လေးလကျော်အတွင်း စည်းကမ်း ချိုးဖောက်သည့် ယာဉ်များ Viber မှတစ်ဆင့် တိုင်ကြားမှုပေါင်း ၃၈၀၀ အထိ ရှိလာပြီး တစ်လလျှင် တိုင်ကြားမှု တစ်ထောင်ကျော်ထိ ရှိလာ

လေးလကျော်အတွင်း စည်းကမ်း ချိုးဖောက်သည့် ယာဉ်များ Viber မှတစ်ဆင့် တိုင်ကြားမှုပေါင်း ၃၈၀၀ အထိ ရှိလာပြီး တစ်လလျှင် တိုင်ကြားမှု တစ်ထောင်ကျော်ထိ ရှိလာ
Published 7 December 2015
အောင်ထက်ခိုင်

Viber မှ တိုင်ကြား၍ရသည့် Online Complaint Centre (OCC) အား ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် သြဂုတ် ၁၂ ရက်တွင် အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး၌ စတင်အကောင်အထည် ဖော်ခဲ့ချိန်မှ ဒီဇင်ဘာ ၆ ရက်အထိ လေးလကျော် ကာလအတွင်း တိုင်ကြားသည့် အမှုပေါင်း ၃၈၀၀ ထိရှိပြီး နောက်ပိုင်း ကာလအတွင်း တိုင်ကြားမှုပေါင်း တစ်ထောင်ကျော်ထိ မြင့်တက်လာကာ ကိုယ်ပိုင်ယာဉ်များကို တိုင်ကြားမှု အများစုဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ စုံစမ်းသိရသည်။အရေးယူခဲ့သည် အမှုများအနက် ပြောင်းပြန်မောင်းနှင်မှုမှာ ကျူးလွန်မှုအများဆုံး ဖြစ်နေကြောင်း သိရပြီး Viber မှတစ်ဆင့် ဓာတ်ပုံရိုက် တိုင်တန်းသည့် အမှုပေါင်းမှာ ၅၀၀၀ ကျော် ရှိသော်လည်း အချို့ဓာတ်ပုံများသည် လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း ချိုးဖောက်ကြောင်း ပေါ်လွင်ထင်ရှားမှု မရှိသဖြင့် အရေးယူ၍ မရကြောင်း သိရသည်။အဆိုပါ Viber မှ တိုင်ကြား၍ ရသည့် Online Complaint Centre (OCC) အား ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် သြဂုတ် ၁၂ ရက်တွင် အမှတ် (၂)ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး၌ စတင် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ အချိန်ထိ လေးလကျော် ကာလအတွင်း စည်းကမ်းချိုးဖောက်ခဲ့သဖြင့် ဖမ်းဆီးခဲ့သည့် ယာဉ်စီးရေ အရေအတွက်မှာ ၃၆၅၄ စီး ရှိပြီဖြစ်ကြောင်း သိရသည်။ ယင်းသို့ စည်းကမ်းချိုးဖောက်သည့် ယာဉ်များအနက် ကိုယ်ပိုင်ယာဉ်များသည် စည်းကမ်းချိုးဖောက်မှု ပိုမို များပြားကြောင်း သိရသည်။“တိုင်ကြားမှုတွေက နောက်ပိုင်းမှာ မြင့်တက်လာပါတယ်၊ ခုနောက်ပိုင်းမှာ တစ်လလျှင် အမှုပေါင်း တစ်ထောင်ကျော်အထိ မြင့်တက်လာပါတယ် ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို လိုက်နာမယ် ဆိုရင်တော့ ယာဉ်ထိန်းရဲတပ်ဖွဲ့ အင်အား နည်းခြင်းများခြင်းနဲ့ မဆိုင်ဘူး၊ ယာဉ်ထိန်းရဲက အရေးယူတဲ့အပိုင်း လုံး၀ မလုပ်တော့ပါဘူး၊ ဘာနည်းပညာမှ မလိုပါဘဲ ယာဉ်ကြောရှင်းဖို့အတွက် လုံး၀ တာဝန်ယူပါတယ်” ယာဉ်ထိန်းရဲမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။အဆိုပါ Viber မှ တိုင်ကြား၍ရသည့် Online Complaint Centre (OCC) အား ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် သြဂုတ် ၁၂ ရက်တွင် အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး၌ စတင် အကောင်အထည်ဖော်ခဲ့ချိန်တွင် တိုင်ကြားမှု ၄၈၃ မှုသာ ရှိခဲ့ပြီး နောက်ပိုင်း တစ်လလျှင် တိုင်ကြားမှုပေါင်း တစ်ထောင်ကျော်အထိ ရှိလာကြောင်း သိရသည်။စည်းကမ်းဖောက်ဖျက်သဖြင့် အရေးယူခံရသည့် ယာဉ်များမှာ ကိုယ်ပိုင်ယာဉ် ၁၃၃၂ စီး၊ တက္ကစီယာဉ် ၁၃၃၂ စီး၊ အငှားကုန်တင်ယာဉ် ၁၈၈ စီးနှင့် ဘတ်စ်ကား ၆၉၆ စီးတို့အား အရေးယူထားကြောင်း သိရသည်။အဆိုပါ စည်းကမ်းချိုးဖောက်ကာ သွားလာမောင်းနှင်သည့် ယာဉ်များအား အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးက ဆင့်ခေါ်စာများ ပေးပို့ကာ ကျူးလွန်သည့်အမှု အမျိုးအစားအလိုက် ငွေဒဏ်၊ ထောင်ဒဏ် စသည်တို့ကို တရားရုံးက ယာဉ်မောင်းနှင်သူများကို ပြစ်ဒဏ်များ ချမှတ်ကာ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယင်းသို့ အရေးယူရာတွင် ၂၀၁၅ ခုနှစ် စက်တင်ဘာ ၇ ရက်၌ အသစ်ထွက်ရှိခဲ့သည့် မော်တော်ယာဉ် ဥပဒေ စာအုပ်ပါ ပြစ်ဒဏ်များအလိုက် အရေးယူသွားမည်ဖြစ်ကြောင်း သိရပြီး စက်တင်ဘာ ၇ ရက် မတိုင်မီ စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များကို မူလဥပဒေဖြစ်သည့် ၁၉၈၉ ခုနှစ် မော်တော်ယာဉ် နည်းဥပဒေဖြင့်သာ အရေးယူသွားမည်ဟု သိရသည်။ လက်ရှိအချိန်ထိ မော်တော်ယာဉ် ၁၆၈ စီးသာ ဒဏ်ငွေလာရောက် ပေးဆောင်သေးကြောင်း သိရသည်။Viber မှ တိုင်ကြားမှုများတွင် စည်ကမ်းမဲ့ မော်တော်ယာဉ်များအတွက် တိုင်ကြားမှုများအပြင် ယာဉ်တိုက်မှုများနှင့် ယာဉ်စည်းကမ်း ဥပဒေများပါ တောင်းခံလာကြောင်း သိရသည်။စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များအား ပြည်သူလူထုမှ ဓာတ်ပုံရိုက်ကူး၍ အမှတ်(၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံး Viber ဖုန်းနံပါတ်ဖြစ်သည့် ၀၉၇၃၀၉၃၂၂၆၊ ၀၉ ၇၉၁၂၀၃၂၈ သိ့ု ဓာတ်ပုံများပေးပို့ တိုင်ကြားနိုင်ကြောင်း သိရသည်။     

Most Read

Most Recent