ဆိုင်ကယ်စီးလာသူ လေးဦးက အမျိုးသားတစ်ဦးအား နေ့ခင်းဘက်၌ ဓားထောက်ခြိမ်းခြောက်ကာ လုယက်မှု မရမ်းကုန်းမြို့နယ်တွင် ဖြစ်ပွား

ဆိုင်ကယ်စီးလာသူ လေးဦးက အမျိုးသားတစ်ဦးအား နေ့ခင်းဘက်၌ ဓားထောက်ခြိမ်းခြောက်ကာ လုယက်မှု မရမ်းကုန်းမြို့နယ်တွင် ဖြစ်ပွား
Published 19 January 2016
သန့်ဇင်ကျော်

မရမ်းကုန်းမြို့နယ်တွင် လမ်းလျှောက်လာသည့် အမျိုးသားတစ်ဦးအား ဆိုင်ကယ်ဖြင့်လူလေးဦးက ဓားထောက်ခြိမ်းခြောက်ကာ ပိုက်ဆံများ လုယူထွက်ပြေးမှု ဇန်နဝါရီ ၁၈ ရက်နေ့ခင်းက ဖြစ်ပွားခဲ့ကြောင်း ဘုရင့်နောင် နယ်မြေ ရဲစခန်းမှ စုံစမ်းသိရသည်။
“ကျူးလွန်သွားတဲ့ လေးဦးထဲက သုံးဦးကိုတော့ ချက်ချင်းဖမ်းမိပါတယ်။ ဖမ်းမိထားတဲ့ သုံးဦးထဲက တစ်ယောက်ကတော့ မူးယစ်ရမ်းကားမှုနဲ့ အချုပ်ကျဖူးတယ်။ လွတ်မြောက်နေတဲ့ ဖိုးထူး ဆိုသူကိုတော့ ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပါတယ်”ဟု ဘုရင့်နောင်နယ်မြေ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။
ဇန်နဝါရီ ၁၈ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က မရမ်းကုန်းမြို့နယ်၊ (၁) ရပ်ကွက်၊ ဘုရင့်နောင်ပွဲရုံဝင်း၊ ကံ့ကော်လမ်းမကြီးအတိုင်း ဘုရင့်နောင် ဆိပ်ကမ်းဘက်သို့ လမ်းလျှောက်လာသည့် အမျိုးသားတစ်ဦးသည် ကံ့ကော်လမ်းသွယ် (၅) လမ်းထိပ်အရောက်၌ ၎င်းထံသို့ ဆိုင်ကယ်နှစ်စီးဖြင့် လူလေးဦး ရောက်ရှိလာပြီး ဓားဖြင့်ထောက်ကာ “မင်းကိုသတ်ပစ်မယ်”ဟု ခြိမ်းခြောက်ပြောဆိုပြီး ၎င်းထံ၌ ပါရှိသည့် ငွေကျပ် ၁၅၀၀၀ အား လုယူ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ လုယူ ထွက်ပြေးသွားသည့်အတွက် အဆိုပါအမျိုးသားမှ ပတ်ဝန်းကျင်သို့ အော်ဟစ် အကူအညီတောင်းခဲ့ရာ သက်ဆိုင်ရာမှ တာဝန်ရှိသူများ ရောက်ရှိလာပြီး လိုက်လံဖမ်းဆီးခဲ့ရာ ဘုရင့်နောင် ဆိပ်ကမ်းအနီးတွင် Huonai အမျိုးအစား ဆိုင်ကယ်တစ်စီးနှင့်အတူ ရွှေပြည်သာမြို့နယ်နေ ကျော်ဝင်းထွန်း (ခ) ကျားလေး (၂၅) နှစ်နှင့် မင်္ဂလာဒုံမြို့နယ်နေ အောင်ကိုဦး (၂၇) နှစ်၊ မင်းကိုကို (၂၃)နှစ် သုံးဦးအား ငွေစက္ကူများ၊ အရိုးအသွား ၁၁ လက်မခန့်ရှိ  ဓားတစ်ချောင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဖိုးထူးဆိုသူမှာ ဆိုင်ကယ်အား မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှ ကျူးလွန်သူလေးဦးအား ဘုရင့်နောင်နယ်မြေ ရဲစခန်းမှ (ပ)၄၇/၁၆၊ ပြစ်မှုပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်ပြီး ဖိုးထူးဆိုသူအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလားတူ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင် (၁) လမ်းကွေ့၌ လမ်းလျှောက်လာသည့် အမျိုးသမီးအား အမျိုးသားသုံးဦးက တုတ်ဖြင့်ရိုက်ကာ ဖုန်းနှင့်ပိုက်ဆံများ လုယူထွက်ပြေးမှု ဇန်နဝါရီ ၃ ရက် ညပိုင်းက ဖြစ်ပွားခဲ့ရာ ပါဝင်ကျူးလွန်သူများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကမ္ဘောဇဘဏ်မှ ငွေထုတ်ပြီး ပြန်လာသည့် အမျိုးသမီးတစ်ဦးအား ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားနှစ်ဦးမှ လုယက်မှု ဇန်နဝါရီ ၁၅  ရက်က ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူနှစ်ဦးအား ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။                        
 

Most Read

Most Recent