ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၁၁ ခုနှစ်မှ ယခု ၂၀၁၅ ခုနှစ် လက်ရှိအချိန်ထိ ငါးနှစ်အတွင်း တရားခံ ဖမ်းဆီးရမိခြင်း မရှိဘဲ စုံစမ်းမှုအား ဆိုင်းငံ့ပိတ်သိမ်းထားသော အမှု ၆၉ မှုထိရှိပြီး လုယက်မှု ဖြစ်စဉ်မှာ အများဆုံး ဖြစ်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ငါးနှစ်အတွင်း စုံစမ်းမှုအား ဆိုင်းငံ့ ပိတ်သိမ်းထားသော အမှုများမှာ လုယက်မှု ၂၅ မှုနှင့် ဖောက်ထွင်းမှု ၂၅ မှုတို့ အများဆုံးဖြစ်ကာ လူသတ်မှု ၁၅ မှုဖြင့် ဒုတိယ အများဆုံးဖြစ်ပြီး၊ မုဒိမ်းမှု နှစ်မှု၊ စက်ဘီးခိုးမှု နှစ်မှုတို့ဖြစ်ကြောင်း သိရသည်။“ကျွန်တော်တို့က တစ်ခါတစ်ရံကျတော့ အမှုတွေက ကြာလာတဲ့ အခါကျတော့ ဆက်လက် စုံစမ်းတဲ့အခါ ထူးခြားမှု အခြေအနေ မရှိတဲ့ အခါမျိုး၊ လတ်တလောမှာ စုံစမ်းမှုတွေ မပေါ်ပေါက်သေးတဲ့ အခါမျိုးမှာအမှုလက်ကျန်တွေကို ခေတ္တ ဆိုင်းငံ့ထားတာပါ၊ ဒါပေမဲ့ ဒီအမှု ပိတ်သိမ်းထားပေမယ့် နောက်ထပ် စုံစမ်းလို့ ပေါ်ပေါက်လာတဲ့အခါ အမှုကို ပြန်ပြီး အရေးယူပြီး တရားစွဲဆိုလို့ ရပါတယ်၊ အမှုတွေက ခေတ္တ ဆိုင်းငံ့ထားတာပါလုံး၀ ပိတ်သိမ်းထားတာ မဟုတ်ပါဘူး၊” ဟု ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။ငါးနှစ်အတွင်း နှစ်အလိုက် စုံစမ်းမှုအား ဆိုင်းငံ့ ပိတ်သိမ်းထားသော အမှုများမှာ ၂၀၁၁ တွင် ၃၆ မှု၊ ၂၀၁၂ တွင် ရှစ်မှု၊ ၂၀၁၃ တွင် ၁၂ မှု၊ ၂၀၁၄ တွင် ၁၂ မှု၊ ၂၀၁၅ (လက်ရှိအချိန်) ထိ တစ်မှု ရှိခဲ့ကြောင်း သိရသည်။ငါးနှစ်အတွင်း တရားခံ ဖမ်းဆီးရမိခြင်း မရှိဘဲ စုံစမ်းမှုအား ဆိုင်းငံ့ ပိတ်သိမ်းထား အမှုဖြစ်စဉ်များတွင်၂၀၁၄ ခုနှစ် ဧပြီ ၂၄ရက် နံနက် ၄ နာရီခွဲခန့်တွင် လှိုင်မြို့နယ် အင်လျားကန်ပေါင် အနီးတွင် ရပ်ထားသည့် လင်ခရူဆာ ယာဉ်ပေါ်ရှိ လူငယ်နှစ်ဦးအား အမျိုးသား ငါးဦးက ခြိမ်းခြောက်ကာ လက်ဝတ် ရတနာများနှင့် ယာဉ်အား လုယူမောင်းနှင်သည့် ဖြစ်စဉ်၊ ၂၀၁၄ ခုနှစ် အောက်တိုဘာ လေးရက် နံနက် ၇ နာရီခွဲခန့်တွင် တာမွေမြို့နယ်၊ ဗျိုင်းရေအိုးစင်လမ်းနေ မ.....(၁၈) နှစ်သည် မိသားစုများနှင့်အတူ ပန်းဘဲတန်းမြို့နယ်ရှိ “တိတ်ချိန်” ရွှေဆိုင်သို့ သွားရောက်ခဲ့ပြီး နေအိမ်တွင် အိမ်အကူဖြစ်သော မနော်သမိန်ထူး (၂၇) နှစ်နှင့် မဟဲဆလူဖော (၁၉) နှစ်တို့ နှစ်ဦးသာကျန်ရှိ နေအိမ်ထဲသို့ မျက်နှာအား ပဝါအနက်ဖြင့် စည်းထားသည့် လူငယ်သုံးဦးသည် အိမ်ထဲသို့ နောက်ဖေးဘက်မှ ဝင်လာပြီး ၎င်းတို့နှစ်ဦးအား ကြိုးဖြင့် တုပ်နှောင်ကာ အိမ်ထဲရှိ မီးခံသေတ္တာသော့နှင့် ငွေ ၁၅ သိန်းအား တောင်းခဲ့သည့် ဖြစ်စဉ်မှ တရားခံများအား ယခုအချိန်ထိ ဖမ်းဆီးရမိခဲ့ခြင်း မရှိသေးကြောင်း သိရသည်။အလားတူ သြဂုတ် ၃ရက် ည ၈ နာရီခန့်တွင် လမ်းမတော်မြို့နယ်၊ (၉) ရပ်ကွက်၊ ပြည်လမ်းပေါ်ရှိ Farmer Money Changer ဆိုင်အတွင်း အမည်မသိ လူလေးဦး ဝင်ရောက်လာခဲ့ပြီး ဆိုင်မှငွေသိမ်း တာဝန်ခံဖြစ်သူ ကို .....(၂၆) နှစ်အား ဝိုင်းဝန်းရိုက်နှက်၍ ငွေကျပ်သိန်း ၃၅၀ ခန့်ပါ အထုပ်အား လုယူကာ ယာဉ်အမှတ် 3H/ နံပါတ်မသိ Alphard အမျိုးအစား အဖြူရောင်ယာဉ်ဖြင့် မောင်းနှင် ထွက်ပြေးသွားသည့် ဖြစ်စဉ်တို့ ပါဝင်ကြောင်း သိရသည်။“ယခုနှစ်တွေမှာ ကျောင်းသားတွေ၊ လယ်သမားတွေကျရင် ချက်ချင်းဖမ်းဆီး ထောင်ချတာတွေ၊ တပ်မတော်နဲ့ ပတ်သက်တာကို အင်တာနက်မှာ တင်မိတာကျတော့ ချက်ချင်း ဖမ်းဆီးနိုင်ပြီး အရေးယူနိုင် ကြပါတယ်၊ နှစ်တွေ အတော်ကြာနေတဲ့ လူသတ်မှုတွေ၊ လုယက်မှုတွေ၊ ဖောက်ထွင်းမှုတွေမှာ တရားခံများကို ဖမ်းဆီးရမိခြင်း မရှိသေးဘဲ ဘယ်လိုပဲဖြစ်ဖြစ် အခုလို စုံစမ်းမှုတွေ ရပ်လိုက်တယ်ဆိုတာ မဖြစ်သင့်ပါဘူး” ဟု တာမွေမြို့နယ်တွင် နေထိုင်သော ကိုဇော်က ပြောကြားသည်။ကျောင်းသား၊ ကျောင်းသူများနှင့် လယ်သမားများအား ဖမ်းဆီး ထောင်ချခြင်း၊ တပ်မတော် အစိုးရနှင့် ဆိုင်သည်များကို အင်တာနက်ပေါ် တင်ခဲ့သည့် သူများအား ချက်ချင်း ဖမ်းဆီး အရေးယူခဲ့ပြီး နှစ်ကာလကြာရှည်သည့် လူသတ်မှု၊ ဖောက်ထွင်းမှု၊ လုယက်မှု၊ ခိုးမှုများအား တရားခံ ဖမ်းဆီးရမိခြင်း မရှိဘဲ စုံစမ်းမှုအား ဆိုင်းငံ့ ပိတ်သိမ်းထားခဲ့သည့်အပေါ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အား ဝေဖန်မှုများ ရှိခဲ့ကြောင်း သိရသည်။ငါးနှစ်အတွင်း တရားခံများအား ဖမ်းဆီးရမိခြင်း မရှိသော လူသတ်မှု ဖြစ်စဉ်များမှာ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၉ ရက် ညဉ့်နက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ်၊ ဘောဂရပ်ကွက်၊ ဘောဂ (၂) လမ်း၌ မ.......(၃၆)နှစ်နှင့် ၎င်း၏ သမီးဖြစ်သူ မ...... (၉) နှစ်တို့သည် လည်ပင်း၌ ဓားဖြင့် အလှီးခံရသည့် ဒဏ်ရာဖြင့် အသတ်ခံရမှု ဖြစ်စဉ်၊၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၉ ရက် နံနက် ၁၀ နာရီခန့်တွင် သာကေတမြို့နယ် ၂/မြောက်ရပ်ကွက်၊ ဇင်္ဂမလမ်းရှိ နေအိမ်၌ ဆေးခန်းဖွင့်ထားသည့် ဒေါက်တာ......(၅၇) နှစ်အရွယ် ဆရာဝန် အသတ်ခံရသည့် ဖြစ်စဉ်၊ ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၃ ရက် ညနေပိုင်းတွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်း ရပ်ကွက်၊ (၁၂၃) လမ်းရှိ တိုက်ခန်းတစ်ခန်းတွင် တစ်ဦးတည်း နေထိုင်သည့် ဒေါ်...... (၇၀) နှစ်သည် တိုက်ခန်းအတွင်း လက်နှစ်ဖက်အား ကြိုးဖြင့်တုပ်၍ ပါးစပ်အတွင်း အဝတ်ဆို့လျက် ဦးခေါင်းချိုစောင်းတွင် ဒဏ်ရာရရှိပြီး အသတ်ခံရမှု ဖြစ်စဉ်နှင့် ၂၀၁၅ ခုနှစ် ဇွန် ၉ ရက်က တာမွေမြို့နယ်၊ ပုသိမ်ညွန့်စံပြရပ်ကွက်၊ မလွှကုန်းလမ်းရှိ အိမ်အမှတ် (၉၉) ၌ သက်ကြီးရွယ်အို အဘွားအိုနှစ်ဦးအသတ် ခံခဲ့ရမှု ဖြစ်စဉ်တို့ဖြစ်ပြီး ယင်းသို့ အသတ်ခံရခြင်းကို အခင်းဖြစ်ပွားရာ နေအိမ်ခေါင်းရင်းဘက် အခန်းတွင် နေထိုင်ခဲ့ဖူးသည့် မိတ်ဆွေတစ်ဦးက အဆိုပါ အသတ်ခံရသည့် အဘွားအို နှစ်ဦး၏အိမ်သို့ လာရောက်စဉ် အိမ်တံခါးပေါက်အား ကတ်ကြေးဖြင့် ကလန့်ပိတ်ထားသဖြင့် တံခါးအား ဖွင့်ဝင်ရာ အပေါက်ဝအနီးတွင် ဒေါ်.....(၆၂)နှစ်နှင့် ဒေါ်....(၇၀) နှစ် တူဝရီး နှစ်ဦးအား အိမ်တံခါးပေါက်၀ အနီးတွင် ပက်လက်အနေအထားဖြင့် လည်ပင်း ထိုးသွင်းပြတ်ရှဒဏ်ရာ၊ ဦးခေါင်းတွင် ရရှိသည့် ဒဏ်ရာများဖြင့် အနံ့အသက်များထွက်ကာ သေဆုံးနေခြင်း ဖြစ်ကြောင်း သိရပြီး ယင်းဖြစ်စဉ်အား သေဆုံးသူ ဒေါ်.....(၇၀) နှစ်၏ တူဖြစ်သူ ဦးဝင်းအောင်မှ တရားလိုပြုလုပ် တိုင်ကြားခဲ့ခြင်းကြောင့် တာမွေမြို့မရဲစခန်းမှ (ပ)၈၀၉/၂၀၁၅၊ ပြစ်မှုပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီး၌ ငါးနှစ်အတွင်း တရားခံ ဖမ်းဆီးရမိခြင်း မရှိဘဲ စုံစမ်းမှု ဆိုင်းငံ့ ပိတ်သိမ်းထားသော အမှု ၆၉ မှုရှိပြီး လုယက်မှုနှင့် ဖောက်ထွင်းမှုဖြစ်စဉ် အများဆုံးဖြစ်