ကျောက်မဲမြို့အဝင် Green Luck စက်သုံးဆီဆိုင် အနီးတွင် ချိန်ကိုက်မိုင်း တွေ့ရှိရာ မပေါက်ကွဲမီ ရှင်းလင်းနိုင်ခဲ့

ကျောက်မဲမြို့အဝင် Green Luck စက်သုံးဆီဆိုင် အနီးတွင် ချိန်ကိုက်မိုင်း တွေ့ရှိရာ မပေါက်ကွဲမီ ရှင်းလင်းနိုင်ခဲ့
Published 26 November 2015
ထွန်းနေလှိုင် (နောင်ပိန်)

မန္တလေး-လားရှိုးပြည်ထောင်စု ကားလမ်းမကြီးနံဘေး ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့အဝင် Green Luck စက်သုံးဆီ ဆိုင်အနီးတွင် အချိန်ကိုက်မိုင်း ထောင်ထားခဲ့မှုအား သတင်းပေးပို့ချက်အရ အချိန်မီ ရှင်းလင်း ဖောက်ခွဲနိုင်ခဲ့ကြောင်း သိရသည်။ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၅ ရက် ည ၈ နာရီ မိနစ် ၂၀ ခန့်က ကျောက်မဲမြို့အဝင် လားရှိုး-မန္တလေး ကားလမ်းမကြီးဘေး မိုင်တိုင်အမှတ် (၁၀၉)အနီးရှိ Green Luck ဆိုင်အနီးတွင် မသင်္ကာဖွယ် ကတ်ထူပုံးအား တွေ့ရှိမှုကြောင့် Green Luck ဆိုင်အရောင်းတာဝန်ခံက ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ရာ အဆိုပါ မသင်္ကာဖွယ်ရာ ကတ်ထူပုံးအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် BE တပ်မှ တာဝန်ရှိသူများက စစ်ဆေးခဲ့ရာ အရှည်ငါးလက်မရှိ PVC ပိုက်အတွင်း ဂရမ် ၂၀၀ ယမ်းတုံးလေးတုံးနှင့်အတူ သံတိုသံစများအား High Class တံဆိပ် ရိုက်နှိပ်ထားသော ကတ်ထူပုံးအတွင်း ထည့်ကာ ထားခဲ့သည်ကို တွေ့မြင်ရကြောင်း သိရသည်။အဆိုပါ မိုင်းများပါဝင်သော ကတ်ထူပုံးအား ည ၁၁ နာရီ ၅ မိနစ်တွင် ပေါက်ကွဲစေရန် ချိန်ကိုက်ထားသော ဒစ်ဂျစ်တယ် ချိန်ကိုက်နာရီ တစ်လုံးအား ကိုးဗို့ဓာတ်ခဲ နှစ်လုံးနှင့် ယမ်းကြိုးခွေများဖြင့် တပ်ဆင်ထားသဖြင့် ချိန်ကိုက်မိုင်းအား ည ၁၀ နာရီခန့်တွင် BE တပ်မှ Water Bottle စနစ်ဖြင့် ဖောက်ခွဲ ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။“Green Luck ဆီဆိုင်ရှေ့မှာ ပါဆယ်ထုပ်ကို ထားခဲ့တာဗျ။ ည ၈ နာရီကျော်ကျော် လောက်ကပေါ့။ ရန်ကုန်လိပ်စာနဲ့ လူတစ်ယောက်က ဆင်းပြီး ထားသွားတယ်လို့ ပြောတယ်။ အဲဒါကို မသင်္ကာလို့ဆိုပြီး ရဲကို အကြောင်းကြားပြီး ဆီဆိုင်နဲ့ ဝေးတဲ့နေရာ ပြန်ရွှေ့ပြီး စစ်ကြည့်လိုက်တော့ ယမ်းတုံးတွေ ထည့်ထားတာ တွေ့ရတာပါပဲ။ ချိန်ကိုက်မိုင်းကို ဖောက်ခွဲဖို့ အတွက်က ည ၁၁ နာရီ ၅ မိနစ်ကို ချိန်ထားတာပါ။ အဲဒါကို BE တပ်က Water Bottle စနစ်နဲ့ ဖောက်ခွဲလိုက်ပါတယ်” ဟု ကျောက်မဲမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။အဆိုပါ ချိန်ကိုက်မိုင်း တွေ့ရှိမှုကြောင့် မန္တလေး-လားရှိုး-မူဆယ်မြို့များသို့ ကုန်စည် တင်ပို့မည့် ကုန်တင်ယာဉ်ကြီးများ၊ ခရီးသည်တင်ယာဉ်များ ဖြတ်သန်းသွားလာမှုအား ခေတ္တပိတ်ထားခဲ့ရပြီး ချိန်ကိုက်မိုင်းအား ဖောက်ခွဲပြီးချိန် ည ၁၀ နာရီကျော်ခန့်တွင်မှ ယာဉ်များအား ပုံမှန်အတိုင်း ပြန်လည်ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း သိရသည်။

Most Read

Most Recent