ကလေးငယ်များအား မလေးရှားနိုင်ငံသို့ တရားမဝင် ပို့ဆောင်ကာ တောင်းရမ်း စေခိုင်းသည့် အဖွဲ့မှ လွတ်မြောက်နေသူ နှစ်ဦးကို တောင်ပိုင်းခရိုင် တရားရုံး၌ ဝရမ်း တင်သွင်းမည်

ကလေးငယ်များအား မလေးရှားနိုင်ငံသို့ တရားမဝင် ပို့ဆောင်ကာ တောင်းရမ်း စေခိုင်းသည့် အဖွဲ့မှ လွတ်မြောက်နေသူ နှစ်ဦးကို တောင်ပိုင်းခရိုင် တရားရုံး၌ ဝရမ်း တင်သွင်းမည်
Published 3 December 2015
ရှိုင်းလင်းအောင်

ရန်ကုန်တိုင်း ဒေသကြီး၊ တောင်ပိုင်း ခရိုင်ရှိ ကလေးသူငယ်များအား မလေးရှား နိုင်ငံသို့ ပို့ဆောင်ကာ အဓမ္မ တောင်းရမ်း စေခိုင်းသည့် အဖွဲ့မှ လွတ်မြောက်နေသူ နှစ်ဦးကို တောင်ပိုင်းခရိုင် တရားရုံး၌ လာမည့် ရုံးချိန်းတွင် ဝရမ်း တင်သွင်းမည် ဖြစ်ကြောင်း ဒီဇင်ဘာ ၃ ရက်က သိရသည်။ထိုသို့ လွတ်မြောက်နေသူ နှစ်ဦးအား ဝရမ်း တင်သွင်းရန်အတွက် ဒီဇင်ဘာ ၁၇ ရက်သို့ ရုံးပြန်ချိန်းခဲ့ပြီး ၎င်းတို့နှစ်ဦးအား တောင်ပိုင်းခရိုင် တရားရုံးတွင် ဝရမ်း တင်သွင်းပြီးပါက ဖမ်းမိထားသည့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး နှစ်ဦးအား ဆက်လက် စစ်ဆေးမည်ဟု သိရသည်။“ပြီးခဲ့တဲ့ ရုံးချိန်းက ဒီနေ့မှာ ဖမ်းမမိသေးတဲ့ နှစ်ယောက်ကို ဝရမ်း လာသွင်းမယ်ဆိုပြီး မသွင်းခဲ့တဲ့အတွက် တရားသူကြီးက ၁၇ ရက်ကို ရုံးချိန်းလိုက်တယ်။ အဲဒီနေ့မှာ ဝရမ်း သွင်းခဲ့မယ်ဆိုရင် ဖမ်းမိထားတဲ့ သုံးဦးက စစ်လို့ရပြီ။ အခုဟာက ဖမ်းမမိတဲ့ သူတွေကို ဝရမ်း မသွင်းရသေးတဲ့အတွက် အမှုက စစ်လို့ မရသေးတာ” ဟု တောင်ပိုင်းခရိုင် တရားရုံးမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။လက်ရှိတွင် ကလေးသူငယ်များကို လူကုန်ကူးသည့် အဖွဲ့မှ အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတို့ လွတ်မြောက်နေပြီး ၎င်းတို့အား မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲဝန်ထမ်းများက လိုက်လံ ဖမ်းဆီးနေကြောင်း သိရသည်။အဆိုပါ လွတ်မြောက်နေသူ နှစ်ဦးသည် မူလက ၎င်းတို့၏ နေရပ်ဖြစ်သည့် ဒလမြို့နယ်၊ ကမာကဆစ် ရပ်ကွက်တွင် နေထိုင်ခြင်း မရှိတော့ကြောင်း ကမာကဆစ် ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် နယ်ထိန်း ရဲဝန်ထမ်းတို့ကတောင်ပိုင်းခရိုင် တရားရုံးသို့  လာရောက် ထွက်ဆိုခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ယင်းသို့ ထွက်ပြေး လွတ်မြောက်နေသူ နှစ်ဦးကို တောင်ပိုင်းခရိုင် တရားရုံးက တရားခံပြေးအဖြစ် ကြေညာထားကြောင်း သိရသည်။လက်ရှိတွင် အဓမ္မ တောင်းရမ်းရန် စေခိုင်းခံရသည့် ကလေးသူငယ် ကိုးဦးအနက် နှစ်ဦးကိုသာ ပြန်လည် ကယ်တင်နိုင်ခဲ့ပြီး ကျန်ခုနစ်ဦးမှာမူ လူကုန်ကူးခဲ့သူများ၏ လက်ထဲမှ ကယ်ဆယ်နိုင်ခြင်း မရှိသေးကြောင်း စုံစမ်းသိရှိရသည်။ထိုသို့ ကလေးသူငယ်များအား မလေးရှားနိုင်ငံသို့ တရားမဝင် လူကုန်ကူးကာ အဓမ္မ တောင်းရမ်းခိုင်းသည့် အဖွဲ့ကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုရဲမှူးမျိုးသိန်းက တရားလိုပြုလုပ် တိုင်တန်းထားသဖြင့် ဒလမြို့မရဲစခန်းက လူကုန်ကူး ဥပဒေ ပုဒ်မ ၂၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရပြီး လူကုန်ကူး အဖွဲ့မှ လွတ်မြောက်နေသူ နှစ်ဦးဖြစ်သည့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးအား ဒလမြို့မရဲစခန်းက လူကုန်ကူး ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Most Read

Most Recent