ရန်ကုန်မြို့တော် စည်ပင်သာယာနယ် နိမိတ်အတွင်း၌ ဆိုင်ကယ်စီးနင်းခွင့်ကို တရားဝင် ခွင့်မပြုထားသော်လည်း တရားမဝင် စီးနင်းနေသည့် ဆိုင်ကယ်များဖြင့် လုယက်မှုများ ဆက်တိုက် ဖြစ်ပွားနေကြောင်း သိရသည်။အဆိုပါ လုယက်မှုများမှာ ၂၀၁၅ ခုနှစ် အတွင်းတွင်လည်း စံချိန်တင် ဖြစ်ပွားခဲ့ပြီး ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းတွင်လည်း နေ့အချိန်၌ ဆိုင်ကယ်ဖြင့် လုယက်မှု ဖြစ်စဉ်များ၊ ဓားထောက် လုယက်မှု ဖြစ်စဉ်များမှာ ဆက်တိုက် ဖြစ်ပွားလျက်ရှိကြောင်း သက်ဆိုင်ရာ ရဲစခန်းများမှ သိရသည်။၂၀၁၆ ခုနှစ် ဇန်နဝါရီလအတွင်း လုယက်မှုများမှာ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ ဗဟန်းမြို့နယ်နှင့် မြောက်ဥက္ကလာပ မြို့နယ်တို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ယင်းသို့ လုယက်မှု ဖြစ်စဉ်များတွင် ဓားထောက်ခြိမ်းခြောက်ပြီး ပိုက်ဆံများ လုယက်မှု၊ တိုက်ခန်းလှေကား၌ ဓားထောက်ခြိမ်းခြောက်ပြီး လက်ပြန်ကြိုးတုပ်ကာ လုယက်မှု၊ ဘဏ်မှ ငွေထုတ်ပြီး ပြန်လာသူထံမှ ဆိုင်ကယ်ဖြင့် ငွေထုပ်အား လုယက်မှုနှင့် ကားစောင့်နေသူထံမှ ဖုန်းလုယက်မှုများ ပါဝင်ခဲ့ကြောင်း သိရသည်။အဆိုပါကဲ့သို့ လုယက်မှု ဖြစ်စဉ်များမှာ ဇန်နဝါရီ လလယ်ပိုင်းတွင် စတင်ကာ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေခြင်းဖြစ်ပြီး လုယက်ဖြစ်စဉ် တစ်ခုမှာ ဇန်နဝါရီ ၁၄ ရက် ညနေပိုင်းတွင် မရမ်းကုန်းမြို့နယ်၊ ၂ ရပ်ကွက်၊ အောက်ဗဟိုလမ်းနှင့် ဘောဂသိဒ္ဓိလမ်းထောင့်တွင် စက်ဘီးစီးလာသည့် အမျိုးသားတစ်ဦး၏ ခါးကြား၌ ညှပ်ထားသော ဖုန်းနှင့် ပိုက်ဆံများပါသည့် ပိုက်ဆံအိတ်ကို ဆိုင်ကယ်စီးလာသူ နှစ်ဦးက လုယူမောင်းနှင် ထွက်ပြေးမှု ဖြစ်ပွားခဲ့သည်။“ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် အတွင်းမှာ ဆိုင်ကယ်စီးနင်းခွင့် မပြုထားဘူးလို့သာ ပြောတယ်။ စီးတာက စီးနေကြတာပဲ။ ဌာနဆိုင်ရာတွေက လူတွေလည်း စီးကြတယ်။ လှိုင်သာယာတို့၊ မြောက်ဥက္ကလာ၊ မြောက်ဒဂုံတို့ တောင်ဒဂုံတို့ စတဲ့ ဆင်ခြေဖုံး မြို့နယ်တွေမှာဆို ပိုဆိုးတယ်။ ကျွန်တော်တို့ သာကေတ မြို့နယ်ထဲမှာဆို ပိုဆိုးတယ်။ ညဘက်ကို တဗြူးဗြူးနဲ့ အရှိန်နဲ့ စီးနင်းနေတဲ့သူတွေ ရှိတယ်။ ဆိုင်ကယ်စီးခွင့် မရှိဘူးဆိုပြီး ဘာဖြစ်လို့ ထိထိမိမိ မဖမ်းတာလဲ။ သက်ဆိုင်ရာ ဌာနတွေက ထိထိရောက်ရောက် ဆိုင်ကယ်စီးတဲ့ သူတွေကို ဖမ်းဆီး အရေးမယူလို့ အခုလို ဆိုင်ကယ်နဲ့ ကျူးလွန်တဲ့ မှုခင်းတွေ ခဏခဏ ဖြစ်နေတာလို့ မြင်ပါတယ်” ဟု သာကေတမြို့နယ်၊ ၉ ရပ်ကွက်နေ ကုမ္ပဏီဝန်ထမ်း တစ်ဦးဖြစ်သူကို ထွန်းထွန်းသိန်းက ပြောကြားသည်။အလားတူ ဇန်နဝါရီ ၁၅ ရက် မွန်းလွဲပိုင်းတွင် မြောက်ဥက္ကလာပမြို့နယ်ရှိ ကမ္ဘောဇဘဏ်တွင် ငွေလာထုတ်ပြီး နေအိမ်သို့ပြန်သော အသက် ၅၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် မြောက်ဥက္ကလာပမြို့နယ်၊ (ဃ) ရပ်ကွက် “မင်းမိုး” စတိုးဆိုင်အနီး အရောက်တွင် ဆိုင်ကယ်တစ်စီးဖြင့် အမည်မသိ အမျိုးသားနှစ်ဦး လိုက်လာပြီး ဆိုင်ကယ်နောက်တွင် ထိုင်စီး လိုက်ပါလာသူက အမျိုးသမီး၏လက်တွင် ပိုက်ထားသော ကျပ်တစ်သိန်းလေးသောင်း ပါဝင်သော ငွေထုပ်ကို လုယူမောင်းနှင် ထွက်ပြေးသွားခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူများအား ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သက်ဆိုင်ရာ ရဲစခန်းက စုံစမ်းသိရသည်။“ရန်ကုန်တိုင်းမှာ ဆိုင်ကယ်စီးနင်းခွင့် မပေးထားပါဘူး။ လိုင်စင်ရှိလည်း စီးခွင့်မရှိပါဘူး။ ဒါပေမဲ့ အခု ရက်ပိုင်းတွေမှာဆိုရင် ဆိုင်ကယ်နဲ့ လုယက်မှုတွေ မကြာခဏ ဖြစ်ပွားနေတာ တွေ့ရတယ်။ အဲဒီလို လူတွေကို ဖမ်းမိခဲ့ရင်တော့ လုယက်မှုအပြင် မော်တော်ယာဉ် ဥပဒေနဲ့ပါ အရေးယူခံရပါမယ်။ နောက်ပိုင်းတွေမှာ ဆိုင်ကယ်နဲ့ လုယက်မှုတွေ များလာတဲ့အတွက် ကျွန်တော်တို့ ရဲတပ်ဖွဲ့က အခြား ယာဉ်ထိန်း၊ မီးသတ်အပြင် အုပ်ချုပ်ရေးမှူးမှ တာဝန်ရှိသူများနဲ့ နေ့ညပိတ်ဆို့ စစ်ဆေးမှုတွေ ဆောင်ရွက်နေပါတယ်” ဟု မြောက်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။အလားတူ ဇန်နဝါရီ ၁၈ ရက် မွန်းလွဲပိုင်းတွင်လည်း မရမ်းကုန်းမြို့နယ်တွင် လမ်းလျှောက်လာသည့် အမျိုးသား တစ်ဦးအား ဆိုင်ကယ်နှစ်စီးဖြင့် စီးနင်းမောင်းနှင်လာသည့် လူလေးဦးက ဓားထောက်ပြီး သတ်ပစ်မည်ဟု ခြိမ်းခြောက်ကာ ငွေကျပ် ၁၅၀၀၀ အား လုယက်မောင်းနှင်သွားမှု ဖြစ်ပွားခဲ့သည်။ဇန်နဝါရီ ၁၉ ရက် ည ၁၀ နာရီခန့်တွင်လည်း မရမ်းကုန်းမြို့နယ်နေ အမျိုးသား တစ်ဦးမှာ အလုပ်မှ နေအိမ်သို ပြန်လာစဉ် ယင်းမြို့နယ်၊ ၃ ရပ်ကွက်၊ မင်းဓမ္မလမ်းနှင့် ရွှေမဉ္ဇူ (၁) လမ်းထိပ် အရောက်တွင် ၎င်းနောက်မှ ဆိုင်ကယ်တစ်စီးဖြင့် အမျိုးသားနှစ်ဦး လိုက်လာခဲ့ပြီး နှစ်ဆင့်စတီးချိုင့်နှင့် ငွေကျပ် ၁၇၀၀၀ ပါ လက်ဆွဲအိတ်ငယ်ကို လုယက်မောင်းနှင် ထွက်ပြေးသွားမှု ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူအား ပတ်ဝန်းကျင်နှင့် လှည့်ကင်းတာဝန်ကျ ရဲတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းဖမ်းဆီး ခဲ့ရသည်။“လုယက်တဲ့သူတွေက အငိုက်လေးပါးကို ချောင်းပြီး လုယက်တတ်ကြပါတယ်။ အချိန်ငိုက်၊ လူငိုက်၊ ရာသီငိုက်၊ ပထဝီငိုက်ပေါ့။ အချိန်ငိုက်ကတော့ အခြေအနေနဲ့ အချိန်အခါကို လိုက်ပြီးတော့ မထင်မှတ်တဲ့ အချိန်မျိုးမှာ လုယက်မှု ကျူးလွန်ကြတာပေါ့။ လူငိုက် ဆိုတာကတော့ လူတွေက သတိလက်လွတ် သွားလာတတ်ကြတာပေါ့။ အဲလို သွားလာနေတဲ့ အချိန်မှာ လုယက်တတ်ကြတယ်။ ပထဝီငိုက် ဆိုတာကတော့ သစ်ပင်ကွယ်တဲ့နေရာ၊ ကားတွေကွယ်နေတဲ့နေရာ စတဲ့ မြေကြီးမှာရှိတဲ့ သဘာ၀ အတားအဆီးတွေ ကွယ်တဲ့ နေရာမျိုးမှာ လုပ်တတ်ကြတယ်။ ပြီးတော့ လူသွားလူလာ ပြတ်တဲ့ နေရာတွေမှာလဲ လုပ်တတ်ကြတာပေါ့။ ဒါတွေကို ပြည်သူတွေ အနေနဲ့ သတိပြုမိဖို့၊ သတိနဲ့ သွားလာဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ ရဲတပ်ဖွဲ့တွေကလည်း အဲလို ဖြစ်စဉ်တွေ မဖြစ်ပွားအောင် နယ်မြေထဲမှာ လူပြတ်တဲ့ နေရာတွေကို ဦးစားပေးပြီး လှည့်ကင်း ပတ်ကင်း လှည့်တယ်။ ပြီးမှာ အခြားနေရာတွေကို လှည့်ကင်းလှည့်မှုတွေ အဆက်မပြတ် ဆောင်ရွက်နေပါတယ်” ဟု မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။ယင်းကဲ့သို့ ဆိုင်ကယ်ဖြင့် လုယက်မှုများ မကြာခဏ ဖြစ်ပွားနေခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဆိုင်ကယ်စီးနင်းသူများအား စီမံချက်ဖြင့် ဖမ်းဆီးနေသော်လည်း လုယက်မှုများမှာ ဖြစ်ပွားနေဆဲပင်ဖြစ်ကြောင်း သိရသည်။အဆိုပါ ဆိုင်ကယ်ဖြင့် လုယက်မှု ကျူးလွန်သူ ဖြစ်စဉ်များနည်းတူ အခြားလုယက်မှု ဖြစ်စဉ်များလည်း ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပြီး ဇန်နဝါရီ ၃ ရက် ညနေ ၃ နာရီခန့်တွင် ဗဟန်းမြို့နယ်၊ ဗိုလ်ချို (၂) ရပ်ကွက်၊ ဗိုလ်ချုပ်ပြတိုက် လမ်းထိပ်တွင် ကားငှားရန် စောင့်ဆိုင်းနေသော အမျိုးသမီး တစ်ဦးထံမှ ကားစီးလာသည့် လူနှစ်ဦးက ကားပေါ်မှဆင်းကာ လက်ကိုင်ဖုန်းအား လုယက်မှု ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်တွင် ကျူးလွန်သူလေးဦး ပါဝင်ကာ ၎င်းတို့အား သက်ဆိုင်ရာ ရဲစခန်းက ဖမ်းဆီးအရေးယူထားပြီ ဖြစ်ကြောင်း သိရသည်။ထို့အပြင် ဇန်နဝါရီ ၁၇ ရက် ညနေ ၆ နာရီခန့်တွင်လည်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်၊ အောင်သပြေလမ်းရှိ တိုက်ခန်းလှေကားအတွင်း အမျိုးသမီး တစ်ဦးအား ဓားထောက် ခြိမ်းခြောက်ပြီး လက်ပြန်ကြိုးတုပ်ကာ ပိုက်ဆံများ လုယက်မှု ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူကို အခင်းဖြစ်သည့်နေ့ ည ၁၁ နာရီခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။အလားတူ ယင်းမြို့နယ်၌ ဇန်နဝါရီ ၁၇ ရက်တွင်ပင် နံနက်ပိုင်း၌ ဂန္ဓမာလမ်း “အိုလံပစ်” တယ်လီဖုန်း ငွေဖြည့်ကတ် ဝယ်ရန် သွားစဉ် လူငယ်နှစ်ဦးက “စကားပြောစရာရှိတယ် ခဏလိုက်ခဲ့” ဟု ပြောဆိုပြီး သံလမ်းဘက် ချောင်ထဲ၌ ပိုက်ဆံကျပ် ၄၀၀၀၀၀ နှင့် လက်ကိုင်ဖုန်းတို့အား လုယက်ကာ ရဲစခန်းသို့တိုင်လျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်၍ ထွက်ပြေးသွားကြကြောင်း သိရသည်။၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း လုယက်မှုများမှာ နှစ်စဉ်ဆိုသလို ဖြစ်ပွားခဲ့သော်လည်း ၂၀၁၅ ခုနှစ်တွင်မူ အခြားနှစ်များထက် ပိုမိုဖြစ်ပွားခဲ့ကြောင်း ရဲမှုခင်း စာရင်းဇယားများအရ သိရသည်။ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သည့် လုယက်မှု ဖြစ်စဉ်များမှာ ၂၀၁၁ ခုနှစ်တွင် ၄၇ မှု၊ ၂၀၁၂ ခုနှစ်တွင် ၃၀ မှု၊ ၂၀၁၃ ခုနှစ်တွင် ၃၃ မှု၊ ၂၀၁၄ ခုနှစ်တွင် ၄၈ မှုတို့နှင့် ၂၀၁၅ ခုနှစ်တွင် ၆၇ မှုတို့ ဖြစ်ပွားခဲ့သည်။၂၀၁၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် လုယက်မှု ဖြစ်စဉ်များတွင် ယာဉ်မောင်းအား ဓားဖြင့်ထိုးကာ ယာဉ်အား အုပ်စုဖွဲ့ လုယက်မှု၊ လမ်းလျှောက်လာသူများထံမှာ ဖုန်းနှင့် ပိုက်ဆံ စသည်တို့ကို လုယူ ထွက်ပြေးမှု၊ လင်မယား ချင်းရန်ဖြစ်ချင်ယောင်ဆောင်ကာ လုယက်မှုနှင့် ဆိုင်အတွင်းထိဝင်ကာ ထိုးကြိတ်လုယက်မှုများ အပါအဝင် အခြား လုယက်မှုဖြစ်စဉ် များစွာ ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်အချို့မှ လုယက်ခံရသူများမှာ သေဆုံးမှုများ ရှိခဲ့သည်။သမ္မတဦးသိန်းစိန် အစိုးရလက်ထက်အတွင်း အကျဉ်းသား ထောင်နှင့်ချီကာ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့ပြီး ယင်းတို့အနက် နိုင်ငံရေး အကျဉ်းသား အနည်းစုသာ ပါဝင်ပြီး အများစုမှာ ရာဇဝတ် အကျဉ်းသားများဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း ဆိုင်ကယ်စီးနင်းမှုကို ခွင့်မပြုထားသော်လည်း တရားမဝင် စီးနင်းနေသည့် ဆိုင်ကယ်များဖြင့် ကျူးလွန်သည့် လုယက်မှု ဖြစ်စဉ်များ ဆက်တိုက် ဖြစ်ပွားနေ