အနာဂတ်တွင် သဘာဝသယံဇာတအပေါ် မှီခိုမှု လျှော့ချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် ဆွေးနွေးခဲ့ကြောင်း ညီလာခံ မြေယာနှင့် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ ကိစ္စရပ်များ ဆွေးနွေးပွဲမှ ညီလာခံသို့ တင်သွင်းသည့် စာတမ်းပါ ဖော်ပြချက်အရ သိရသည်။နေပြည်တော်၌ ဇန်နဝါရီ ၁၂ ရက်မှ ၁၆ ရက်အထိ ငါးရက်ကြာ ကျင်းပခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နှင့် နိုင်ငံရေးပါတီစသည့် အစုအဖွဲ့ အသီးသီးမှ ညီလာခံ ကိုယ်စားလှယ်များက မြေယာနှင့် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကိစ္စရပ်များနှင့် ပတ်သက်ပြီး သဘာ၀ သယံဇာတ စီမံခန့်ခွဲခြင်းနှင့် ခွဲဝေခြင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ညီလာခံတွင် အစုအဖွဲ့ အသီးသီးမှ မြေယာနှင့် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကိစ္စရပ်များနှင့် ပတ်သက်ပြီး သဘာဝသယံဇာတ၏ မူလပိုင်ရှင်သည် ပြည်သူများဖြစ်ကြောင်း၊ မြေယာနှင့် တိုင်းရင်းသားတို့ ဘဝသည် အရေးကြီးပြီး မြေယာလုံခြုံရေးသည် ငြိမ်းချမ်းစွာ အသက်ရှင် နေထိုင်ရေးအတွက် အရေးကြီးကြောင်း၊ သဘာ၀ သယံဇာတ ပေါကြွယ်သော နေရာများတွင် ပဋိပက္ခများ ပိုမိုဖြစ်သွားသည့် သဘောသဘာဝကို တွေ့ရကြောင်း စသည်တို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် မြေယာနှင့် သဘာ၀ သယံဇာတများ အသုံးချမှု အလှမ်းမီရေး၊ အကာအကွယ်ပေးရေး အရေးကြီးကြောင်း၊ ပြုပြင်ပြောင်းလဲရေးအပေါ် ယုံကြည်မှု တိုးတက်လာအောင် မှန်ကန်သော မြေယာမူဝါဒ ချမှတ်ပြီး ပြည်သူများ အကျိုးရှိရှိ ပါဝင်လာအောင် ဆောင်ရွက်ရန်၊ သဘာ၀ သယံဇာတ ထုတ်ယူသုံးစွဲရာမှ ထွက်ပေါ်လာသည့် အကျိုးအမြတ်များကို ပြည်ထောင်စုကြီးအတွင်း မျှမျှတတ ခွဲဝေခံစားစေရမည် ဖြစ်ကြောင်း၊ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် သက်ဆိုင်ရာ ဒေသတွင် နေထိုင်ကြသည့် ပြည်သူများ၏ သဘောတူညီမှုကို ရယူရမည် ဖြစ်ကြောင်း၊ အနာဂတ်တွင် သဘာ၀ သယံဇာတအပေါ် မှီခိုမှုလျှော့ချနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်တို့ကို အစုအဖွဲ့ အသီးသီးမှ ညီလာခံ ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြောင်း သိရသည်။သဘာ၀ သယံဇာတ စီမံခန့်ခွဲခြင်းနှင့် ခွဲဝေခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး မမျှတမှုများ ရှိနေခြင်း၊ လက်ရှိမူဝါဒနှင့် ဥပဒေဆိုင်ရာ အားနည်းချက်များ ပြဋ္ဌာန်းဥပဒေများ ကျင့်သုံးမှု အားနည်းခြင်း၊ ဥပဒေ မလိုက်နာမှုများကို အရေးယူဆောင်ရွက်မှု အားနည်းနေခြင်း၊ တရားဥပဒေ စိုးမိုးမှုအားနည်းခြင်း၊ ဗဟိုချုပ်ကိုင်မှု များနေခြင်း၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု အားနည်းခြင်း လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် စွမ်းဆောင်ရည် လျော့ကျခြင်း၊ သုသေသနနှင့် ရန်ပုံငွေ လုံလောက်မှု မရှိခြင်းတို့က ပြဿနာနှင့် စိန်ခေါ်မှုများ ဖြစ်သည်ဟု ညီလာခံ ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။မြေယာနှင့် သဘာ၀ သယံဇာတများကို တိုင်းရင်းသား ပြည်သူလူထု အားလုံးမှ အကျိုးစီးပွား ညီညွတ်မျှတစွာ ခံစားနိုင်ရန် စနစ်တကျ စီမံခန့်ခွဲခြင်း ဝင်ငွေများကို ခွဲဝေသုံးစွဲခြင်း၊ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်၍ ဒေသခံ ပြည်သူများနှင့် သက်ဆိုင်ရာ ပညာရှင်များ ပါဝင်ကာ ပြည်သူလူထုမှ ရွေးချယ်တင်မြှောက် တာဝန်ပေးအပ်သူများက တာဝန်ယူဆောင်ရွက်သင့်သည်ဟုလည်း ညီလာခံတွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အနာဂတ်တွင် သဘာဝသယံဇာတအပေါ် မှီခိုမှု လျှော့ချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၌ ဆွေးနွေး















