တပ်မတော်နှင့် ကေအိုင်အေတို့၏ တိုက်ပွဲများကြောင့် တရုတ်သို့ ခိုးထုတ်ရန် ကျန်နေသည့် ပိုင်ရှင်မဲ့သစ် တန်တစ်ထောင်ကျော် ဗန်းမော်မြို့နယ်တွင် ဖမ်းဆီးရမိ

တပ်မတော်နှင့် ကေအိုင်အေတို့၏ တိုက်ပွဲများကြောင့် တရုတ်သို့ ခိုးထုတ်ရန် ကျန်နေသည့် ပိုင်ရှင်မဲ့သစ် တန်တစ်ထောင်ကျော် ဗန်းမော်မြို့နယ်တွင် ဖမ်းဆီးရမိ
Published 7 December 2015

တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့သောကြောင့် တရုတ်နိုင်ငံသို့ ခိုးထုတ်ရန် ကျန်ရှိနေသော သစ်တန် တစ်ထောင်ကျော်ကို တပ်မတော်၏ အကူအညီ မပါဘဲ ဗန်းမော်မြို့နယ် အတွင်းမှ ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။ကချင်ပြည်နယ် သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းမြင့်က “ဗန်းမော်မြို့နယ်ထဲက နန့်ဖား အဆိုပြု ကြိုးပြင်ကာကွယ်တောနဲ့ မဘိမ်းမြို့နယ်ဘက်က စင်းခန်းကြိုးပြင် ကာကွယ်တော အစပ်မှာ ဖမ်းမိတာပါ။ နေရာက များပါတယ်။ သစ်တော ဒုဝန်ကြီးကလည်း ဒီကိစ္စကို ညွှန်ကြားသွားပါတယ်။ နယ်မြေခံ ပြည်သူလူထုရဲ့ အကူအညီနဲ့ စက်တင်ဘာလ ကတည်းက တဖြည်းဖြည်း ဖမ်းဆီးခဲ့တာပါ။ အားလုံး ပိုင်ရှင်မဲ့တွေချည်းပါပဲ။ ကျွန်း၊ ကညင်၊ စကားဝါသစ်တွေပါ။ သစ်လုံးရေပေါင်း ၂၂၀၆ လုံး၊ တန်ချိန် ၁၀၁၀ ဒသမ ၅၁၅ တန်ရှိပါတယ်။ မဘိမ်းနယ်ကထွက်တဲ့ သစ်လို့ပဲ ယူဆပါတယ်။ စာချုပ်စာတမ်းနဲ့ သယ်ယူမယ့် အဖွဲ့တွေကို ကန်ထရိုက်စာချုပ် ချုပ်ပြီးပါပြီ။ လုံခြုံမှု အရလည်း သူတို့ကိုပဲ စောင့်ခိုင်းထားပါတယ်။ လမ်းလည်း ဖောက်နေပါပြီ သယ်တော့မှာပါ။ ဒီနှစ်မှာ မှောင်ခိုသစ်ခိုး ထုတ်မှုတွေ ဖြစ်၊ မဖြစ်တော့ မခန့်မှန်းနိုင်သေးဘူး။ လမ်းကြောင်းပြောင်းသွားတယ် ဆိုရင်တော့ မသိနိုင်ဘူး။ တောထဲမှာ ဘယ်လောက် ကျန်သေးလဲ ဆိုတာတော့ မသိသေးဘူး။ လွန်ခဲ့တဲ့ နှစ်တွေကလည်း တပ်မတော်ကိုပဲ အကူအညီ တောင်းခံပြီး တားဆီး ခဲ့ရတာပါ။ ပြောရရင် ကချင်သစ်တော တစ်ခုလုံးက သစ်တောတန်ဖိုးတော့ ကျသွားတယ်။ သစ်တောတွေ ပျက်စီးသွားတာ မဟုတ်ဘူး၊ အကောင်းစားသစ်တွေ မကျန်တော့တာပါ။ ပေတိုတွေ ပိုင်းပြီး သယ်ယူမှု လုပ်မှာကို စိုးရိမ်နေတယ်။ အဖိုးလည်း မရဘူး။ သယ်ရလည်း လွယ်နေတယ်” ဟု ပြောကြားသည်။ယခုနှစ် သစ်မှောင်ခို လုပ်ငန်းသည် လမ်းကြောင်း တစ်လျှောက်တွင် တပ်မတော် ကရှိနေခြင်း၊ လမ်းကြောင်းရှည်လျားခြင်းနှင့် သစ်တောများ၌ အဆင့်အတန်းမီ သစ်များ ရှားပါးသွားခြင်းကြောင့် မဘိမ်းဒေသအတွင်း ရွှေလီမြစ်ရိုးရှိ ရေပုံး၊ တုံးကြီး စသည့်ကျေးရွာများ အနီးမှ သစ်တောများကို ထုတ်ယူရန်နှင့် မှန်တုံ၊ မုံးဝီးမှ နန့်ခမ်းမြို့အနီးကိုဖြတ်ကာ တရုတ်နိုင်ငံ နောင်တောင်းလမ်းကြောင်းကို အသုံးပြုလာနိုင်ကြောင်း သစ်မှောင်ခိုလုပ်ငန်း အသိုင်းအဝိုင်းနှင့် နီးစပ်သူများက သုံးသပ် ပြောကြားသည်။ယင်းဒေသမှ ကားဆရာ တစ်ဦးက “အဲဒီ ဘက်လမ်းကြောင်းက တရုတ်နဲ့လည်း နီးတယ်။ ကချင်ဘက်က ထွက်ရင် တပ်ရင်းများတယ်။ ဒီလမ်းကြောင်းသုံးရင် ကသာခရိုင်နဲ့ ထီးချိုင့်ဘက်က တမလန်းတွေ သယ်ဖို့ လမ်းကြောင်းတိုတယ်။ စစ်ကိုင်းတိုင်းက သစ်တွေကတော့ မှာယူမှုတောင် လုပ်နေကြပြီ ကြားတယ်” ဟု ပြောကြားသည်။တရုတ်နိုင်ငံဘက်မှ ဝယ်လက်များ အနေဖြင့် လွန်ခဲ့သော နှစ်များအတွင်း ၎င်းတို့ နိုင်ငံသားများ ဖမ်းဆီးခံရမှုကြောင့် မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခြင်း မပြုဘဲ နယ်စပ်မှ ဝင်လာသည့် သစ်များကိုသာ ဝယ်ယူရန် ရှိနေကြောင်းလည်း နယ်စပ်ကုန်သည် အသိုင်းအဝိုင်းမှ စုံစမ်းသိရသည်။

Most Read

Most Recent