ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသည် ပြည်သူ့ကိုယ်စားပြုမှု အားနည်းနေကြောင်းနှင့် လာမည့် ညီလာခံများတွင် ယခုထက်ပိုမို ပီပြင်ပြီး အားလုံးအတွက် အဆင်ပြေမည့် ညီလာခံ ပုံစံမျိုးဖြစ်ရန်လိုဟု ညီလာခံ ကိုယ်စားလှယ်များ ပြောကြား

ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသည် ပြည်သူ့ကိုယ်စားပြုမှု အားနည်းနေကြောင်းနှင့် လာမည့် ညီလာခံများတွင် ယခုထက်ပိုမို ပီပြင်ပြီး အားလုံးအတွက် အဆင်ပြေမည့် ညီလာခံ ပုံစံမျိုးဖြစ်ရန်လိုဟု ညီလာခံ ကိုယ်စားလှယ်များ ပြောကြား
Published 16 January 2016
အောင်ဇော်ထွန်း

ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသည် ပြည်သူ့ကိုယ်စားပြုမှု အားနည်းနေကြောင်းနှင့် လာမည့် ညီလာခံများတွင် ယခုထက် ပိုမိုပီပြင်ပြီး အားလုံးအတွက် အဆင်ပြေစေမည့် ညီလာခံပုံစံမျိုးဖြစ်ရန် လိုအပ်သည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ တက်ရောက်နေသည့် ညီလာခံ ကိုယ်စားလှယ်များက ပြောကြားသည်။တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ သတ်မှတ်ချက်များအရ ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ဇန်နဝါရီ ၁၂ ရက်မှ စတင်ပြုလုပ်နေခြင်းဖြစ်ပြီး ဇန်နဝါရီ ၁၆ ရက်ထိ ကျင်းပသွားမည်ဖြစ်ရာ ညီလာခံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများ စသည့်ကဏ္ဍများမှ အကြောင်းအရာများကို အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နှင့် တရားဝင်နိုင်ငံရေး ပါတီများမှ ညီလာခံ ကိုယ်စားလှယ်များက တက်ရောက် ဆွေးနွေးလျက်ရှိသည်။ သို့ရာတွင် ဆွေးနွေးမှုများနှင့် ပတ်သက်၍ ဆုံးဖြတ်မှု တစ်စုံတစ်ရာ ပြုလုပ်နိုင်မည် မဟုတ်ကြောင်း သိရသည်။တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့မှ ညီလာခံ ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ညီလာခံရဲ့သဘောတရားကတော့ နာမည်ကတော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံပေါ့။ ဒါပေမဲ့ စရတဲ့ စပုံစနည်းကတော့ ဖွင့်ပွဲကတော့ ပြည်ထောင်စု ညီလာခံ ပုံသဏ္ဌာန်နဲ့ ဖွင့်ပေမယ့် ဆွေးနွေးတဲ့ ပုံသဏ္ဌာန်တွေကတော့ အမျိုးသားအဆင့်  နိုင်ငံရေး ဆွေးနွေးပွဲတွေလို အကြောင်းအရာအလိုက် ဆွေးနွေးတဲ့ ပုံစံပေါ့။ အဲဒီလို သွားနေတယ်။ ဒါကြောင့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပခြင်း လမ်းပြမြေပုံ အဆင့်သုံးနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပခြင်းဆိုတဲ့ အဆင့်လေးကို တပေါင်းတည်းလုပ်တဲ့ ပုံသဏ္ဌာန်တော့ ရှိတာပေါ့။ နောက်လေးလမှာ ဒုတိယအကြိမ်ခေါ်မယ့် ညီလာခံက ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲအဆင့် ပီပီပြင်ပြင်ဖြစ်မယ်လို့ ထင်တယ်။ အခုကတော့ ပြည်ထောင်စုအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို မတက်နိုင်သေးဘူး။ ဘာကြောင့်လဲဆိုရင် ပြင်ဆင်မှုက လိုတဲ့အခါကျတော့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲဆိုတဲ့ ပုံစံမျိုးနဲ့ အစုအဖွဲ့အလိုက်ပေါ့။ တပ်မတော်သား အစုအဖွဲ့ နိုင်ငံရေးပါတီ အစုအဖွဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အစုအဖွဲ့တွေက ကိုယ့်အချင်းချင်း ထိုင်ပြီးတော့ ပေးအပ်ထားတဲ့ ခေါင်းစဉ်အပေါ်မှာ ညှိနှိုင်းဆွေးနွေးတဲ့ သဘောပဲ။ နိုင်ငံရေး ဆွေးနွေးနေပြီ။ နိုင်ငံရေး ဆွေးနွေးပွဲကြီး အကြိတ်အနယ် အချက်အလက်တွေနဲ့ ညီညာဖြဖြပုံတော့ မရောက်သေးဘူးပေါ့” ဟု ပြောကြားသည်။၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူလူထု၏ ထောက်ခံမှုဖြင့် အစိုးရ ဖွဲ့စည်းနိုင်သည်အထိ အနိုင်ရရှိထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အနေဖြင့် ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ ကိုယ်စားလှယ် ငါးဦးသာ တက်ရောက်ခွင့်ရခဲ့၍ ပြည်သူ့ကိုယ်စားပြုမှု နည်းသည်ဟု ပြော၍ရကြောင်း NLD ပါတီ၏ ညီလာခံ ကိုယ်စားလှယ် ဦးထွန်းထွန်းဟိန်က ပြောကြားသည်။အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်လည်းဖြစ်သူ ဦးထွန်းထွန်းဟိန်က “ကျွန်တော်တို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဆိုရင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် အနိုင်ရထားတဲ့ ပါတီ။ အစိုးရဖွဲ့ဖို့ အလားအလာရှိတဲ့ ပါတီ။ ဒါပေမဲ့ ဒီညီလာခံကြီးမှာ ကိုယ်စားလှယ် ၇၀၀ ထဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားပြုပြီးပါတာ ငါးဦးပဲပါတယ်။ ငါးဦးပဲပါတာဆိုတော့ အများကြီး နည်းနေတယ်။ အဲဒီတော့ ပြည်သူ့ကိုယ်စားပြုမှုလို့ ပြောလို့ရှိရင် ပြည်သူ့ကိုယ်စားပြုမှု နည်းနေတယ်လို့ ပြောရမှာ။ ဒါက အချိုးအစားကအစ ပြန်ဆွေးနွေးရမယ့် အနေအထားတွေ ရှိတယ်။ တချို့ဟာတွေမှာလည်း လက်တွေ့ လုပ်ကြည့်လိုက်တဲ့အခါ အဆင်မပြေတဲ့ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်တွေကိုလည်း ပြန်ပြီးညှိဖို့တော့ လိုမှာပေါ့” ဟု ပြောကြားသည်။ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ၏ ညီလာခံ ကိုယ်စားလှယ် ဗိုလ်မှူးကြီး စိုင်းလကလည်း “ဒီညီလာခံ ဖွဲ့စည်းပုံကိုလည်း ကျွန်တော်တို့ တောင်းဆိုထားတဲ့ ပုံစံမျိုး မဟုတ်ခဲ့ပါဘူး။ အရင်တုန်းက သုံးပွင့်ဆိုင် ဆိုပေမယ့်လို့ အခုငါးပွင့်ဆိုင် မကဘဲနဲ့ ခုနစ်ပွင့်ဆိုင်လိုမျိုး ဖြစ်သွားပြီ။ ဒီကိစ္စလည်း ဝေဖန်တဲ့ အသံတွေလည်း ကြားရပါတယ်။ ဒီတော့ အားလုံးအတွက် အဆင်ပြေမယ့် ညီလာခံ ပုံစံမျိုးဖြစ်သွားဖို့လည်း လိုအပ်တယ်။ ဒါပေမဲ့ ဘယ်လိုပြောင်းလဲကြမလဲ။ ပြောင်းလဲနိုင်တဲ့ နည်းလမ်းတွေ ရှိသလားဆိုတာ ထပ်မံပြီးတော့ ဆွေးနွေးရဦးမယ်လို့ ထင်ပါတယ်” ဟု ပြောကြားသည်။ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို အစိုးရ ကိုယ်စားလှယ် ၇၅ ဦး၊ လွှတ်တော် ကိုယ်စားလှယ် ၇၅ ဦး၊ တပ်မတော် ကိုယ်စားလှယ် ၁၅၀၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၅၀၊ တရားဝင် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ် ၁၅၀၊ တိုင်းရင်းသား ကိုယ်စားလှယ် ၅၀ နှင့် အခြား ပါဝင်သင့် ပါဝင်ထိုက်သူ ၅၀ စုစုပေါင်း ကိုယ်စားလှယ် ၇၀၀ ပါဝင်သော အစုအဖွဲ့ ခုနစ်ခုဖြင့် ကျင်းပနေခြင်းဖြစ်သည်။ယခု ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် ပါဝင်ဆွေးနွေးနေသည့် အစုအဖွဲ့ပုံစံမျိုးဖြင့် မဟုတ်ဘဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ လိုလားသည့် သုံးပွင့်ဆိုင် ပုံစံမျိုးဖြင့် ကျင်းပမည်ဆိုလျှင်ပင် တပ်မတော်၏ သဘောထားမပါဘဲ အရေးကြီးသည့် ဆုံးဖြတ်ချက် ချမှတ်လို့မရဟု RCSS အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလက ပြောကြားသည်။ဗိုလ်မှူးကြီး စိုင်းလက “ဆုံးဖြတ်ချက် ချတဲ့နေရာမှာ တချို့ခေါင်းစဉ်တွေဆိုရင် ကိုယ့်အစုအဖွဲ့ထဲမှာ အများသဘောတူညီချက် ချရမယ့် ကိစ္စတွေလည်း ရှိပါတယ်။ ဥပမာ နိုင်ငံရေးတို့ လုံခြုံရေး၊ ကာကွယ်ရေးကိစ္စတို့ဆိုရင် ကိုယ့်အစုအဖွဲ့ထဲမှာ ၇၅ ရာခိုင်နှုန်းအထက်ရရှိမှ ကျွန်တော်တို့ ဆုံးဖြတ်ချက် ချနိုင်မှာကိုး။ အဲဒီလိုမျိုး NCA ရဲ့ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်မှာ ပြဋ္ဌာန်းထားတာ ကျွန်တော်တို့ တွေ့ရပါတယ်။ ဒီနေရာမှာ ကွာခြားမှု ရှိပါလိမ့်မယ်လို့ ကျွန်တော် အဲဒီလို သုံးသပ်နိုင်ပါတယ်။ အမှန်ဆိုရင် ဒီသုံးပွင့်ဆိုင်အရ သွားမယ်ဆိုရင် ဒီအစိုးရပိုင်းက စုဖွဲ့ထားတဲ့ တစ်ပွင့်ထဲမှာ အစိုးရရယ်၊ လွှတ်တော်ရယ်၊  တပ်မတော်ရယ် အမှန်အတိုင်း အချိုးညီမျှနဲ့ လာမယ်ဆိုရင် သူတို့ကလည်း ၁၅၀ ဦးရေနဲ့ပဲ လာပါလိမ့်မယ်။ ၁၅၀ ဦးရေထဲမှာ တပ်မတော်က ငါးဆယ်ဦးရေ ကိုယ်စားလှယ်ပါမှာ ဖြစ်ပါတယ်။ ၅၀ ဦးရေအရ ရာခိုင်နှုန်း တွက်မယ်ဆိုရင် ၃၀ ရာခိုင်နှုန်းကျော်ပါပြီ။ အစိုးရပိုင်းက တစ်ခုခု တပ်မတော်က အရေးကြီးတဲ့ အကြောင်းအရာ တစ်ခုခုမှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက် ချမယ်ဆိုရင် တပ်မတော်က သဘောထားတွေ မပါဘဲနဲ့ ဆုံးဖြတ်ချက် ချလို့မရပါဘူး” ဟု ဆိုသည်။လာမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပမှု ပုံစံပြောင်းလဲမှု ရှိမရှိ ဆိုသည်မှာ နောင်လာမည့် အစိုးရအပေါ် မူတည်သည်ဟု တပ်မတော် အစုအဖွဲ့မှ ညီလာခံ ကိုယ်စားလှယ် ဒုတိယ ဗိုလ်ချုပ်ကြီး အငြိမ်းစား ဦးခင်ဇော်ဦးက ပြောကြားသည်။ဦးခင်ဇော်ဦးက “အခုလုပ်တဲ့ အနေအထားမျိုးကလည်း ပြည့်စုံတယ်လို့ ကျွန်တော်တို့က ယူဆပါတယ်။ အစုအဖွဲ့အလိုက် ဆွေးနွေးတယ်။ အကြောင်းအရာအလိုက်တွေ ဆွေးနွေးတယ်။ နောက်ပိုင်းဆိုရင်တော့  ဆုံးဖြတ်ချက်ချတဲ့ အနေအထားမျိုးတွေလောက်ထိ တဖြည်းဖြည်းတော့ ရောက်လာမှာပေါ့။ အခု ပထမအကြိမ် ဒုတိယအကြိမ်ကတော့ ရောက်ချင်မှ ရောက်မှာပေါ့။ သို့သော် ညီလာခံ ကျင်းပတဲ့ ပုံစံကတော့ နိုင်ငံတကာ ကျင်းပတဲ့ ပုံစံလေးတွေကို ကြည့်ပြီးတော့မှ အကောင်းဆုံး အသင့်တော်ဆုံး ကိုယ့်နိုင်ငံနဲ့ အကိုက်ညီဆုံး ရွေးချယ်ဆောင်ရွက်သွားနိုင်လိမ့်မယ်လို့ ယူဆပါတယ်” ဟု ပြောကြားသည်။ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို သုံးနှစ်မှ ငါးနှစ်အကြား အပြီးလုပ်ဆောင်နိုင်ရေးကို အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၆ ဦး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၆ ဦး၊ နိုင်ငံရေးပါတီ အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၆ ဦးဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) တွင် ဆွေးနွေးမှုရှိကြောင်း သိရသည်။UPDJC ၏ နိုင်ငံရေးပါတီ အစုအဖွဲ့ အတွင်းရေးမှူး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီ၏ နည်းပညာ အထောက်အကူပြု အဖွဲ့ဝင် ဦးစိုင်းကျော်ညွန့်က “ညီလာခံကိုတော့ အကြမ်းဖျင်း ကျွန်တော်တို့ UPDJC မှာတော့ သုံးနှစ်နဲ့ငါးနှစ် အတွင်းမှာ အပြီးလုပ်မလားဆိုတဲ့ တင်ပြချက်တွေတော့ ရှိပါတယ်။ ဒါပေမဲ့ ဒီတင်ပြချက်က UPDJC ကဒီလိုဆုံးဖြတ်ရင်တော့ မကောင်းဘူး။ ညီလာခံကပဲ ဆုံးဖြတ်ပေးမယ်ဆိုတဲ့ ပုံစံမျိုးပေါ့။ ညီလာခံက အတတ်နိုင်ဆုံး သုံးနှစ်အပြီး ကျင်းပမယ်။ ဒါမှမဟုတ် အတတ်နိုင်ဆုံး ငါးနှစ်မှာ မဖြစ်မနေပြီးအောင် ကျင်းပမလားဆိုတာ အဲဒါကတော့ ညီလာခံမှာ ဆုံးဖြတ်ချက် ရယူရင် ပိုကောင်းမယ်ဆိုတဲ့ ဆွေးနွေးချက်တော့ ရှိပါတယ်” ဟု ပြောကြားသည်။ရွေးကောက်ပွဲ အနိုင်ရပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ချမှတ်ခြင်းကို အခြေအနေ အချိန်အခါအရ လိုအပ်သလို ပြုသာပြင်သာဖြစ်ရန် လိုအပ်ကြောင်း၊ ပြန်လည်ပြင်ဆင်လို့ ခက်ခဲမည့် အကြောင်းရင်းများ ရှိနေတတ်သောကြောင့် အနာဂတ် လုပ်ငန်းစဉ်များ ချမှတ်ရာတွင် သတိထားပြီး ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည်။

Most Read

Most Recent