၂၀၁၅ ခုနှစ် နိုဝင်ဘာလအထိ ရန်ကုန်တိုင်း ဒေသကြီး၌ ဖြစ်ပွားခဲ့သည့် လုယက်မှု ဖြစ်စဉ်မှာ ၅၉ မှုအထိ ရှိလာပြီး ဖြစ်စဉ် ငါးနှစ်တာ ကာလအတွင်း အများဆုံး ပမာဏဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ စာရင်းဇယားများအရ သိရသည်။ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဖြစ်ပွားခဲ့သည့် လုယက်မှုဖြစ်စဉ်များမှာ ၂၀၁၁ ခုနှစ်တွင် ၄၇ မှု၊ ၂၀၁၂ ခုနှစ်တွင် ၃၀ မှု၊ ၂၀၁၃ ခုနှစ်တွင် ၃၃ မှု၊ ၂၀၁၄ ခုနှစ်တွင် ၄၅ မှုတို့ ဖြစ်ပွားခဲ့ကြောင်းနှင့် ၂၀၁၅ ခုနှစ်တွင် နိုဝင်ဘာလအထိ ၅၉ မှုအထိ ရှိလာပြီဖြစ်ကာ ဒီဇင်ဘာတစ်လ ကျန်ရှိနေသေးကြောင်းလည်း သိရသည်။၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း ကားကို အုပ်စုဖွဲ့ လုယက်မှု၊ လမ်းလျှောက်လာသူများထံမှ ဖုန်းနှင့်ပိုက်ဆံ စသည်များကို ကားဖြင့် လုယူထွက်ပြေးမှု၊ အိုင်တီပစ္စည်းနှင့် လက်ဝတ်ရတနာ ပစ္စည်းများ လုယက်မှုတို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်အချို့တွင် လုယက်ခံရသူများမှာ သေဆုံးမှု၊ ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။အုပ်စုဖွဲ့၍ ကားလုယက်ခဲ့သည့် ဖြစ်စဉ်တစ်ခုမှာ ၂၀၁၅ ခုနှစ် နိုဝင်ဘာ၂၁ ရက် နံနက် ၂ နာရီ ၄၅ မိနစ်ခန့်တွင် ဒဂုံမြောက်မြို့နယ်၊ ၂၉ ရပ်ကွက် မောင်းမကန်လမ်း၊ သိုင်းသင်တန်းကျောင်းရှေ့ အနီးတွင် တိုယိုတာ ကိုရိုလာဗင် အမျိုးအစား အငှားယာဉ်မှာ လမ်းဘေးတွင် ထိုးကျလျက် ယာဉ်မောင်းဖြစ်သည့် တာမွေမြို့နယ်နေ အမျိုးသားမှာ ဓားထိုးခံရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။အလားတူ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် လုယက်မှု ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၅ ရက် ည ၁၁ နာရီခန့်တွင် မြောက်ဒဂုံမြို့နယ်၊ ကုန်ပဒေသာ မှတ်တိုင်အနီးတွင် အသက် ၂၀ အရွယ် လူငယ်သုံးဦးသည်ကယ်ဒီနား အငှားယာဉ်အား တောင်ဒဂုံမြို့နယ် ကျန်စစ်သား အိမ်ရာသို့ စတင်ငှားခဲ့ပြီး ကျန်စစ်သားအိမ်ရာ လမ်းပေါ်အရောက်တွင် ယာဉ်နောက်ခုံတွင်ထိုင်သည့် လူငယ်တစ်ဦးက အငှားယာဉ်မောင်းအား ဓားဖြင့်ထောက်ပြီး ယာဉ်မောင်း နေရာမှ ဖယ်ခိုင်းကြောင်း ရဲမှတ်တမ်းများအရ သိရသည်။ထို့နောက် ယာဉ်မောင်းအား ယာဉ်နောက်ခုံတွင် ထိုင်ခိုင်းပြီး ၎င်းတို့သုံးဦးထဲမှ တစ်ဦးက ယာဉ်အား မောင်းနှင်ခဲ့ကြပြီး ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၈) ရပ်ကွက်၊ ကျန်စစ်သားလမ်းနှင့် ရိုးမရိပ်သာ လမ်းဆုံအရောက်တွင် ယာဉ်မောင်းအား ယာဉ်ပေါ်မှ ဆွဲချကာ ထိုးကြိတ်ပြီး ဓားဖြင့်ထိုးခဲ့ကြောင်း၊ ယင်းနောက် ယာဉ်အား ၎င်းတို့မှ ယူဆောင် မောင်းနှင်သွားခဲ့ကြောင်း သိရသည်။ယင်းသို့ ထိုးကြိတ် ဓားထိုးခံရမှုကြောင့် ယာဉ်မောင်းမှာ ယာမျက်လုံးထက် ပေါက်ပြဲ၊ ယာမျက်ခုံးအောက် ပွန်းပဲ့ဒဏ်ရာနှင့် ယာနံဘေး ထိုးသွင်းဒဏ်ရာများ ရရှိကာ သင်္ဃန်းကျွန်း စံပြဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။အထက်ပါ ဖြစ်စဉ်နှစ်ခုအား ကျူးလွန်ခဲ့ကြသည့် လူငယ်များဖြစ်သော ဖိုးခွား၊ နိုင်လင်းထွန်း၊ ကျော်ကြီး၊ ကိုထက်ဆိုသူတို့အား တောင်ဒဂုံမြို့နယ်တွင် လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီး ရေကြည်မြို့နယ်တွင် လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သည်ဟု ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်း ထုတ်ပြန်ခဲ့သည်။ထို့အပြင် ယခုနှစ်အတွင်း ရန်ကုန်တိုင်း ဒေသကြီး၌ မြို့နယ် အချို့တွင် လမ်းလျှောက်နေသူများထံမှ လက်ဝတ်ရတနာ၊ ပိုက်ဆံနှင့် ဖုန်း စသည့် အိုင်တီ ပစ္စည်းများကို အုပ်စုဖွဲ့ လုယက်များမှု၊ ဆိုင်ကယ်ဖြင့် လုယူထွက်ပြေးမှုများလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။၂၀၁၅ ခုနှစ် မေလအတွင်းက အလုံမြို့ နယ်တွင် လမ်းလျှောက်နေသူ နှစ်ဦးအား ထိုးကြိတ်ကာငွေ ကျပ် ၄၀၀၀၀ နှင့် ငွေကျပ် ၅၀၀၀၀၀ တန်ဖိုးရှိ Apple IPAD-2 တစ်လုံးပါ ကျောပိုးအိတ်အား လုယူ၍ ယာဉ်ဖြင့် ထွက်ပြေးမောင်းနှင် ထွက်ပြေးမှု ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်မှ ကျူးလွန်သူများအား ဖြစ်စဉ်ဖြစ်ပွားပြီး မကြာမီ ရဲတပ်ဖွဲ့မှ ဖမ်းဆီးနိုင်ခဲ့ကာ ၎င်းတို့ကို အနောက်ပိုင်းခရိုင် တရားရုံးမှ ဒီဇင်ဘာလတွင် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့သည်။ဆိုင်ကယ်ဖြင့် လုယက်မှု ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တစ်ခုမှာ နိုဝင်ဘာ ၂၇ ရက်က မရမ်းကုန်းမြို့နယ်တွင် နေထိုင်သည့် လင်မယားနှစ်ဦးသည် သမိုင်းလမ်းဆုံ၊ အောင်ဓမ္မရိပ်သာ နိဗ္ဗာန်ဈေးပွဲတော်သို့ သွားရောက်ပြီး ည ၇ နာရီခွဲတွင် နေအိမ်သို့ ပြန်လာရာ မရမ်းကုန်းမြို့နယ်၊ (၃) ရပ်ကွက်၊ မင်းဓမ္မလမ်း၊ ရွှေကမ္ဘာ အိမ်ရာရှေ့၊ ပလက်ဖောင်းပေါ်၌ စကားပြောနေစဉ် ဆိုင်ကယ်နှစ်စီးဖြင့် လူလေးဦး ရောက်ရှိလာခဲ့ကြောင်း သိရသည်။ထို့နောက်တွင် လူလေးဦးမှ ခင်ပွန်းဖြစ်သူ၏ ဇက်ပိုးအား ရိုက်နှက်ပြီး ဇနီးဖြစ်သူ၏ ပါးစပ်အား လက်ဖြင့်ပိတ်၊ သံချွန်ဟု ထင်ရသည့် အရာဖြင့် ဗိုက်ကိုထောက်ကာ ဝတ်ဆင်ထားသည့် ရွှေဆွဲကြိုး တစ်ကုံး၊ ရွှေလက်စွပ် နှစ်ကွင်း၊ ရွှေလက်ကောက် လေးကွင်းနှင့် ယာဘက်နားမှ ပြုတ်ကျသွားသည့် ရွှေနားကပ်များအပြင် ခင်ပွန်းဖြစ်သူ ဝတ်ဆင်ထားသည့် ရွှေလက်စွပ်နှင့် လက်ကိုင်ဖုန်းတို့အား လုယူထွက်ပြေးမှု ဖြစ်ပွားခဲ့သည်။ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ အမည် မဖော်လိုသည့် ရဲမှူးတစ်ဦးက “လုယက်မှုတွေ အများဆုံး ဖြစ်တတ်တာက ရွှေ့ပြောင်း အခြေချတဲ့သူတွေများတဲ့ နေရာတွေ ဖြစ်တတ်ပါတယ်။ နောက်တစ်ခုက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတဲ့သူတွေဆိုလည်း အသိတရား ရတဲ့သူက ရှားပါတယ်။ အယောက် ၁၀၀ မှာ ၈၀ လောက်က သူတို့ကျွမ်းကျင်ပြီးသား၊ လက်ယဉ်ပြီးသားဖြစ်တဲ့ ဒုစရိုက်တွေကိုပဲ ပြန်လုပ်ကြတာ များတယ်။ ဒါကြောင့် တို့တွေကတော့ လွတ်ငြိမ်းတွေနဲ့ ပြန်လွတ်လာတဲ့ သူတွေကို ထက်ကြပ်မကွာ စောင့်ကြည့်တာမျိုးတွေ လုပ်နေတယ်” ဟု ပြောကြားသည်။သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်အတွင်း အကျဉ်းသား ထောင်နှင့်ချီကာ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့ပြီး ယင်းတို့အနက် နိုင်ငံရေး အကျဉ်းသား အနည်းစုသာ ပါဝင်ပြီး အများစုမှာ ရာဇဝတ် အကျဉ်းသားများ ဖြစ်ကြောင်း သိရသည်။၂၀၁၅ ခုနှစ် ဇူလိုင် ၇ ရက်က ရန်ကုန်တိုင်း ဒေသကြီး အင်းစိန် အကျဉ်းထောင်မှ ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသည့် အကျဉ်းသား၊ အကျဉ်းသူ ၅၀၀ ကျော်အနက် နိုင်ငံရေး အကျဉ်းသား နှစ်ဦးနှင့် Bi မွန်းတည့်နေ ဂျာနယ်မှ မီဒီယာသမား ငါးဦးသာ ပါဝင်ပြီး အခြား ရာဇဝတ် ပုဒ်မများဖြင့် အကျဉ်းကျနေသူ အများစု ပါဝင်ခဲ့သည်။၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာ လကုန်အထိ လူသတ်မှုပေါင်း ၁၆၈ မှု၊ ဓားပြမှု ၃ မှု၊ မုဒိမ်းမှု ၁၀၂ မှု၊ ဖောက်ထွင်းမှု ၁၈ မှု၊ ခိုးမှု ၉၇၃ မှုတို့ ဖြစ်ပွားခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။
ယခုနှစ် ဇန်နဝါရီမှ နိုဝင်ဘာလအထိ ရန်ကုန်တိုင်း ဒေသကြီး၌ ဖြစ်ပွားခဲ့သော လုယက်မှုဖြစ်စဉ် ၅၉ မှု ရှိလာပြီး ငါးနှစ်တာ ကာလအတွင်း အများဆုံး ဖြစ်ပွားခြင်းဖြစ်