ဒုတိယအကြိမ် လွှတ်တော် အစည်းအဝေးများ ကျင်းပနိုင်ရေး ရွေးကောက်ပွဲ အနိုင်ရပါတီ ဥက္ကဋ္ဌနှင့် လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး ပါဝင်သည့် ညှိနှိုင်းအစည်းအဝေး ပြုလုပ်

ဒုတိယအကြိမ် လွှတ်တော် အစည်းအဝေးများ ကျင်းပနိုင်ရေး ရွေးကောက်ပွဲ အနိုင်ရပါတီ ဥက္ကဋ္ဌနှင့် လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး ပါဝင်သည့် ညှိနှိုင်းအစည်းအဝေး ပြုလုပ်
Published 14 January 2016
ငြိမ်းဇော်လင်း

ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးများ ကျင်းပနိုင်ရေးအတွက် ဗဟိုလုပ်ငန်းကော်မတီနှင့် လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၁၄ ရက်က နေပြည်တော် လွှတ်တော်ရှိ ဇမ္ဗူသီရိ ခန်းမဆောင်တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့မှ ဝန်ကြီးများ တက်ရောက်ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက အမှာစကား ပြောကြားခဲ့ရာ လွှတ်တော်ခေါ်ယူ ကျင်းပခြင်းနှင့် လုပ်ဆောင်ရမည့် လုပ်ငန်းအစီအစဉ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် တည်ဆဲဥပဒေ၊ နည်းဥပဒေများအရ ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ဆက်လက် လုပ်ဆောင်ရမည့် ကိစ္စများကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများအတိုင်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ဆက်လက်တာဝန်ယူကြမည့် လွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များသည် မိမိတို့ ဆောင်ရွက်ချက်များအပေါ် သင်ခန်းစာရယူပြီး ယခုထက်ပိုမို ကောင်းမွန်သည့် အရည်အချင်း ပြည့်စုံသည့် လွှတ်တော်များဖြစ်အောင် ကြိုးစားလုပ်ဆောင် သွားရမည်ဖြစ်ပါကြောင်း၊ ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက် စီးပွားရေးစနစ်သည် စာအုပ်ထဲ၌သာ ထားရှိပြီး ရုပ်ပြ၊ ဟန်ပြ လုပ်ဆောင်ရမည့် ကိစ္စတစ်ခု မဟုတ်ပါကြောင်း၊ ယနေ့ မြန်မာနိုင်ငံသားများသည် နိုင်ငံရေးရေချိန် မြင့်မားလာသကဲ့သို့ ဒီမိုကရေစီရေချိန်လည်း တစ်နေ့တခြား မြင့်မားလာပြီ ဖြစ်ပါကြောင်း၊ ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ် တည်ဆောက်မှသာ မိမိတို့နိုင်ငံ၏ လက်ရှိနိမ့်ကျ နောက်ကျနေသည့် အခြေအနေမှ အခြားနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်မည် ဖြစ်ကြောင်း၊ လွှတ်တော်တွင် လူတော်လူကောင်းများ ပါဝင်လာရေးနှင့် နိုင်ငံကို အုပ်ချုပ်ရာတွင် လူတော်လူကောင်းများ ပါဝင်လာရေးအတွက် နောင်အစဉ်အဆက် ပြည်သူများက ရွေးချယ်သွား ကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံက လိုလားတောင့်တနေသည့် ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ် တည်ဆောက်ရာတွင် လွှတ်တော်ပိုင်းက ပါဝင်ဆောင်ရွက်ခြင်းပင် ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် မိမိတို့ကိုယ်စီ တာဝန်ကျေ မကျေ သုံးသပ်ရန်လိုကြောင်း ပြောကြားသည်။
 

Most Read

Most Recent