မိုးကောင်းမြို့၌ ၁၀ နှစ်အရွယ် စတုတ္ထတန်း ကျောင်းသူတစ်ဦးအား အဓမ္မပြုကျင့် သတ်ဖြတ်သူ တရားခံနှစ်ဦးအား ဖေဖော်ဝါရီ ၂၈ ရက်က ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
ယင်းတရားခံနှစ်ဦးသည် အသတ်ခံရသူ နေထိုင်သည့် တောဘက်တွင် ထော်လာဂျီဖြင့် ထင်းတိုက်သည့်သူများဖြစ်ပြီး မိုးကောင်းမြို့နယ် လေးမိုင်ကျေးရွာနေ ဦးခင်မောင်ဌေး (ခ) မောင်ဌေး (၃၇ နှစ်)၊ အောင်မင်္ဂလာကျေးရွာနေ ဦးမောင်ရီ (ခ) ဦးငင်းဆိုင် (၅၈ နှစ်) တို့ဖြစ်ကြောင်း မိုးကောင်းမြို့မရဲစခန်းမှ ရဲအုပ်သိန်းမြင့်က ဆိုသည်။
ရဲအုပ်သိန်းမြင့်က “မသင်္ကာဖမ်းဆီးတာ က ၂၅ ရက်ကတည်းက ဒီတောဘက်မှာ ထော်လာဂျီနဲ့ ထင်းတိုက်တဲ့ အမျိုးသားနှစ်ဦးကို ရမန်ယူပြီး စစ်တာပေါ့။ ဖေဖော်ဝါရီ ၂၈ ရက်မှ အငယ်ဖြစ်တဲ့ မောင်ဌေးက ဝန်ခံတာ။ တရားသူကြီးရှေ့မှာလည်း ထွက်ဆိုချက်ပြီးသွားပြီ။ အတူဖြစ်တဲ့သူကတော့ ဝန်မခံသေးဘူး။ ဒါပေမဲ့လည်း အတူပါလာတဲ့သူက ဖြစ်စဉ်အားလုံးကို ဝန်ခံသွားတယ်။ မုဒိမ်းကိစ္စတွေလည်း ပါတယ်။ အရေးယူတော့ လူသတ်မှု ၃၀၂၊ မုဒိမ်းမှု ၃၇၆ ပါတယ်”ဟု ပြောကြားသည်။
ရဲမှတ်တမ်းများအရ ဖေဖော်ဝါရီ ၂၅ ရက်က မိုးကောင်းမြို့နယ် ရေရှင်ကျေးရွာအုပ်စု ပရဟိတကွင်း အမှတ် (၇၃) ကွင်းရှိ ဦးအိုက်ကွမ်းသည် ဟင်းသီးဟင်းရွက်စိုက်ခင်းမှ ထင်းတောစပ်ရှိ တောင်ယာတဲသို့ ပြန်လာစဉ် သမီး ဖြစ်သူ မ....(၁၀ နှစ်) အား မတွေ့သဖြင့် ထင်းတောအတွင်း လိုက်လံရှာဖွေရာ တဲ၏ အနောက်မြောက်ဘက် နှစ်ဖာလုံခန့်အကွာတွင် သမီးဖြစ်သူ မ....မှာ ဒဏ်ရာများဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရကြောင်း၊ မ....၏ အလောင်းဘေးတွင် ဝတ်ဆင်ခဲ့သည့် အစိမ်းရောင် ဘောင်းဘီရှည်အား ချွတ်လျက် တွေ့ရှိသဖြင့် အဓမ္မကျင့်၍ သတ်ဖြတ်သွားသူအား အရေးယူပေးပါရန် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။