မရမ်းကုန်းမြို့နယ်တွင် အလုပ်မှ ပြန်လာသည့် အမျိုးသားတစ်ဦး၏ လက်ဆွဲအိတ်အား ဆိုင်ကယ်စီးလာသူနှစ်ဦးက လုယက်မောင်းနှင် ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာ ဘုရင့်နောင်နယ်မြေ ရဲစခန်းက စုံစမ်းသိရသည်။ဇန်နဝါရီ ၁၉ ရက် ည ၁၀ နာရီခန့်တွင် မရမ်းကုန်းမြို့နယ် ၃ ရပ်ကွက်နေ Ocean Hyper Market မှ လုံခြုံရေးဝန်ထမ်းဖြစ်သူ ကိုမျိုးမြင့်ဦး ၃၂ နှစ်သည် ၎င်းအလုပ်လုပ်သည့် ၆ မိုင်၊ ပြည်လမ်းရှိ Ocean Hyper Market တွင် တာဝန်ပြီးစီး၍ နေအိမ်သို့ ပြန်လာစဉ် ယင်းမြို့နယ် ၃ ရပ်ကွက် မင်းဓမ္မလမ်းနှင့် ရွှေမဉ္ဇူ(၁)လမ်းထိပ် အရောက်တွင် ၎င်းနောက်မှ ဆိုင်ကယ်တစ်စီးဖြင့် အမျိုးသား နှစ်ဦး လိုက်လာခဲ့ကြောင်း သိရသည်။ယင်းသို့ လိုက်လာပြီး အဆိုပါ အမျိုးသား နှစ်ဦးမှာ ကိုမျိုးမြင့်ဦးလက်တွင် ကိုင်ထားသော နှစ်ဆင့်စတီးချိုင်နှင့် ငွေကျပ် ၁၇၀၀၀ ပါ လက်ဆွဲအိတ်ငယ်ကို လုယူပြီး မောင်းနှင် ထွက်ပြေးသွားသဖြင့် ပတ်ဝန်းကျင်သို့ အော်ဟစ် အကူညီတောင်းခံခဲ့ကြောင်း သိရသည်။ထိုသို့ အကူအညီတောင်းခံရာ အဆိုပါ ကျူးလွန်သူနှစ်ဦးကို ပတ်ဝန်းကျင်မှ ပြည်သူများနှင့် လှည့်ကင်းဆောင်ရွက်နေသည့် နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ကျူးလွန်သူနှစ်ဦးအား စစ်ဆေးရာ လှိုင်သာယာမြို့နယ် ၁၆ ရပ်ကွက် ဇေယျသီရိ (၅) လမ်းနေ ဆိုင်ကယ်ကယ်ရီမောင်းသည့် သိန်းဝင်း (ခ) ဒါဝတ် ၃၂ နှစ်နှင့် လှိုင်သာယာမြို့နယ် စက်မှုဇုန် (၁) ရပ်ကွက် မြေနီလမ်းနေ သက်ပိုင်ဦး (ခ) ဂျူးဂျူး ၂၂ နှစ်ဆိုသူ ဖြစ်ကြောင်း သိရသည်။“ကျူးလွန်သူ နှစ်ဦးထဲက တစ်ယောက်က ၂၀၀၄ ခုနှစ်က ခိုးမှုနဲ့ ထောင်ကျဖူးတယ်လို့ သိရတယ်။ သူတို့ကိုတော့ အခြားလုယက်မှုတွေ ရှိမရှိ ဆက်လက်စစ်ဆေးနေပါတယ်။ စစ်ဆေးပြီးစီးသွားလို့ ရှိရင်တော့ ဥပဒေအတိုင်း တရားစွဲဆို တင်ပို့သွားမှာပါ” ဟု ဘုရင့်နောင်နယ်မြေ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ဇန်နဝါရီ ၂၀ ရက်တွင် ပြောကြားသည်။အဆိုပါ ဖြစ်စဉ်မှ ကျူးလွန်သူ နှစ်ဦးအား မရမ်းကုန်းမြို့နယ် ဘုရင့်နောင်နယ်မြေ ရဲစခန်းက (ပ) ၅၇/၂၀၁၆ ပြစ်မှုပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်ကာ ဆက်လက်ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။
အလုပ်မှ ပြန်လာသည့် အမျိုးသားတစ်ဦး၏ လက်ဆွဲအိတ်အား ဆိုင်ကယ်စီးလာသူ နှစ်ဦးက လုယက်မှု မရမ်းကုန်းမြို့နယ်တွင် ဖြစ်ပွား