လက်ရှိကျင်းပနေသည့် ငြိမ်းချမ်းရေး ညီလာခံမှာ NCA ပြီးသည်ကို အသိအမှတ် ပြုခြင်းသာဖြစ်၍ တကယ့်ငြိမ်းချမ်းရေး ညီလာခံအား အစိုးရသစ်တက်မှ ကျင်းပမည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

လက်ရှိကျင်းပနေသည့် ငြိမ်းချမ်းရေး ညီလာခံမှာ NCA ပြီးသည်ကို အသိအမှတ် ပြုခြင်းသာဖြစ်၍ တကယ့်ငြိမ်းချမ်းရေး ညီလာခံအား အစိုးရသစ်တက်မှ ကျင်းပမည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို
Published 14 January 2016
ဇာလီမြင့်ဦး

လက်ရှိကျင်းပနေသည့် ငြိမ်းချမ်းရေးညီလာခံမှာ NCA (တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်) ပြီးသည်ကို အသိအမှတ် ပြုခြင်းသာဖြစ်၍ တကယ့်ငြိမ်းချမ်းရေး ညီလာခံကို နောက်အစိုးရသစ်တက်မှ ဆက်၍ကျင်းပမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌဒေါ် အောင်ဆန်းစုကြည်က ပြောကြားသည်။
ဇန်နဝါရီ ၁၄ ရက်က RFA သတင်းဌာနက ထုတ်လွှင့်သည့် ဒီမိုကရေစီ ခရီးကြမ်းနှင့် ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဒီငြိမ်းချမ်းရေး ညီလာခံကပေါ့နော်။ NCA ပြီးတာကို အသိအမှတ်ပြုတဲ့ သဘောပါပဲ။  ဒီလိုပဲ ကျွန်မနားလည်တယ်။ တကယ့် ငြိမ်းချမ်းရေး ညီလာခံကတော့ နောက်အစိုးရကမှ ဆက်ပြီးလုပ်ရမှာပေ့ါနော်။ ငါးရက်တည်းနဲ့တော့ ဘယ်လိုလုပ်ငြိမ်းချမ်းရေး ညီလာခံပြီးနိုင်မလဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို နေပြည်တော်တွင် ဇန်နဝါရီ ၁၂ ရက်မှ စတင်ကာ ကျင်းပလျက်ရှိပြီး အဆိုပါ ညီလာခံဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော် သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ အပါအဝင် ညီလာခံ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း အဆိုပါ ညီလာခံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ပြည်ထောင်စု တိုင်းရင်းသားများ၏ ငြိမ်းချမ်းရေးအိပ်မက်ကို အကောင်အထည် ဖော်နိုင်မည်ဖြစ်ပြီး၂၁ ရာစုနှင့် ကိုက်ညီမှုရှိသော ပင်လုံညီလာခံမျိုးကို မျှော်လင့်သည်ဟု မိန့်ခွန်းပြောကြားခဲ့သည်။
RFA သတင်းဌာနနှင့် အင်တာဗျူးတွင်လည်း ဒေါ်အောင်ဆန်းစုကြည်က “၂၀ ရာစုနှစ်ကစခဲ့တဲ့ စိတ်ဓာတ်ဟာ၂၁ ရာစုနှစ်မှာလည်း ဒါအခုအချိန်အထိ အကျုံးဝင်ပါတယ်။ ညီညွတ်မှု အင်အားနဲ့ အောင်မြင်မှုကို ရယူမယ် ဆိုတာကတော့ တကယ်ပြောမယ်ဆိုရင် ဘယ်ခေတ်မှာမဆို အကျုံးဝင်ပါတယ်” ဟု ပြောကြားသည်။
ထို့ပြင် လက်ရှိတွင် အဖွဲ့အစည်းများသလောက် ပို၍လုပ်ရမည် ဖြစ်ကြောင်းနှင့် တစ်ဖက်တွင်လည်း ရသလောက် အင်အားများစု၍ လုပ်ပါကလည်း ပိုပြီး ပြီးနိုင်ကြောင်းလည်း RFA သတင်းဌာနကို ပြောကြားသည်။
ထို့ပြင် “အစိုးရအဖွဲ့အတွက် ရာထူးတွေ၊ တာဝန်တွေ ရွေးချယ်မှုတွေရော တော်တော်ပြီးနေပြီလား” ဟူသော RFA သတင်းဌာန၏ မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က “ကိုခင်မောင်စိုး မစပ်စုပါနဲ့။ အချိန်တန်ရင် သိရပါလိမ့်မယ်” ဟု ဖြေကြားသည်။

နေပြည်တော်တွင် ဇန်နဝါရီ ၁၄ ရက်က ပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ တတိယနေ့ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
NLD အစိုးရ လက်ထက်တွင် ပြင်ပမီဒီယာတွေက မေးမြန်းသည်ကို ပြန်ကြားအသိပေးမည့် အပိုင်းနှင့် ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်က “ပြောသင့်ပြောထိုက်တဲ့ သူတွေက ပြောရမှာပေါ့။ တချို့တွေက မီဒီယာကို ပြောတဲ့အခါမှာ ပြောချင်တာပဲ သိတယ်လေ။ ပြောတတ်တာ မပြောတတ်တာကို မဆင်ခြင်တာတွေ ရှိတာပေ့ါ။ တစ်ခါတလေ အချက်အလက်ကိုတောင်မှ မသိဘဲနဲ့ ရမ်းပြီးပြောတာတွေလည်း ရှိတယ်။ ဒါတွေကိုလည်း ချိန်းရတယ်။ နောက်တစ်ခါတလေကျရင် အဖွဲ့ချုပ်ရဲ့မူနဲ့ မကိုက်ညီတဲ့ ဟာတွေကိုလည်း ပြောတာရှိတယ်။ ပါတီတစ်ခုရဲ့ ကိုယ်စားလှယ်အဖြစ်နဲ့ အလုပ်လုပ်မယ် ဆိုရင်တော့ ပါတီရဲ့မူအရပဲ ပြောရမှာပဲ” ဟုဆိုသည်။
ဆောက်လုပ်ရေး လုပ်ငန်းများကို NLD အစိုးရ လက်ထက်တွင် မည်ကဲ့သို့ ကိုင်တွယ်ဆောင်ရွက်မည် ဆိုသည့် မေးခွန်းနှင့် ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်က ပထမဦးဆုံး အနေဖြင့် တရားဥပဒေ စိုးမိုးရေးဖြင့် ကိုင်တွယ်ရမည် ဖြစ်ကြောင်း၊ အဆောက်အအုံများကို မလုပ်သင့်သည့် ကိစ္စများ မလုပ်အောင်၊ မဆောက်သင့်သည့် နေရာများတွင် မဆောက်ရန်၊ မဆောက်သင့်သည့် အဆောက်အအုံမျိုး မဆောက်ရန်တို့မှာ စည်းမျဉ်းစည်းကမ်း ဥပဒေတွေ ရှိပြီးသား ဖြစ်သော်လည်း မလိုက်နာသည်များမှာ ပြဿနာဖြစ်နေကြောင်း၊ စည်းမျဉ်းစည်းကမ်း ဥပဒေအသစ်များလည်း လိုအပ်သည်များကို ထပ်၍ပြဋ္ဌာန်း ရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ 
“အဆင့်အတန်းမီတဲ့ အဆောက်အအုံတွေ ဆောက်ဖို့၊ အန္တရာယ်ကင်းတဲ့ အဆောက်အအုံတွေဆောက်ဖို့၊ အန္တရာယ်ကင်းဖို့အတွက် သတ်မှတ်ချက်တွေအရလုပ်ဖို့ ဒါတွေက တရားဥပဒေ စိုးမိုးရေးနဲ့လည်းဆိုင်တယ်။ ဒီလိုဟာတွေက စက္ကူပေါ်မှာပဲ ဥပဒေထားပြီးတော့ သက်ရောက်မှု မရှိရင်လည်း အလကားပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။   
ထို့ပြင် NLD အစိုးရလက်ထက် ဆောင်ရွက်မှု ကိစ္စရပ်များနှင့်ပတ်သက်၍ RFA သတင်းဌာန၏ မေးမြန်းမှုများအပေါ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရောက် မြန်မာပြည်ဖွား ကျွမ်းကျင်သူတွေ မြန်မာပြည်ကို ပြန်လာပြီး အလုပ်လုပ်နိုင်ဖို့ အတွက်လည်း စဉ်းစားထားမှုများရှိကြောင်း၊ မီဒီယာ ကိစ္စရပ်များတွင်လည်း အများကြီးပို၍ ခေတ်မီအောင်လုပ်ဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။              

Most Read

Most Recent