ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်းအား ဓားဖြင့် တိုက်ခိုက်သည့် အမှု ဒီဇင်ဘာ ၁၀ ရက်တွင် တရားလိုကို စတင်စစ်ဆေးမည်

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်းအား ဓားဖြင့် တိုက်ခိုက်သည့် အမှု ဒီဇင်ဘာ ၁၀ ရက်တွင် တရားလိုကို စတင်စစ်ဆေးမည်
Published 27 November 2015
ကြည်နိုင်

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်းအား ဓားဖြင့် တိုက်ခိုက်ခဲ့သူများ အား သာကေတမြို့နယ် တရားရုံး၌ နိုဝင်ဘာ ၂၇  ရက်တွင် တတိယအကြိမ် ရုံးထုတ်ခဲ့ပြီး ဒီဇင်ဘာ ၁၀ ရက်တွင် တရားလိုအား စတင် စစ်ဆေးမည် ဖြစ်ကြောင်း အမှုစစ်မြို့နယ် တရားသူကြီးက ပြောကြားသည်။
ထို့ပြင် ဦးနိုင်ငံလင်းအား တိုက်ခိုက်သူများအနက် ဇော်လတ် (ခ) အောင်ဇော်လတ်အား  လက်နက်ဥပဒေ ပုဒ်မ ၁၉ (င) ထပ်တိုး တရားစွဲထားကြောင်း သိရသည်။
“လာမယ့် ဒီဇင်ဘာ ၁၀ ရက်မှာ တရားလို ဒေါ်ချိုချိုကို စစစ်မယ်။ ဇော်လတ် (ခ) အောင်ဇော်လတ် ကတော့ ၁၉ (င)ပါ ထပ်စွဲထားတယ်”ဟု အမှုစစ် မြို့နယ်တရားသူကြီးက ပြောကြားသည်။
ဦးနိုင်ငံလင်း အပါအဝင် သာကေတမြို့နယ် NLD ပါတီမှ ဦးကျော်သူတွင် ဓားခုတ်ဒဏ်ရာများ ရရှိခဲ့ပြီး ကျူးလွန်သူ ဇော်လတ် (ခ) အောင်ဇော်လတ်၊ ထက်ကို (ခ) ထက်အောင်လှိုင်နှင့် မျိုးမင်းခိုင်တို့ သုံးဦးအား သာကေတမြို့နယ် တရားရုံး၌ ပုဒ်မ ၃၂၆/ ၃၂၃/၂၉၄ တို့ဖြင့် တရားစွဲဆိုထားသည်။
၎င်းတို့ သုံးဦးအား ယင်းနေ့ ၃ နာရီခန့်တွင် ရုံးထုတ်ခဲ့ပြီး တရားရုံးအချုပ်မှ တရားသူကြီးထံသို့ ခေါ်ဆောင်လာစဉ် လမ်းတွင် လုံခြုံရေး ယူနေသော ရဲတပ်ဖွဲ့ဝင်များက ကျူးလွန်သူများရှေ့မှ အနီးကပ် နေရာယူထားသောကြောင့် မီဒီယာများ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးရာ၌ အခက်အခဲများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါအမှုကို သာကေတမြို့နယ် NLD ပါတီအတွင်းရေးမှူး ဒေါ်ချိုချိုက တရားလိုအဖြစ် အမှုဖွင့် တရားစွဲဆိုထားကြောင်း သိရသည်။
အောက်တိုဘာ  ၂၉ ရက် ညပိုင်းတွင် သာကေတမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ ဖျော်ဖြေရေး အလှပြယာဉ်ဖြင့် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် သာကေတမြို့နယ် အတွင်း လှည့်လည်ဖျော်ဖြေနေစဉ် မာန်ပြေရပ်ကွက် (၉) လမ်းထိပ် အရောက်တွင်  ဇော်လတ်က ငှက်ကြီးတောင် ဓားဖြင့် လည်းကောင်း၊ ထက်ကို (ခ) ထက်အောင်လှိုင်နှင့် မျိုးမင်းခိုင်တို့က တုတ်ကိုင် ဆောင်၍လည်းကောင်း ဝင်ရောက်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ သတင်း ထုတ်ပြန်ထားသည်။
နေပြည်တော် ဒက္ခိဏသိရီမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်  ဦးနိုင်ငံလင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြု၍ ၂၀၁၅ ရွေးကောက်ပွဲတွင်  ရန်ကုန်တိုင်း ဒေသကြီး သာကေတမဲဆန္ဒနယ်၊  တိုင်းဒေသကြီး လွှတ်တော်အမှတ် (၁) တွင် အနိုင်ရရှိထားသူလည်း ဖြစ်သည်။

Most Read

Most Recent