ကချင်နိုင်ငံတော်အတွက် ကချင်ပြည်သူ့ပါတီ ဖွဲ့စည်းရန် ပြင်ဆင်နေမှုအပေါ် KIO၊ ကချင်နှစ်ခြင်း အသင်းတော်နှင့် ကချင်တိုင်းရင်းသား ပါတီများ ဝေဖန်ကန့်ကွက်

ကချင်နိုင်ငံတော်အတွက် ကချင်ပြည်သူ့ပါတီ ဖွဲ့စည်းရန် ပြင်ဆင်နေမှုအပေါ် KIO၊ ကချင်နှစ်ခြင်း အသင်းတော်နှင့် ကချင်တိုင်းရင်းသား ပါတီများ ဝေဖန်ကန့်ကွက်
Published 15 January 2016
ထွန်းလင်းအောင် (မြစ်ကြီးနား)

ကချင်နိုင်ငံတော်အတွက် ကချင်ပြည်သူ့ပါတီ ဖွဲ့စည်းရန် ပြင်ဆင်နေမှုအပေါ် KIO၊ ကချင်နှစ်ခြင်း အသင်းတော်နှင့် ကချင်တိုင်းရင်းသား ပါတီများက ဝေဖန်ကန့်ကွက်နေကြောင်း သတင်းရရှိသည်။သီးခြားလွတ်လပ်သော ကချင်နိုင်ငံတာ် တည်ဆောက်ရန်အတွက် ကချင်ပြည်သူ့ပါတီ (Kachin Republic Party-KRP) ဟု အမည်ပေးထားသော အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းရန် ပြင်ဆင်နေသည်ဟု KRP ၏ ယာယီ အထွေထွေ အတွင်းရေးမှူး ဦးလရှီးယောနက ပြောသည်ဟု မဇ္ဈိမသတင်းတွင် ဖော်ပြထားသည်ကို တွေ့ရသည်။လက်ရှိအချိန်တွင် လိုင်ဇာအခြေစိုက် KIO ဗဟိုဌာနက အဆိုပါ ကချင်နိုင်ငံတော် တည်ဆောက်ရန်အတွက် ကချင်ပြည်သူ့ပါတီ (Kachin Republic Party -KRP) နှင့် ပတ်သက်၍ ဇန်နဝါရီ ၉ ရက်တွင် အချက်လေးချက်ပါ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ယင်းထုတ်ပြန်ချက်တွင် ကေအိုင်အိုသည် ကချင်အမျိုးသားကို ဦးဆောင်နေသည့် တစ်ခုတည်းသော ပါတီဖြစ်ပြီး တစ်ခုတည်းသော ပါတီနှင့် တစ်ခုတည်းသော စစ်တပ်သာ ရှိကြောင်း၊ နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေးတွင် ကေအိုင်အိုမှ သင့်လျော်သည့် လမ်းစဉ်များကို ချမှတ်လုပ်ဆောင်နေကြောင်း၊ ယခုအချိန်တွင် KRP နှင့် KRA ပေါ်ပေါက်လာခြင်းကို ကြားသိရကြောင်း၊ ကေအိုင်အိုမှာ ကချင်တိုင်းရင်းသားအတွက် လုပ်ဆောင်နေသည့် အဖွဲ့ဖြစ်သည့်အတွက် ကေအိုင်အို၊ ကေအိုင်အေ အနေဖြင့် လုံးဝဆက်သွယ်မှု ပတ်သက်မှု လုပ်မည်မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။KRP ပါတီတွင် ကချင်ခရစ်ယာန် အသင်းတော်မှ ဘာသာရေး ခေါင်းဆောင်များ၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIO) မှ ခေါင်းဆောင်တချို့နှင့် KIA လက်အောက်ရှိ ကချင်ပြည်သူ့စစ် (MHH) မှ ခေါင်းဆောင်များဖြင့် ပါဝင်ဖွဲ့စည်းထားသည်ဟု ကချင်ဘာသာဖြင့် ဇန်နဝါရီ ၁၂ ရက်က တရားဝင် ကြေညာချက် ထုတ်ပြန်ထားသည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားသည်ကို တွေ့ရသည်။       ကချင်ပြည်နယ်လုံးဆိုင်ရာ နှစ်ခြင်း ခရစ်ယာန် အသင်းတော် အတွင်းရေးမှူး ဒေါက်တာ ခလမ်ဆမ်ဆွန်က “ဒီကိစ္စမှာ ကချင်နှစ်ခြင်း အသင်းချုပ်အနေနဲ့ ပြတ်ပြတ်သားသားပြောရရင် မထောက်ခံဘူး။ ကချင် တစ်မျိုးသားလုံးရဲ့ ရပ်တည်ချက်က စစ်မှန်တဲ့ ဖက်ဒရယ် ပေါ်ပေါက်ရေးပဲ။ စစ်မှန်တဲ့ ဖက်ဒရယ်ဖြစ်ရင်တောင် တိုင်းရင်းသားတွေအတွက် ကောင်းမွန်တဲ့ အနေအထားပါ။ ကေအိုင်အိုက ယခင်ကတော့ ဝန်ပေါင် သမ္မတနိုင်ငံ ထူထောင်မယ့် ရည်မှန်းချက်မျိုး ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ချိတ်ဆက်မိလာတော့ စစ်မှန်တဲ့ ဖက်ဒရယ် သဘောကို ပြောင်းလာတာပါ။ ကချင်လူထုနှင့် ကေအိုင်အေကြားမှာ နားလည်မှုတွေ လွဲမှားနိုင်တယ်။ မကြာသေးခင်က facebook စာမျက်နှာတွေမှာ အမျိုးမျိုး တက်လာခဲ့ပြီး ဒီလိုတွေ ဖြစ်လာတယ်ဆိုတော့ လူထုမှာ ဒွိဟဖြစ်လာတာပေါ့။ ဒီလိုမျိုးတွေ ဖြစ်လာတာတော့ မကောင်းပါဘူး။ ကချင် တိုင်းရင်းသားတွေက ကေအိုင်အို။ ကေအိုင်အေရဲ့ ဦးဆောင်မှုအောက်မှာ သွားနေကြတဲ့ အချိန်မှာ ဘာရည်ရွယ်ချက်နဲ့ လုပ်သလဲ။ အကြောင်းပြချက်တွေက လွန်ခဲ့တဲ့ ငါးနှစ်ကာလ ဖြစ်ပေါ်ခဲ့တာတွေပါ။ ဘယ်လို ပေါ်ပေါက်လာတယ် ဆိုတာလဲ နားမလည်သေးဘူး။ ကချင်နှစ်ခြင်း အသင်းတော်မှာ လူဦးရေ လေးသိန်းကျော် ရှိတယ်။ ဓမ္မဆရာပေါင်း နှစ်ထောင့်ငါးရာကျော် ရှိတယ်။ ဓမ္မဆရာတွေရဲ့ သဘောထားကတော့ စစ်မှန်တဲ့ ဖက်ဒရယ် ပေါ်ပေါက်ဖို့ပါပဲ။ နှစ်ခြင်းအသင်းတော်က ဓမ္မဆရာတွေကို ဒီကိစ္စကို ထောက်ခံကြမှာ မဟုတ်ဘူး။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်နေတဲ့ အချိန်မှာ မဖြစ်သင့်တဲ့ ကိစ္စပါပဲ။ သိပ်ကြီးကျယ်တဲ့ ကိစ္စလို့ မယူဆလို့ စည်းဝေးပြီး ထုတ်ပြန်ချက်လုပ်မှာ မဟုတ်ဘူး။ ဒါတွေက ပြည်ပမှာနေတဲ့ အဖွဲ့အစည်းတွေပဲ ဖြစ်မှာပါ” ဟု ပြောကြားသည်။နိုင်ငံရေးပါတီ ခေါင်းဆောင်များက ယင်းကိစ္စရပ်များကို တိကျသေချာစွာ မသိရှိသေးခြင်း၊ ကချင်တိုင်းရင်းသား ပါတီများကိုလည်း မည်သည့် စည်းရုံးရေးမျှ လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း၊ နိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်နေချိန်တွင် ယခုကဲ့သို့ ဖြစ်ပေါ်လာခြင်းမှာ မည်သို့ နားလည်ရမှန်း မသိကြောင်း၊ လိုင်ဇာရေ ဒီယိုကြေညာချက်များကိုသာ ကြားသိရခြင်းများသာ ရှိကြောင်း ပြောကြားကြသည်။ကချင်အမျိုးသားများ ဒီမိုကရေစီ ကွန်ဂရက်ပါတီမှ အတွင်းရေးမှူး ဦးထွယ်အောင်က “ထောင့်စေ့အောင်တော့ မဝေဖန်ရဲသေးဘူး။ ဘယ်လို အဖွဲ့မှန်းလည်း မသိသေးဘူး။ ကျွန်တော်တို့ ပါတီက လက်နက်မဲ့နိုင်ငံရေး လုပ်နေတာပါ။ လက်နက်ကိုင်တဲ့ လမ်းစဉ်ကို ဘယ်တော့မှ မစဉ်းစားခဲ့တဲ့ အခါကျတော့ ဘယ်လိုမှ မဝေဖန်တတ်ဘူး။ လိုင်ဇာ ရေဒီယိုကလည်း ဒီကိစ္စကို မပတ်သက်ဘူး။ မဟုတ်မမှန် သတင်းလွှင့်မှုတွေလို့ပဲ ကြေညာပါတယ်။ လူထုကြားမှာတော့ ဒီကိစ္စဟာ သိပ်စိတ်ဝင်စားတဲ့ သဘောလည်း မရှိပါဘူး။ မပေါ်ပေါက်သေးဘူးလို့လည်း ယူဆနေကြတယ်။ ပါတီတွင်း ဆွေးနွေးမှုအဆင့် မရှိသေးပါဘူး” ဟု ပြောကြားသည်။ကချင်အမျိုးသားများ ဒီမိုကရက်တစ် ပါတီမှ အတွင်းရေးမှူး ဦးဂျော်ဆန်နော်က “သတိပြုမိသလောက် သူတို့က ထုတ်ပြန်ချက် သုံးစောင်လောက် ထုတ်ပြန်ပြီးပါပြီ။ အရင်က ဖားကန့်မှာ ကျောက်စိမ်းတူးဖော်မှုကို ကန့်ကွက်ခဲ့တယ်။ ပါတီတွင်း ပြောကြားချက် မရှိဘူး။ ကျွန်တော့်ပါတီကတော့ ပင်လုံကို အခြေခံပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်ဖို့ ကျွန်တော်တို့ရဲ့ အဓိက ရည်မှန်းချက်ပါပဲ။ မပြောင်းလဲပါဘူး။ နိုင်ငံရေး ဆွေးနွေးပွဲတွေဟာ သံသယတွေ ရှိနေသေးပေမယ့် တည်ဆောက်သွားရမှာပါ။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနဲ့ပဲ ဖြေရှင်းသင့်ပါတယ်။ ပြည်တွင်းဆွေးနွေးပွဲတွေမှာ ယုံကြည်မှုတွေ တည်ဆောက်နိုင်ရင်လဲ ဒီကိစ္စတွေဟာ တဖြည်းဖြည်း ပျောက်ကွယ်သွားမယ်လို့ မျှော်လင့်ပါတယ်။ ဒီလိုအရေးကြီးတဲ့ အချိန်မှာ နိုင်ငံတစ်ခုလုံးအတွက် အဓိကကိုပဲ ဦးစားပေးသင့်တဲ့ အချိန်လို့ပဲ ပြောရမှာပါ” ဟု ပြောကြားသည်။မြစ်ကြီးနား စီတာပူ ရပ်ကွက်မှ ဦးလမောင်က “ကချင်တိုင်းရင်းသားများဟာ ကေအိုင်အိုကိုပဲ ထာဝစဉ်နီးပါး ထောက်ခံခဲ့ကြပါတယ်။ ဒီအဖွဲ့ကို ကျွန်တော်လည်း သတင်းပဲ ကြားဖူးတယ်။ ဘယ်တုန်းက ခေါင်းဆောင်လဲ။ ဘယ်သူတွေလဲဆိုတာ မသိကြပါဘူး။ လူထုကတော့ ဘာပဲဖြစ်ဖြစ် အကောင်းဆုံးသော အဖြေကိုသာ ရွေးကြမှာပါ။ လူထုနဲ့ ဆွေးနွေးတယ်။ တိုင်ပင်တယ်လည်း မကြားမိဘူး။ လက်ရှိ နိုင်ငံရေးအရ ပြောရရင် မဖြစ်သင့်ဘူး” ဟု ပြောကြားသည်။  

Most Read

Most Recent