ရန်ကုန်မြို့ မြောက်ဥက္ကလာပ မြို့နယ်တွင် ကမ္ဘောဇဘဏ်မှ ငွေထုတ်ယူပြီး ပြန်လာသည့် အမျိုးသမီး တစ်ဦးအား ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားနှစ်ဦးမှ လုယက်မှုတစ်ခု ဇန်နဝါရီ ၁၅ ရက်က ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာ မြို့နယ်ရဲစခန်းမှ သိရသည်။ဇန်နဝါရီ ၁၅ ရက် မွန်းတည့် ၁၂ နာရီခန့်က မြောက်ဥက္ကလာပ မြို့နယ်အတွင်း (င) ရပ်ကွက်တွင် နေထိုင်သည့် အသက် ၅၆ နှစ်အရွယ် အမျိုးသမီး တစ်ဦးသည် ကမ္ဘောဇဘဏ်မှ ငွေထုတ်ယူပြီး ၎င်းနေထိုင်ရာ မြောက်ဥက္ကလာပ မြို့နယ် (င) ရပ်ကွက်ရှိ နေအိမ်သို့ သုဓမ္မာလမ်းအတိုင်း လမ်းလျှောက်၍ ပြန်လာစဉ် မြောက်ဥက္ကလာပမြို့နယ် (ဃ) ရပ်ကွက် “မင်းမိုး” စတိုးဆိုင်အနီး အရောက်တွင် ဆိုင်ကယ်စီးနင်းလာသည့် အမည်စုံစမ်းဆဲ အမျိုးသားနှစ်ဦး လိုက်လာပြီး အဆိုပါ ဆိုင်ကယ်နောက်တွင် ထိုင်စီးလာသူက ကမ္ဘောဇဘဏ်မှ ငွေထုတ်လာသူ အမျိုးသမီးလက်မှ ပိုက်ဆံအိတ်ကို လုယူထွက်ပြေးသွားခဲ့ကြောင်း ရဲမှုခင်း မှတ်တမ်းအရ သိရသည်။ထိုသို့ အလုခံရစဉ် အမျိုးသမီးက ပိုက်ဆံအိတ်အား ပြန်လည် လုယူသော်လည်း မရဘဲ လမ်းပေါ်တွင် လဲကျသွားခဲ့ကြောင်း၊ လဲကျသွားမှုကြောင့် ၎င်းမှာ လက်ကောက်ဝတ် ဖူးရောင်ဒဏ်ရာ၊ ယာနှုတ်ခမ်း ပွန်းသည့်ဒဏ်ရာ၊ ယာဒူးပွန်းသည့် ဒဏ်ရာနှင့် အပေါ်ရှေ့သွား နာကျင်ထိခိုက်သည့် ဒဏ်ရာများ ရရှိသွားကြောင်း သိရသည်။လုယက်ခံရသည့် ပိုက်ဆံအိတ်ထဲတွင် ငွေကျပ်တစ်သိန်း လေးသောင်း ပါရှိသွားကြောင်း ရဲမှတ်တမ်းများအရ သိရသည်။“ဒီဖြစ်စဉ်နှင့် ပတ်သက်ပြီး လုပ်လေ့လုပ်ထ ရှိတဲ့သူတွေ၊ ဆိုင်ကယ် ကယ်ရီသမားတွေ၊ ပြစ်ချက်ဟောင်းရှိတဲ့ သူတွေကို လိုက်ပြီး စုံစမ်းနေပါတယ်။ ဆိုင်ကယ် လုယက်မှု ကျူးလွန်သွားသူ နှစ်ဦးကိုလည်း ခဲပန်းချီ ရေးဆွဲနေပါတယ်” ဟု မြောက်ဥက္ကလာပ မြို့မရဲစခန်းမှ အဆင့်မြင့် ရဲအရာရှိ တစ်ဦးက ဆိုသည်။ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ “ရန်ကုန်တိုင်းမှာ ဆိုင်ကယ်စီးနင်းခွင့် မပေးထားပါဘူး။ ဒါပေမဲ့ အခုရက်ပိုင်းတွေမှာ ဆိုင်ကယ်နဲ့ လုယက်မှုတွေ မကြာခဏ ဖြစ်ပွားနေတာကို တွေ့ရတယ်။ လိုင်စင်ရှိလည်း စီးခွင့်မပေးထားပါဘူး။ ဖမ်းမိခဲ့ရင် လုယက်မှုအပြင် မော်တော်ယာဉ် ဥပဒေနဲ့ပါ အရေးယူခံရပါမယ်။ နောက်ပိုင်းတွေမှာ ဆိုင်ကယ်နဲ့ လုယက်မှုတွေ များလာတဲ့အတွက် ရဲတပ်ဖွဲ့၊ ယာဉ်ထိန်း၊ မီးသတ်အပြင် အုပ်ချုပ်ရေးမှူးမှ တာဝန်ရှိသူများနဲ့ ပူးပေါင်းပြီး နေ့ညပိတ်ဆို့ စစ်ဆေးမှုတွေ ဆောင်ရွက်နေပါတယ်” ဟု ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဆိုင်ကယ်စီးနင်းခွင့် သက်ဆိုင်ရာမှ ခွင့်ပြုမထားသော်လည်း ဆိုင်ကယ်နှင့် လုယက်ဖြစ်စဉ်များ ရက်ပိုင်းအတွင်း များပြားလာကြောင်း၊ သက်ဆိုင်ရာ မြို့နယ်ရပ်ကွက်များ၌လည်း ခွင့်ပြုချက်မဲ့ ဆိုင်ကယ် စီးနင်းနေမှုများ များပြားလာပြီး အရေးယူမှု မရှိသည့်အပေါ် ဝေဖန်မှုများ ရှိနေသည်။အဆိုပါ ဖြစ်စဉ်မှ ဆိုင်ကယ်ဖြင့် လုယူထွက်ပြေးသည့် အမည်မသိ လူနှစ်ဦးအား မြောက်ဥက္ကလာပ မြို့မရဲစခန်းမှ (ပ) ၄၇/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၂၈ ဖြင့် အမှုဖွင့်စုံစမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆိုင်ကယ် စီးလာသူနှစ်ဦးက ဘဏ်မှငွေထုတ်ပြီး ပြန်လာသည့် အမျိုးသမီး တစ်ဦးထံမှ ငွေလုယက်မှု မြောက်ဥက္ကလာပ မြို့နယ်တွင် ဖြစ်ပွား