အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်၍ အစိုးရခေါင်းဆောင်များ၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံမည်

အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်၍ အစိုးရခေါင်းဆောင်များ၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံမည်
Published 14 January 2016
ငြိမ်းကို

အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်သည် ဇန်နဝါရီ ၁၇ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်၍ အစိုးရခေါင်းဆောင်များ၊ ရွေးကောက်ပွဲအနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။
အမေရိကန်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ အမေရိကန်ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်သည် ဇန်နဝါရီ ၁၇၊ ၁၈ ရက်များတွင် နေပြည်တော်သို့ သွားရောက်၍ အစိုးရ ခေါင်းဆောင်များ၊ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံကာ ရွေးကောက်ပွဲအလွန် နိုင်ငံရေး အခြေအနေများ ဆွေးနွေးမည်ဖြစ်ကြောင်း၊ ယင်းနောက် ဇန်နဝါရီ ၁၈ ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ Kempinski Hotel တွင် သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်သည် ၂၀၁၅ ခုနှစ် မေ ၂၁ ၊ ၂၂ ရက်များကလည်း မြန်မာနိုင်ငံသို့ လာရောက်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် နေပြည်တော်၌ သီးခြားစီတွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထို့နောက် ၎င်းသည် မေ ၂၂ ရက်တွင် ရန်ကုန်မြို့ရှိ အမေရိကန်စင်တာ၌ လှေစီးဒုက္ခသည်များအရေး၊ လက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများ၊ ၂၀၁၅ ရွေးကောက်ပွဲနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးများကို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
 

Most Read

Most Recent