီး မေတ္တာ+ကရုဏာ (အကျိုးလိုလားခြင်းနှင့် စာနာခြင်း)နှင့် ပြည့်စုံကြရပါမည်။
ရာဇောဝါဒဒေသနာတိုင်း၌ ‘မင်းကျင့်တရား ၁၀ ပါးကို မပျက်ပြားစေအပ်၊ အဂတိတရား လေးပါး မလိုက်စားအပ်၊ တရားနှင့်အညီ တိုင်းနိုင်ငံကို အုပ်ချုပ်အပ်၏”ဟု အစပျိုးကာ ဒေသနာကို ဟောကြားတော်မူလေ့ရှိ၏။
မိဘကို အစထား၍ အောက်ထစ်ဆုံး ကျေးငှက်တိရစ္ဆာန်များအပေါ်၌ပင် တရားမဲ့စွာ မပြုကျင့်သော အုပ်ချုပ်သူကို တရားနှင့်အညီ နိုင်ငံကို အုပ်ချုပ်သူဟု ဆိုပါသည်။
မင်းကျင့်တရား ၁၀ ပါး-
၁။ ဒါန-နိုင်ငံနှင့်နိုင်ငံသားတို့အပေါ် စေတနာရှိခြင်း။
၂။ သီလ-ကိုယ်နှင့်နှုတ်ကို ကောင်းမွန် စွာ စောင့်ထိန်းနိုင်ခြင်း။
၃။ ပရိစ္စာဂ-ကိုယ့်ကျိုးမကြည့်ခြင်း(နိုင်ငံ နှင့် နိုင်ငံသားတို့အတွက် စွန့်လွှတ်အနစ်နာ ခံနိုင်ခြင်း)။
၄။ အဇ္ဇဝ-ဖြောင့်မတ်ခြင်း။
၅။ မဒ္ဒဝ-သိမ်မွေ့ခြင်း။
၆။ တပ-ကောင်းသောအကျင့်ကိုသာ ကျင့်ခြင်း။
၇။ အက္ကောဓ-ဒေါသအမျက်မရှိခြင်း။
၈။ အဝိဟိံသ-တိုင်းသားပြည်သူတို့ကို မညှဉ်းဆဲ၊ ဒုက္ခမပေးခြင်း။
၉။ ခန္တီ-သည်းခံနိုင်ခြင်း။
၁၀။ အဝိရောဓန-တိုင်းသားပြည်သူတို့၏ ဆန္ဒနှင့် မဆန့်ကျင်ခြင်းတို့ ဖြစ်ပါသည်။
ဤ ၁၀ ပါးနှင့်ပြည့်စုံလျှင် မထိခိုက်၊ မနာကျင်စေဘဲ နိုင်ငံနှင့်လူမျိုးတို့၏ တိုးတက်ကြီးပွားခြင်းကို ပြုရာရောက်၏ဟု ဆိုပါသည်။
အဂတိတရားလေးပါး-
မလိုက်ပါအပ်၊ မပြုကျင့်အပ်သောအရာကို အဂတိဟုဆို၏။ အကျင့်ပျက်ခြစားခြင်း၊ မျက်နှာလိုက်ခြင်းဖြစ်၏။ လေးမျိုးရှိသောကြောင့် အဂတိတရားလေးပါးဟု ခေါ်တွင်၏။
၁။ ဆန္ဒာဂတိ-ချစ်ခြင်းကြောင့် မလိုက်ပါအပ်၊ မပြုကျင့်အပ်တဲ့အရာသို့ လိုက်ပါခြင်း။
၂။ ဒေါသာဂတိ-မုန်းခြင်းကြောင့် မလိုက်ပါအပ်၊ မပြုကျင့်အပ်တဲ့အရာသို့ လိုက်ပါခြင်း။
၃။ မောဟာဂတိ-မသိနားမလည်ခြင်းကြောင့် မလိုက်ပါအပ်၊ မပြုကျင့်အပ်သော အရာသို့ လိုက်ပါခြင်း။
၄။ ဘယာဂတိ-ကြောက်ခြင်းကြောင့် မလိုက်ပါအပ်၊ မပြုကျင့်အပ်တဲ့အရာသို့ လိုက်ပါခြင်းတို့ ဖြစ်ပါသည်။
‘ငါချစ်ရတဲ့ သူ၊ ငါမုန်းတဲ့သူ၊ ငါကြောက်ရတဲ့ သူ၊ ငါနဲ့မှ မသိဘဲ ‘ ဤသို့ အဂတိအစွဲဖြင့် မရသင့်သူကို အခွင့်အရေးများ ပေးမိခြင်း၊ ထိုက်တန်သူတို့အား ရသင့်သော အခွင့်အရေးများ မပေးမိခြင်းတို့ကြောင့် နိုင်ငံနှင့်လူမျိုး ဆုံးရှုံးနစ်နာရတတ်၏။ နယ်ပယ်အလိုက် စွမ်းနိုင်သူ၊ ထိုက်တန်သူများကို ဆောင်ရွက်နိုင်စေရန်၊ အလုပ်အကျွေးပြုနိုင်ရန် အဂတိမလိုက်စားဘဲ လုပ်ပိုင်ခွင့်များ ပေးကြရပါမည်။သို့မှသာ ထိုနိုင်ငံနှင့် ထိုလူမျိုးတို့ ထိပ်တန်းရောက်နိုင်၏။
လဆုတ်ရက်လပမာ-
အဂတိတရားတို့ကြောင့် လူနှင့်နေရာ သဟဇာတမဖြစ်၍ ဒေသ၊ ကာလ၊ လုံ့လ၊ ပုဂ္ဂလတို့ ဟန်ချက်ပျက်ယွင်းပြီး  မည်သည့် ကောင်းကျိုးမျှ ဖြစ်ထွန်းလာခြင်းမရှိနိုင်၍ နိုင်ငံနှင့်လူမျိုးအတွက် ဆုံးရှုံးနစ်နာ၏။
လဆန်းရက်တို့၌ တစ်နေ့ချင်း ပြည့်လာသည့် လသည် လဆုတ်ရက်များတွင် တဖြည်းဖြည်း ဆုတ်ယုတ်သွားသကဲ့သို့ အကျင့်ပျက် ခြစား အဂတိတရား လိုက်စားသော နိုင်ငံသည် တဖြည်းဖြည်း ဆုတ်ယုတ်သွားမည်ဟု သတိပေးမိန့်ဆို၏။
ထို့ကြောင့် လူနေမှုဘဝနှင့် နိုင်ငံ တိုးတက်ပြည့်စုံစေရန် အဂတိလိုက်စားခြင်းမှ ကင်းရှင်းကြရပါမည်။ မိမိတို့ နိုင်ငံ၏ ပစ္စက္ခ အနေအထားသည် ထိုအတိုင်း ဖြစ်နေ၏။နိုင်ငံနှင့် လူမျိုးအတွက် အလုံးစုံကောင်းဖို့ စိတ်ထားတွေ ပြောင်းချိန်တန်ပါပြီ။
ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ပြီးနောက် ရုပ်ကလာပ်တော် ထင်ရှားရှိနေဆဲမှာပင် “သာသနာတော်မှာ ဘုရားမရှိတော့ ငါတို့ လုပ်ချင်တာ လုပ်လို့ရပြီ၊ လွတ်ပြီ၊ ကျွတ်ပြီ” ဟု ပြောဆိုခြင်းမျိုးတွေ ရှိလာခဲ့၍ အဓမ္မဝါဒတွေ၊ ယုတ်မာသူတွေ မထွန်းကားသေးမီ ဘုရား တရားတော်တွေကို အုပ်စုတူရာ ပေါင်းစုရွတ်ဆိုခြင်း သင်္ဂါယနာတင်နိုင်ကြပါမှ ထိုအန္တရာယ်များကို ဟန့်တားနိုင်မည်ဟု အရှင်မဟာကဿပ မထေရ်ကြီး တွေးမိ၏။ ကိလေသာကင်းစင်ပြီး စာပေကျွမ်းကျင်တော်မူကြသည့် ရဟန္တာ ၄၉၉ ပါးနှင့် အရှင်အာနန္ဒာတို့ကို သံဃဆန္ဒနှင့်အညီ အဂတိကင်းရှင်းစွာဖြင့် ရွေးချယ်တော်မူကြပြီး သင်္ဂါယနာတင်နိုင်ခဲ့ကြ၍ ယခုအခါမှာ ဗုဒ္ဓသာသနာ ပျောက်ကွယ်ခြင်းမရှိဘဲ တည်နေခြင်းဖြစ်၏။ထိုစဉ်က ပညာပြည့်၀ စိတ်နှလုံးသား လှပသူ၊ အရည်အချင်းရှိသူတို့ကို အဂတိလိုက်ပြီး မရွေးချယ်နိုင်ခဲ့ပါလျှင် ယနေ့ဘုရားသာသနာဆိုတာကို တွေ့နိုင်မည်မဟုတ်။
နိုင်ငံကို အုပ်ချုပ်သူတို့သည်-
၁။ မုသားစကား မပြောဆိုအပ်၊
မုသားစကား ပြောဆိုသော ရှင်ဘုရင်၏တိုင်းနိုင်ငံ၌ မြေသြဇာတို့သည် မြေအောက်သို့ ခုနစ်တောင်မျှ လျော့ကျသွားသတဲ့။ အသီးအနှံတို့၌ အာဟာရဓာတ်၊ ဆေးဝါးတို့၌ ရောဂါကို ဖယ်ရှာနိုင်စွမ်းမရှိ၍ လူတို့၌ ရောဂါထူပြော၏။ ရေလမ်းကုန်းလမ်းတို့မှ အခွန်အတုတ်မရ၍ နိုင်ငံဆင်းရဲ၏။ အသက်ကိုပင် စွန့်ရစေဦးတော့ နိုင်ငံအုပ်စိုးသူတို့သည် မုသားစကား မပြောဆိုအပ်။ မုသားပြောဆိုခြင်းသည် ဂုဏ်အသရေကို ဖျက်ဆီး၏။ တိုင်းနိုင်ငံ ပျက်စီးခြင်းလျှင် အဆုံးသတ်၏။
၂။ ဒေါသအမျက်ကြီးသူ မဖြစ်စေအပ်
ရှင်ဘုရင်၏ စကားသည် လက်နက်ဖြစ်၏။ စိတ်ဆိုးအမျက်ထွက်၍ ကြည့်ရုံမျှဖြင့် အခြားသူကို ပျက်စီးစေနိုင်၏။ ရှင်ဘုရင်သည် အခြားသူတို့ထက် အမျက်မထွက်သူ ဖြစ်ရပါမည်။ မိမိ၏အချစ်ဆုံးသားကဲ့သို့ နိုင်ငံသူနိုင်ငံသားတို့ကို ကြည့်ရှု့နိုင်သူ ဖြစ်ရပါမည်။အမျက်ဒေါသကြီးသူသည် အခြွေအရံ ဂုဏ်သတင်းကို မစောင့်ရှောက်နိုင်ပါ။
၃။ ပေါ့ပျက်ပျက် ပြောင်လှောင်စကား မပြောဆိုအပ်။ ကိစ္စတိုင်း၌ ပေါ့ဆစွာ မပြုအပ်
တိုင်းနိုင်ငံအုပ်စိုးသူတို့သည် အရာခပ်သိမ်း ကိစ္စတိုင်းကို ချိန်ဆ၍ မဆောင်ရွက်၊ပေါ့ပျက်စွာ ဆောင်ရွက်ပါက ရအပ်ပြီး စည်းစိမ်ဥစ္စာတို့ ပျက်စီး ဆုံးရှုံးတတ်၏။
မှန်သောစကားသာ ပြောဆိုခြင်း၊ သည်းခံခြင်း၊ မေတ္တာရှိခြင်း၊ စောင့်ရှောက်ခြင်း၊ အခြားသူ၏စကားကို အလွယ်တကူ လက်ခံယုံကြည်မှုမရှိ၊ ကိုယ်ပိုင်ဉာဏ်ဖြင့် ဝေဖန်ပိုင်းဖြတ်၍ ကိစ္စတိုင်းကို ဆောင်ရွက်ခြင်း၊ မရအပ်သေးသော ဥစ္စာတို့ကိုရအောင်၊ ရအပ်ပြီးသော ဥစ္စာတို့ကို မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်ခြင်း၊ စွမ်းရည်ရှိသူများကို ချီးမြှောက်ခြင်း၊ လာဘ်စားသော အကျင့်ပျက် တရားသူကြီးများသည် တရားရေးကို ဖျက်ဆီးသူများဖြစ်၍ တရားရေးရာကိစ္စများကို မမေ့မလျော့ ကိုယ်တိုင် ကြပ်မတ် ဆောင်ရွက်ခြင်း၊ လက် ရုံးအား၊ ဥစ္စာအား၊ စိတ်ထားကောင်းသည့်  မှူးမတ်အား၊ မျိုးရိုးကောင်းရှိခြင်းအား၊ ဉာဏ်ပညာ ကြီးမားခြင်းအားဟူသော ဗလငါးတန်နှင့် ပြည့်စုံခြင်းရှိသော အုပ်ချုပ်သူတို့၏ တိုင်းနိုင်ငံသည် ဆုတ်ယုတ်ဖွယ်မရှိ၊ ကြီးပွားတိုးတက်၏။
မေတ္တာပေးမှ မေတ္တာရ
အစိုးရ လုပ်သူများ၊ အစိုးရဖြစ်လိုသူများသည် ပြည်သူကိုဗဟိုပြု၍ ပြည်သူ့မေတ္တာကို ရအောင် အလေးထား ဆောင်ရွက်ကြရမည်။ တိုင်းသားပြည်သူတို့သည် ဤစနစ်၌ မိမိတို့ အစိုးရကို မိမိတို့ကိုယ်တိုင် ငါးနှစ်တစ်ကြိမ် စိတ်ကြိုက် ရွေးချယ်နိုင်ခွင့်ရှိ၍ ဤစနစ်ထွန်းကားစေရန်၊ အရှည်ခိုင်မြဲတည်တံ့စေရန် လိမ္မာပါးနပ်ကြရပါမည်။ အသိကြီး သတိကြီး ရှိကြရပါမည်။ အချင်းချင်း ထိန်းကျောင်းကြရပါမည်။
မဟာပိင်္ဂလမင်းသည် တရားမဲ့စွာ နိုင်ငံကို အုပ်ချုပ်၏။ အဂတိလိုက်စားလျက် ယုတ်မာသောအမှုတို့ကို ပြု၏။ ကြီးလေးသော ပြစ်ဒဏ်ချမှတ်၏။ ပြည်သူပိုင်ပစ္စည်းများကို သိမ်းပိုက်၏။ ကြံညှစ်သကဲ့သို့ တိုင်းသားပြည်သူတို့ကို နှိပ်စက်၏။ ကြမ်းတမ်းရက်စက်ပြီး အဆောတလျင် မဆင်မချင် ပြုလုပ်၏။မည်သူကိုမျှ မေတ္တာမထားနိုင်သူ ဖြစ်၏။
ထို့ကြောင့် တိုင်းသားပြည်သူတို့က မချစ်၊ မနှစ်သက်၊ မမြတ်နိုး။ မျက်စိထဲ အမှိုက်ဝင်သလိုမျိုး၊ ထမင်းပုဂံထဲကျသော ကျောက်ခဲလိုမျိုး၊ ခြေဖဝါး၌ စူးနေသော စူးလိုမျိုးသူကို မြင်ကြ၏။
မဟာပိင်္ဂလမင်း နတ်ရွာစံကံတော်ကုန်သော် တိုင်းသားပြည်သူတို့သည် အလွန် ရွှင်လန်း ဝမ်းသာကြ၏။ များစွာသောလှည်းတို့ဖြင့် ထင်းများတိုက်လျက် မီးသဂြုႋဟ်ကြ၏။ရေအိုးပေါင်းများစွာဖြင့် မီးငြိမ်းသတ်ကြပြီး ယင်း၏ သားတော်ဘုရားအလောင်းကို မင်းဘိသိက် သွင်းလောင်းကြ၏။
“ငါတို့သည် မင်းကောင်းမြတ်ကို ရကြပြီ” ဟု မြို့တော်အတွင်း စည်တီးလှည့်လယ် အောင်ပွဲခံကြ၏။ မြို့ကို တန်ဆာဆင်ပြီး  မဏ္ဍပ်များထိုးလျက် ပျော်ပွဲရွှင်ပွဲများ ကျင်းပကြ၏။ စားဖွယ်သောက်ဖွယ်တို့ဖြင့် ကျွေးမွေး ဧည့်ခံ စားသောက်ကြ၏။
ဘုရားအလောင်း ဘုရင်သစ်သည် မှူးမတ်ပုဏ္ဏား သူဋ္ဌေးသူကြွယ်တို့ဖြင့် ခြံရံလျက် ညီလာခံသဘင် ဆင်ယင်ကျင်းပနေစဉ် နန်းတော်တံခါးစောင့်သည် ရှိုက်ကြီးတငင်ငင် ငိုကြွေးနေပါသည်။
“ငါ့ခမည်းတော် သေလို့ တိုင်းသား ပြည်သူတွေက ဝမ်းသာကြ၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပနေချိန်မှာ သင်က ဘာကြောင့် ငိုနေရပါတုန်း၊ ငါ ခမည်းတော်ကို ချစ်လို့ မြတ်နိုးလို့လား”ဟု မေးသော်-
တံခါးစောင့်က “အရှင်မင်းကြီး၊ မဟာပိင်္ဂလမင်း သေလို့ သောကကြောင့် ငိုတာ မဟုတ်ပါ၊ နန်းတော်အဆင်း၊ အတက်တိုင်း ပန်းပဲဖိုမှ တူနဲ့ထုသလိုမျိုး ကျွန်တော်မျိုးရဲ့ ဦခေါင်းကို ရှစ်ချက်လောက် ထုနှက်ပါတယ်၊ မဟာပိင်္ဂလမင်း ငရဲကျပြီး အဲဒီမှာ ယမာမင်းနဲ့ ငရဲထိန်းတို့ကို ကျွန်တော်မျိုးလို ဦခေါင်း ထုနှက်ရင်၊ ငါတို့ကို ညှင်းဆဲတယ်ဆိုပြီး ဒီနန်းတော်ကို ပြန်ပို့ရင်ထပ်ပြီး ဦခေါင်းကို ထုနှက်မှာစိုးလို့ ငိုတာပါ” ဟု သံတော်ဦးတင်ပါသတဲ့။
ဆိုလိုရင်းကတော့ အစိုးနှင့်ပြည်သူ အချင်းချင်း မေတ္တာတုံ့လှယ် အပြန်အလှန် ချစ်ကြိုး ယှက်သွယ်ခြင်း မေတ္တာပေးပြီးမှ မေတ္တာကို ပြန်ရနိုင်တာကို ချစ်လို့ ပြောတာပါ။
ကျမ်းညွှန်း- တေသကုဏဇာတ်နှင့် မဟာ ပိင်္ဂလဇာတ်။

Most Read

Most Recent