ဆိုင်ကယ်လာပြင်သည့် အမျိုးသားတစ်ဦးအား လူတစ်စုက လုံးထွေး ထိုးကြိတ်ကာ ဓားဖြင့်ထိုးသတ်မှု ဒဂုံတောင်မြို့နယ်တွင် ဖြစ်ပွား

ဆိုင်ကယ်လာပြင်သည့် အမျိုးသားတစ်ဦးအား လူတစ်စုက လုံးထွေး ထိုးကြိတ်ကာ ဓားဖြင့်ထိုးသတ်မှု ဒဂုံတောင်မြို့နယ်တွင် ဖြစ်ပွား
Published 4 December 2015
မင်းသိန်းနိုင်၊ သီဟအောင်

ဒဂုံတောင်မြို့နယ်တွင် ဆိုင်ကယ်လာ ပြုပြင်သည့် အမျိုးသား တစ်ဦးကို လူတစ်စုက လုံးထွေး ထိုးကြိတ်ကာ ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွားခဲ့ကြောင်း အခင်းဖြစ်ပွားရာ ပတ်ဝန်းကျင် နေသူများထံမှ စုံစမ်းသိရသည်။ဖြစ်စဉ်မှာ ဒီဇင်ဘာ ၄ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ဒဂုံတောင်မြို့နယ်၊ ၂၄ ရပ်ကွက်နေ ကိုလင်းလင်းထိုက် ၃၈ နှစ်သည် ဒဂုံတောင်မြို့နယ်၊ ၆၄ရပ်ကွက်၊ စက်မှုဇုန် ကုန်းလမ်း ပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာန(ကညန) တွင် လူတစ်စုနှင့် စကားများ၍ နေအိမ်သို့ ပြန်လာကာ အပြင်သို့ ဆိုင်ကယ်ဖြင့် ထွက်သွားခဲ့ကြောင်း သိရသည်။“သေဆုံးတဲ့ သူကော ကျူးလွန်သူတွေပါ တောင်ဒဂုံ စက်မှုဇုန် ကညနမှာ လိုင်စင်လုပ်ပေးတဲ့ ပွဲစားတွေ ဖြစ်ပါတယ်။ ဖြစ်စဉ်မှာ ပါဝင်တဲ့သူ အများစုက ကျွန်တော်တို့ ရပ်ကွက်မှာ နေကြတဲ့ သူတွေပါ။ သူတို့ကလည်း တစ်ယောက်ကို တစ်ယောက် သိကြတယ်။ ကားလိုင်စင်လုပ်တဲ့ ကိစ္စနဲ့ပဲ စကားများ ရန်ဖြစ်ပြီး အခုလို ဖြစ်သွားတာလို့ သိရတယ်” ဟု ဒဂုံတောင်မြို့နယ် ၅၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။ယင်းသို့ အပြင်သို့ ထွက်သွားပြီးနောက် ၎င်း၏ဇနီးဖြစ်သူသည် ယင်းမြို့နယ် ၅၄ ရပ်ကွက်နေ ကိုလင်းလင်းထိုက်၏ မိခင်ထံသို့ ဖုန်းဆက်၍ ခင်ပွန်းဖြစ်သူမှာ “အမေ့ဆီ ရောက်နေလား” ဟု ဖုန်းဖြင့် လှမ်းမေးသဖြင့် မိခင်ဖြစ်သူမှာ စိတ်ပူပြီး သားဖြစ်သူကိုလိုက်လံ ရှာဖွေခဲ့ကြောင်း သိရသည်။ယင်းသို့ လိုက်လံ စုံစမ်းရှာဖွေရာ သားဖြစ်သူ လင်းလင်းထိုက်မှာ ဒဂုံတောင်မြို့နယ်၊ ၂၄ ရပ်ကွက်၊ နံ့သာမြိုင်လမ်းရှိ ဆိုင်ကယ်ပြင်ဆိုင် တစ်ဆိုင်အနီးတွင် ဓားဖြင့် ထိုးသတ်ခံရကြောင်း၊ သားဖြစ်သူ အလောင်းအား စံပြဆေးရုံသို့ ပို့အပ်ထားကြောင်း သိရသဖြင့် သွားရောက် ကြည့်ရှုခဲ့ရာ သားဖြစ်သူတွင် ဝဲဘက်နို့အုံထိပ် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ဝဲဘက်နံဘေး ထိုးသွင်းဒဏ်ရာ တစ်ချက် ရရှိ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း ရဲမှုခင်း မှတ်တမ်းအရ သိရသည်။“သေဆုံးသွားတဲ့သူက ကျွန်တော်တို့ဆိုင်မှာ ဆိုင်ကယ် လာပြင်တာပါ။ လာပြင်တဲ့ ဆိုင်ကယ်ကို ကျွန်တော်တို့က ပြင်ဖို့လုပ်တုန်းပဲ ရှိသေးတယ်။ လူခုနစ်ယောက်လောက်က ဆိုင်ထဲကို ဝင်ပြီးတော့ သေဆုံးသွားတဲ့သူကို လေးခွနဲ့ ပစ်တဲ့သူကပစ်။ လုံးထွေးတဲ့သူက လုံးထွေး။ ထိုးတဲ့လူက ထိုးကြတယ်၊ အဲဒီလို လုံးထွေး သတ်ပုတ်ကြသူတဲ့ လူတွေက အငှားကား တစ်စီးနဲ့ လာကြတာလို့ ပတ်ဝန်းကျင်က လူတွေ ပြောပြချက်အရ သိရပါတယ်။ အဲဒီ ကားကိုတော့ ကျွန်တော့် ဆိုင်ကယ်ပြင်ဆိုင်နဲ့ မနီးမဝေးမှာ ရပ်ခဲ့တယ်လို့ သိရပါတယ်” ဟု  ဆိုင်ကယ် ပြုပြင်ဆိုင်မှ ဆိုင်ရှင်ဖြစ်သူက ပြောကြားသည်။ဆက်လက်၍ ၎င်းက “အဲဒီလို လုံးထွေးနေကြတုန်း အထိုးခံရတဲ့သူက ထွက်ပြေးတယ်။ ပြေးနေတုန်းမှာပဲ ဓားနဲ့ ဘယ်လို ထိုးလိုက်မှန်း မသိလိုက်ဘူး။ ကျွန်တော်တို့လည်း ထိမှာကြောက်တော့ အသည်းအသန် ထွက်ပြေး တိမ်းရှောင်ရတယ်။ ဓားထိုး ခံရတဲ့သူကတော့ ကျွန်တော့် ဆိုင်ကယ်ပြင်ဆိုင်နဲ့ မနီးမဝေးမှာဘဲ လဲကျသွားတယ်” ဟု ဆိုင်ကယ် ပြုပြင်ဆိုင်မှ ဆိုင်ရှင်ဖြစ်သူက ပြောကြားသည်။တာမွေမြို့နယ်၊ ၁၄၇ လမ်းနေ နေမင်းနောင် (ခ) နေယု (၃၁) နှစ်နှင့် အပေါင်းအပါ ခုနစ်ဦးက ရန်ဖြစ် စကားများစဉ် ဓားဖြင့် ထိုးသတ်ခဲ့ကြောင်း သိရသဖြင့် ရဲစခန်းသို့ အရေးယူပေးရန် တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။“ကျွန်တော်တို့ စခန်းမှာ တရားလိုက လာရောက် တိုင်တန်းတဲ့ ကျူးလွန်သူ ခုနစ်ဦး ရှိပါတယ်။ အဲဒီထဲက ဓားနဲ့ထိုးသတ်ခဲ့တဲ့ နေမင်းနောင် ဆိုတဲ့သူကို ဖမ်းဆီး စစ်ဆေးနေပါတယ်။ ကျန်တဲ့ ကျူးလွန်သူတွေကိုလည်း ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပါတယ်။ ဖမ်းဆီးမိလို့ စစ်ဆေးပြီးတဲ့အခါ လွတ်နေတဲ့သူတွေ ဖြစ်စဉ်မှာ ဘယ်ကဏ္ဍ၊ ဘယ်လို နေရာကနေ ပါဝင်တာလဲ ဆိုတာကို သိရမှာ ဖြစ်ပါတယ်” ဟု ဒဂုံတောင် မြို့မရဲစခန်းက တာဝန်ကျ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။ဓားဖြင့် ထိုးခဲ့သည့် ကျူးလွန်သူ နေမင်းနောင်နှင့်အတူ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အရိုး အသွား ၁၀ လက်မရှိ သတ္တုလက်ကိုင်ရိုးတပ် ဓားဦးချွန် တစ်ချောင်းကို သိမ်းဆည်း ရမိထားကြောင်း ဒဂုံတောင် ရဲစခန်းက စုံစမ်းသိရသည်။အဆိုပါ ဖြစ်စဉ်မှ ကျူးလွန်သူများဖြစ်သည့် နေမင်းနောင် (ခ) နေယု၊ ကျော်စွာ၊ ပြောင်ကြီး၊ ဇော်ဝင်း၊ ချက်ဖောင်းနှင့် အမည်မသိ နှစ်ဦးတို့အား ဒဂုံတောင် မြို့မရဲစခန်းက (ပ)၁၃၀၀/၁၅ ပြစ်မှုပုဒ်မ ၃၀၂/၁၁၄ဖြင့် အမှုဖွင့်ကာ ကျန်ကျူးလွန်သူများအားဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent