လတ်တလောတွင် ကလေးခိုးမှုဖြင့် တိုင်ကြားမှု တစ်မှုသာရှိပြီး ကလေးခိုးမှု သတင်းများ စုံစမ်းစစ်ဆေးသည့်အခါ အဖြစ်မှန် မဟုတ်ဘဲ ကောလာဟလသာ ဖြစ်နေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ အဆင့်မြင့် ရဲအရာရှိတစ်ဦးက ဇန်နဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။ “လောလောဆယ် ကလေးခိုးမှုနဲ့ ပတ်သက်ပြီး တိုင်ကြားထားတာ တစ်မှုပဲရှိပြီး အမှန်တကယ် ကျူးလွန်ခြင်း ဟုတ်မဟုတ် စစ်ဆေးနေဆဲပါ။ နေရာဒေသအနှံ့မှာ ကလေးခိုးသူတွေနဲ့ ပတ်သက်ပြီး သတင်းတွေ ထွက်ပေါ်နေပေမယ့် စုံစမ်းစစ်ဆေးတဲ့အခါ အဖြစ်အပျက် အမှန်တွေ မဟုတ်ဘဲ ကောလာဟလ ဖြစ်နေတယ်။ ဒီကောလာဟလတွေကြောင့် ပြည်သူတွေကြားမှာ ကြောက်လန့်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိထားပါတယ်” ဟု အဆိုပါ အဆင့်မြင့် ရဲအရာရှိက ပြောကြားသည်။ပြည်သူများအကြား မငြိမ်မသက်ဖြစ်အောင် နိုင်ငံတစ်ဝန်းတွင် ကလေးခိုးမှုများ ဖြစ်ပေါ်နေကြောင်း ကောလာဟလ သတင်းထုတ်လွှင့်နေသူများအား စုံစမ်းသိရှိပါက အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ အဆင့်မြင့် အရာရှိ တစ်ဦးက ဆိုသည်။“ကောလာဟလတွေ ထုတ်တဲ့သူတွေကို အမှန်တကယ်တမ်း သိတဲ့အခါကျရင် အရေးယူသွားမှာဖြစ်တယ်။ အရေးယူထားတဲ့ဖြစ်စဉ်တော့ မရှိသေးဘူး။ ပြည်သူတွေ မငြိမ်မသက်ဖြစ်အောင် လုပ်တဲ့အပိုင်းမျိုး ဆိုရင်လည်း စစ်ဆေးပေါက်ပေါက်တဲ့အခါ သက်ဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူမှာ ဖြစ်ပါတယ်။ ကျူးလွန်တဲ့ ပြစ်မှုပေါ်မူတည်ပြီး ကြီးရင်ကြီးသလို၊ သာမန်ဆိုရင်လည်း သာမန်ဆိုပြီး အရေးယူသွားမှာ ဖြစ်ပါတယ်” ဟု အဆိုပါ အဆင့်မြင့် ရဲအရာရှိက ပြောကြားသည်။ပြည်သူများကြား အဆိုပါ သတင်းများကြောင့် ထိတ်လန့်မှု မရှိစေရန် သက်ဆိုင်ရာ နယ်မြေဒေသအလိုက် ကောလာဟလ ပျံ့နှံသော နေရာများတွင် ဖြစ်စဉ်အမှန် ရှင်းပြရန်နှင့် ကလေးများအား မည်ကဲ့သို့ ဂရုစိုက်ရမည့် နည်လမ်းများကို အသိပညာပေး ဆွေးနွေးမှုများ ပြုလုပ်ရန် သက်ဆိုင်ရာ ရဲတပ်ဖွဲ့များသို့ ညွှန်ကြားထားကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။ ကလေးခိုးယူသူများအား ပုဒ်မ ၃၆၃ ဖြင့် အရေးယူ အပြစ်ပေးနိုင်သလို လူမှုကွန်ရက်များတွင် ပြည်သူများကြား စိုးရိမ်ထိတ်လန့်မှု ဖြစ်ပွားစေသော ကောလာဟလ သတင်းများ ထုတ်လွှင့်သော သူများကိုလည်း ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အရေးယူနိုင်သလို အမှုစစ်ဆေးသည့်အခါ ပေါ်ပေါက်ချက်များအပေါ် မူတည်၍ တခြားပုဒ်မများဖြင့် ထပ်မံအရေးယူနိုင်ကြောင်း၊ ယခုလောလောဆယ်တွင် ကလေးခိုးမှုနှင့် ပတ်သက်ပြီး တိုင်ကြားထားတဲ့အမှု တစ်မှုသာ ရှိသေးပြီး အမှန်တကယ် ကျူးလွန်ခြင်း ဟုတ်မဟုတ် စစ်ဆေးနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် မှုခင်းနှင့်တရားစွဲဌာနမှ သိရသည်။အဆိုပါအမှုမှာ မန္တလေးတိုင်း ဒေသကြီးအတွင်း ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောကျေးရွာ အနီးတွင် ဇန်နဝါရီ ၁၄ ရက်ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မတ္တရာမြို့မှ မန္တလေးမြို့သို့ ပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်တစ်စီးသည် ယင်းနေ့ညနေပိုင်းတွင် ဒဟတ္တောကျေးရွာ အနီး၌ ကားခေတ္တရပ်နားနေစဉ် အမည်မသိ လူငယ်ငါးဦးခန့်မှာ ကားပေါ်ပါလာသော ကလေးငယ်များအား လုယူရန် ကြိုးစားခဲ့ကြောင်း၊ ကလေးလုယူရန် ကြိုးစားသူများအား ကားပေါ်ပါ ခရီးသည်များနှင့် ရပ်ကွက်နေ ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးရာ ပါဝင်သူနှစ်ဦးအား ဖမ်းဆီးနိုင်ခဲ့ကြောင်း မျက်မြင်သက်သေများ၏ ပြောကြားချက်အရ သိရသည်။ထို့ပြင် ရန်ကုန်တိုင်း ဒေသကြီး ကျောက်တန်းမြို့နယ် အရှေ့ပိုင်း ရပ်ကွက်၌ ဇန်နဝါရီ ၁၃ ရက် ည ၇ နာရီ မိနစ် ၃၀ တွင် ကလေးသူခိုးအား လိုက်လံဖမ်းဆီးနေကြောင်းနှင့် ရပ်ကွက်အတွင်း လူအများ ရုတ်ရုတ်သဲသဲ အထိတ်တလန့် ဖြစ်နေသည့်အတွက် ရဲတပ်ဖွဲ့ဝင်များမှ သွားရောက်စုံစမ်းရာတွင် အရှေ့ ပိုင်းရပ်ကွက် ပါဒစက်ကုန်းအပိုင်းနေ သန့်ဇင် ၃၅ နှစ်၏ နေအိမ်သို့ ရောက်ရှိလာသည့် ကျောက်တန်းမြို့နယ် တံတားမြို့ အမှတ် (၄) ရပ်ကွက်နေ ညီတော်စပ်သူ မောင်နိုင် ၃၃ နှစ် (အရက် အလွန်အကျွံ သောက်သုံးတတ်သူ) အား အနီးပတ်ဝန်းကျင်တွင် နေထိုင်သည့် ကလေးငယ်များမှ “အရူးမ၊ အရူးမ” ဟု အော်ဟစ်ပြောဆိုရာက ကလေးသူခိုးအဖြစ် သတင်းပျံ့နှံ့သွားကာ လူအများ စုပြုံရောက်ရှိလာခြင်း ဖြစ်ကြောင်း၊ အရှေ့ပိုင်း ရပ်ကွက်နှင့် ကျောက်တန်းမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း ကလေးပျောက်ဆုံးသည့် ဖြစ်စဉ်များ ဖြစ်ပွားခြင်း မရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာချုပ်၏ ရဲဇာနည် Facebook တွင် ဖော်ပြထားသည်။
လတ်တလောတွင် ကလေးခိုးမှုဖြင့် တိုင်ကြားမှု တစ်မှုသာရှိပြီး ကလေးခိုးမှု သတင်းများ စုံစမ်းစစ်ဆေးသည့်အခါ အဖြစ်မှန် မဟုတ်ဘဲ ကောလာဟလသာ ဖြစ်နေကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူ ပြောကြား