မော်လမြိုင် သာယာအေးရပ်၌ ငါးနှစ်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်ရန် ကြံစည်မှု ရုံးချိန်းတွင် တရားသူကြီး မရောက်ရှိသေး၍ ဇန်နဝါရီ ၂၆ ရက်သို့ ပြန်လည်ချိန်းဆို

မော်လမြိုင် သာယာအေးရပ်၌ ငါးနှစ်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်ရန် ကြံစည်မှု ရုံးချိန်းတွင် တရားသူကြီး မရောက်ရှိသေး၍ ဇန်နဝါရီ ၂၆ ရက်သို့ ပြန်လည်ချိန်းဆို
Published 19 January 2016
မောင်မောင်ရွှေမြိုင်

၂၀၁၅ ခုနှစ် မတ်လတွင် ဖြစ်ပွားခဲ့သော မော်လမြိုင် သာယာအေး ရပ်ကွက် သက်ငယ်မုဒိမ်း ကြံစည်မှုကို ပြောင်းရွှေ့သွားသည့် မြို့ နယ်တရားသူကြီးအစား တရားသူကြီး မရောက်ရှိမှုကြောင့် ဇန်နဝါရီ ၁၉ ရက်တွင် စစ်ဆေးနိုင်ခြင်းမရှိဘဲ ဇန်နဝါရီ ၂၆ ရက်သို့ ပြန်လည်ချိန်းဆိုလိုက်ကြောင်း ကာယကံရှင် ကလေးမိခင်က ပြောကြားသည်။
ပြောင်းသွားတဲ့ တရားသူကြီးအစား လူစား မရောက်သေးလို့ ရုံးချိန်းကို ဒီနေ့မစစ်ဖြစ်ပါဘူး။ ဇန်နဝါရီ ၂၆ ကို ပြန်ချိန်းလိုက်ပါတယ်။ ကြံရွယ်တဲ့ ဦးမြအေးကို အာမခံပေးလိုက်တော့ ခရိုင်တရားရုံးကို အာမခံပယ်ဖို့ တင်ပြပါတယ်။ ခရိုင်တရားရုံးကလည်း ဇန်နဝါရီ ၁၈ ရက်မှာ ပယ်တယ်ဆိုတော့ ဒီအပတ်ထဲမှာ ပြည်နယ် တရားလွှတ်တော်ကို ဆက်တင်ဖို့ရှိပါတယ်ဟု မိခင်ဒေါ်တင်တင်ဝင်း က ပြောကြားသည်။
မော်လမြိုင်မြို့နယ် စမ်းကြီး၊ သာယာအေး၊ မင်းရွာတို့တွင် သက်ငယ် မုဒိမ်းမှု ကြံစည်သည်ဟု စွပ်စွဲခံရသူ သုံးဦးအနက် အာမခံရရှိသူနှစ်ဦး၊ အာမခံမရသူ တစ်ဦးရှိမှုနှင့် ယင်းအမှုများကို ကူညီလိုက်ပါ ဆောင်ရွက်သူ မစန်းနီလာဝင်း(တွဲ-အတွင်းရေးမှူး -မွန်ပြည်နယ်ဆိုင်ရာ အမျိုးသမီးများနှင့် ကလေးသူငယ်များ စွမ်းရည် မြှင့်တင်ရေး ရှေ့ဆောင်အသင်း- MWCUC )က တရားခံအဖြစ် စွပ်စွဲခံရတဲ့ အာမခံရသူ နှစ်ယောက်လုံးဟာ တကယ် ကျန်းမာရေး ချို့ယွင်းဆိုးဝါးတဲ့သူတွေ မဟုတ်ဘဲနဲ့ ငွေကြေးတတ်နိုင်တဲ့ အင်အားပေါ် မူတည်ပြီးတော့ တရားသူကြီးကနေပြီးတော့ ဆေးခွင့် ဆုံးဖြတ်ပေးလိုက်တော့ ကျွန်မတို့ တော်တော် စိတ်မကောင်း ဖြစ်ရပါတယ်။ သူတို့ဟာ တကယ်ကျန်းမာရေး ဆိုးဆိုးဝါးဝါး ဖြစ်တယ်ဆိုရင် ခွင့်လွှတ်နိုင်ပါတယ်။ ပေးသင့်ပါတယ်ပေါ့နော်။ ဆေးအာမခံ ပေးလိုက်ပြီး ပြန်လွှတ်မြောက် လာတဲ့အခါ ရပ်ကွက်ထဲမှာ ခြင်းခတ်နေတယ်။ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် သူ့သားသမီး ဇနီးမယားတွေနဲ့ သွားနေတာ တွေ့နေရတယ်။ စော်ကားခံရတဲ့ ဒီကလေးတွေကလည်း အဲဒီလူကြီးတွေကို တွေ့ပြီး အရမ်းကြောက်လန့်နေတာ တွေ့ရတော့ အရမ်းစိတ်မကောင်း ဖြစ်ရတာပေါ့။ ဒီဆေးခွင့်ကိုကြည့်ပြီး တရားသူကြီးက ဘယ်လိုကြည့်ပြီး ဆုံးဖြတ်လိုက်တာလဲဆိုတဲ့ အမြင်လေး အဲဒါလေးပေါ့နော်။ သုံးသပ်နေတုန်းပါပဲ။ သူဘယ်လိုဆေးခွင့် (ဆေးအာမခံ) ရတယ်ဆိုတာပေါ့နော်ဟု ပြောပါသည်။
ဖြစ်စဉ်မှာ ၂၀၁၅ ခုနှစ် မတ်လကုန်ပိုင်းတွင် မော်လမြိုင်မြို့နယ် သာယာအေးရပ်၊ လှိုင်ဈေးလမ်း၊ အမှတ်(၃၁)နေ ဦးအောင်ချမ်းသာ၊ ဒေါ်တင်တင်ဝင်းတို့၏ သမီးလတ် မ----- (၅-နှစ်)(သူငယ်တန်း)ကလေးကို အိမ်နီးချင်း ဦးမြအေး(ခေါ်)သားပု(၅၂-နှစ်)ဆိုသူက အဓမ္မပြုကျင့်ရန် ကြံစည်သည်ဟု ဆိုကာ ဇေယျာသီရိ ရဲစခန်းတွင် (၄-၄-၂၀၁၅) တိုင်ကြားခဲ့ရာ (ပ)၃၆/၂၀၁၅ ဖြင့် လက်ခံစုံစမ်း၍ ရဲစခန်းမှ ပုဒ်မ-၃၇၆/ ၅၁၁ ဖြင့် မော်လမြိုင်မြို့နယ် တရားရုံးသို့ (၃-၅- ၂၀၁၅)ရက်တွင် တရားစွဲဆိုတင်ပို့ခဲ့ပြီး ပြစ်မှုကြီးအမှတ်-၉၆၀ ဖြင့် လက်ခံစစ်ဆေးလျက်ရှိသည်ဟု သိရသည်။
စစ်ဆေးပြီးသော တရားလိုသက်သေများမှာ ကလေးမိခင်၊ ကလေး၊ အဒေါ်၊  မသန်းသန်းမြင့်(ခ) မဘုတ်ဆုံ၊ ဦးငွေလာ (အိမ်နီးချင်း)၊ ဦးအေးလွင်(ရာအိမ်မှူး)၊ ဦးနန်းဝင်း (ရာအိမ်မှူး)၊ မှုခင်းဆရာဝန်၊ စစ်ဆေးပြီး၊ နောက်ရုံးချိန်းမှာ ဇန်နဝါရီ ၂၆ ရက်သို့ ထပ်မံ ချိန်းဆိုလိုက်သည်ဟု သိရသည်။

Most Read

Most Recent