“နံပါတ် (၁) အချက်က တိုင်းပြည်ရဲ့ ဆင်းရဲတွင်းက နက်သထက် နက်လာပြီ၊ ပိုနက်ရှိုင်းလာတာကိုပြတာ။ ရာဇဝတ်မှုနဲ့ ဆင်းရဲတွင်းက တိုက်ရိုက် အချိုးကျနေပါတယ်။ ဒုတိယတစ်ချက် တရားဥပဒေစိုးမိုးမှု အတော်ပျက်ပြားနေပြီ ဆိုတာကို ပြပါတယ်”
ရန်ကုန်မြို့၊ မန္တလေးမြို့နဲ့ နေပြည်တော်ကောင်စီ နယ်မြေလို နေရာတွေမှာပါ လုယက်၊ ခိုးယူ၊ လူသတ်၊ သားမယားပြုကျင့်မှု ကျူးလွန်တာတွေဟာ လူမြင်ကွင်းလို နေရာ၊ လူစည်ကားတဲ့ နေရာတွေအပြင် လူနေရပ်ကွက်အတွင်းက နေအိမ်အတွင်းမှာပါ ခပ်စိပ်စိပ် ဖြစ်လာနေပါတယ်။ ဖြစ်စဉ်တွေမှာ ကျူးလွန်သူတွေကို နာရီပိုင်းအတွင်း ဖမ်းမိတာတွေ ရှိသလို လများစွာ ကြာနေတာတောင် ဖမ်းမမိသေးတဲ့ ကျူးလွန်သူတွေ များစွာလည်း ရှိနေပါတယ်။ ဒီမှုခင်းဖြစ်စဉ်တွေ အများအပြား ဖြစ်ပေါ်လာစေတဲ့ အကြောင်းရင်းက ဘာကြောင့်လဲ၊ ကျူးလွန်သူတွေဟာ ချမှတ်တဲ့ ပြစ်ဒဏ်အပေါ် ဘယ်လို သဘောထား ကြသလဲ၊ မှုခင်းဖြစ်ရပ်တွေကြောင့် နိုင်ငံသူ၊ နိုင်ငံသားတွေအပေါ် ဘယ်လိုရိုက်ခတ်မှုတွေ ရှိနေလဲဆိုတာတွေနဲ့ ပတ်သက်ပြီး မေးမြန်းဆွေးနွေး ဖြစ်ပါတယ်။ ဒီလိုမေးမြန်းမှုကို မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်တွဲဖက် အတွင်းရေးမှူး ဦးသိန်းသန်းဦးနဲ့ တွေ့ဆုံ မေးမြန်းထားတာပါ။
မေး။ အခုလပိုင်းအတွင်းမှာ ရန်ကုန်မြို့လယ်လိုနေရာ အပါအဝင် နိုင်ငံအနှံ့မှာ လုယက်၊ ခိုးယူမှုတွေနဲ့ လူသတ် မှုတွေ ဖြစ်ပေါ်နေတာကို သတင်းတွေကြားနေရတော့ လူထုကြားမှာ လုံခြုံမှုှရှိတယ်လို့ မခံစားရဘူးဆိုပြီး ပြောဆိုတာတွေ ရှိနေပါတယ်။ ဒီလိုအခြေအနေအပေါ်ကို တရားရေးလောကမှာ လုပ်ကိုင်နေသူ တစ်ဦးဖြစ်တဲ့ ဆရာကရော ဘယ်လိုသုံးသပ်ချင်ပါသလဲ။
ဖြေ။ ရန်ကုန်မြို့လယ်လို အပါအဝင် မန္တလေးမှာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လဆန်းပိုင်းက သတင်းစာပို့တဲ့ ကောင်လေးတစ်ဦးဆို မန္တလေး ဆေးတက္ကသိုလ်ရဲ့ အနောက်ဘက်လမ်း မနက် ၁၀ နာရီခွဲမှာ ငွေနှစ်သိန်းခွဲ အလုခံလိုက်ရတယ်။ နောက်တစ်ယောက်က ကျွန်တော်တပည့် ရှေ့နေလင်မယား ညနေ ၅ နာရီလောက်မှာ မြို့လယ် လမ်းမကြီးပေါ်မှာ လက်ဆွဲအိတ် အလုခံလိုက်ရတယ်။ ပြန်တော့မိတာပေါ့။ နောက်ဆွဲကြိုးဖြတ်လို့ နောက်က လိုက်တဲ့သူ သေသွားတယ်။ တစ်နိုင်ငံလုံးမှာ ဒီလိုကိစ္စတွေ ပေါ်ပေါက်လာတာ အချက်နှစ်ချက်ကို ညွှန်းပြပါတယ်။ နံပါတ် (၁)အချက်က တိုင်းပြည်ရဲ့ ဆင်းရဲတွင်းက နက်သထက် နက်လာပြီ၊ ပိုနက်ရှိုင်း လာတာကိုပြတာ။ ရာဇဝတ်မှုနဲ့ ဆင်းရဲတွင်းက တိုက်ရိုက် အချိုးကျနေပါတယ်။ ဒုတိယတစ်ချက် တရားဥပဒေ စိုးမိုးမှု အတော်ပျက်ပြားနေပြီ ဆိုတာကို ပြပါတယ်။
မေး။ နိုင်ငံရဲ့ တရားဥပဒေ စိုးမိုးမှုကို အားရမှု မရှိဘူးလို့ လူထုကြားထဲမှာ ပြောနေကြတော့ လက်ရှိတရားဥပဒေ စိုးမိုးမှု အဆင့်ကို ဆရာအနေနဲ့ ဘယ်လောက်သတ်မှတ် ချင်ပါသလဲ။
ဖြေ။ တော်တော်နိမ့်တယ်လို့ ပြောရမှာပေါ့။ မြန်မာနိုင်ငံ သမိုင်းတစ်လျှောက်နဲ့ ပြောရရင် အခုချိန်က အဆိုးရွားဆုံး အချိန်ဖြစ်လိမ့်မယ်။ ငယ်ငယ် တက္ကသိုလ် ကျောင်းသားဘဝ၊ လူရွယ်ဘဝ၊ အခု အသက် ၆၀ ကျော်အထိ စစ်အစိုးရအောက်မှာ နှစ်ပေါင်း ၅၀ လောက် အထိနေခဲ့ရတာ၊ စစ်အုပ်ချုပ်ရေး ချထားတဲ့ အချိန်မှာတောင် ဒီလိုမျိုးတွေ မဖြစ်ခဲ့ဘူး။ ဒီအချိန်ကတော့ အဆိုးဆုံး အနေထားပါပဲ။Grade အရ ပေးရမယ်ဆိုရင် စာမေးပွဲ အောင်မှတ်နဲ့ ပြောရင် Grade 2 ပဲရှိမယ်။
မေး။ တရားဥပဒေစိုးမိုးမှု လျော့နည်းလာတဲ့အခါ နိုင်ငံ အတွက် ဘယ်လောက်အထိ ဆုံးရှုံးစေပါသလဲ။
ဖြေ။ တရားဥပဒေ စိုးမိုးရေးဆိုတာ နိုင်ငံတော် သမ္မတကြီးလို ပုဂ္ဂိုလ်ကလည်း ကြွေးကြော်တယ်။ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်ကလည်း ကြွေးကြော်တယ်။ တရားဥပဒေ စိုးမိုးမှုဆိုတာ ဘယ်သူမှ အငြင်းမပွားတဲ့ အချက်။ တိုင်းသူ ပြည်သားတွေအတွက် အရေးကြီးဆုံးက တရားဥပဒေ စိုးမိုးရေးပဲ၊ နိုင်ငံသားတွေရဲ့ အသက် အိုးအိမ်စည်းစိမ်၊ လမ်းပန်းဆက်သွယ်မှု လုံခြုံမှု၊ ကုန်စည်စီးဆင်းမှုရှိဖို့၊ လုပ်ငန်းတွေ လည်ပတ်နိုင်ဖု့ိဆိုတာ တရားဥပဒေ စိုးမိုးမှုပေါ်မှာ အခြေခံတယ်။ တရားဥပဒေ စိုးမိုးမှု ပျက်ပြားလာတာနဲ့အမျှ တိုင်းပြည်ရဲ့ ကျန်တဲ့ယန္တရားတွေ ရပ်ဆိုင်းသွားမှာပဲ။
မေး။ တရားဥပဒေစိုးမိုးမှုမရှိရင် နိုင်ငံသူ၊ နိုင်ငံသားတွေ အတွက်ရော ဘယ်လောက်အထိ နစ်နာမှုတွေရှိလဲဆိုတာ ကိုလည်း ပြောပေးပါဦး။
ဖြေ။ အများကြီးကို နစ်နာတာပေါ့။ မန္တလေးမှာဆို လက်ဝတ်လက်စားဝတ်ပြီး မထွက်ရဲတော့တဲ့ ဘဝ။ ညနေမိုးချုပ်မှ မဟုတ်တော့ဘူး။ နေ့ခင်းမှာပါ ဖြစ်နေပြီ။ မန္တလေး ဆေးတက္ကသိုလ်ဘေးမှာ လုခံရတဲ့ ဖြစ်စဉ်မှာဆို ၇၄ လမ်းနဲ့ လမ်း ၃၀ ဆိုတာ အင်မတန် လူစည်ကားတဲ့ မြို့လယ်ကောင်နေရာ။ ဒီလိုတွေဟာ နေရာ အနှံ့အပြားမှာ ဖြစ်နေတာ။ ဒါတွေက တရားဥပဒေ မစိုးမိုးမှုကိုပြတာ။ လူတွေရဲ့ဘ၀ မလုံခြုံတော့ဘူး ဆိုတာပြတာ။ အင်မတန်မှ ကြောက်စရာကောင်းနေပြီ။ အရေးခင်း ကာလတုန်းကတောင်မှ ဒါမျိုးတွေ မရှိခဲ့ဘူး။ အခုခါက ရန်ကုန်၊ မန္တလေးလို မြို့ကြီးပြကြီးတွေမှာပါ ဖြစ်နေပြီ။ တရားဥပဒေ စိုးမိုးမှုက နိမ့်ကျနေပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်လုံခြုံမှုက စိုးရိမ်နေရတယ်။ ဥပမာတစ်ခု ပြောရရင်Eleven Media Group ဒေါက်တာ သန်းထွဋ်အောင်ကို လုပ်ကြံခဲ့တဲ့ဖြစ်စဉ်မှာ ဆိုလို့ရှိရင် ရန်ကုန်မြို့လယ်ကောင်မှာ ဖြစ်တာ။ ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ ကိုက် ၂၀၀ လောက်တောင် မကွာတဲ့ နေရာမှာ ဗြောင်ကျကျ လုပ်ကြံခံရတယ်ဆိုတာ တိုင်းပြည်ရဲ့ တရားဥပဒေ စိုးမိုးရေးအဆင့်က အတော်ကြီးကို နိမ့်ကျပျက်ပြားနေပြီး လူတွေရဲ့ဘဝက ချောက်ချားစရာ ကောင်းနေတယ်လို့ ပြောရမှာပါ။
မေး။ လက်ရှိမှာ တရားခံပြေး ထောင်ကျော်ကို ဖမ်းမမိသေးသလို တစ်ဖက်မှာလည်း လွတ်ငြိမ်းချမ်းသာခွင့်တွေ မကြာခဏ ပေးနေတော့ တရားဥပဒေ စိုးမိုးမှုအတွက် ဘယ်လိုသက်ရောက်လာနိုင်ပါသလဲ။
ဖြေ။ ရဲနှစ်ယောက်ကို ဓားနဲ့ထိုးသတ်ခဲ့တဲ့သူရဲ့ Profile ကိုကြည့်တဲ့အခါ ၂၀၀၈ မှာ လွတ်ငြိမ်းချမ်းသာခွင့် တစ်ကြိမ်ရခဲ့တယ်။ နောက်တစ်ကြိမ်လည်း လွတ်ငြိမ်းချမ်းသာခွင့် တစ်ခါနှစ်ခါရခဲ့တဲ့သူ ဒီလိုလူတွေကို ဘာလို့လွှတ်ပေးသလဲ။ ဥပဒေ အသုံးမှာ Fello-de ဆိုတာရှိတယ်။ Fello-de ဆိုတာ မုဒိမ်းလူသတ်၊ ဓားပြ လူသတ်၊ လုယက်လူသတ်စတဲ့ ရာဇဝတ်ကောင်ပေါ့။ ဒီလိုလူမျိုးတွေကို ဘာဖြစ်လို့ လွှတ်ပေးတာလဲ။ ဒီလူတွေက အကြိမ်ကြိမ် နှစ်ပေါင်းများစွာ ဘယ်လောက်ထောင်ကျ ကျခုက မကြောက်ကြတော့ဘူး။ ချသတ်ပစ်လိုက် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထွက်လာမှာ၊ နေရသုံးနှစ်ပေါ့ဆိုပြီး အဲဒါမျိုးတော့ ဖြစ်နေတော့ ဒါဟာ လူမိုက်အားပေး ပေါ်လစီတစ်ခုလို့ ပြောချင်တယ်ဗျာ။
မေး။ လွတ်ငြိမ်းချမ်းသာခွင့်ကို အရင်အစိုးရတွေတုန်းကလည်း ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဒီလောက်များများ မရှိခဲ့ဘူး။ ဒီတော့ လွတ်ငြိမ်းချမ်းသာခွင့်ကို ပေးတဲ့အပိုင်းမှာ စိစစ်မှုတွေ အားနည်းတယ်လို့ ပြောနိုင်လား။
ဖြေ။ အားနည်းတာကို မဟုတ်ဘူး။ မမှန်မကန် လုပ်တယ်လို့ ပြောရမှာ။ ၁၉၆၃ ခုနှစ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲပျက် အပြီး ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း တော်လှန်ရေး ကောင်စီတက်လာတော့ ထောင်ခါပြီး လွှတ်လိုက်တာ။ ရန်ကုန်အင်းစိန်ထောင်မှာ ဗိုလ်ချုပ်ကြီးနေဝင်း ကိုယ်တိုင်တက်ပြီးတော့ ဆိုရှယ်လစ်တိုင်းပြည် လာပြီ ဘဝသစ် စကြတော့ဆိုပြီး ထောင်တံခါး ဖွင့်လွှတ်လိုက်တာ။ ထောင်ကပြောတယ်။ သုံးလအတွင်း အဲဒီလူတွေ ထောင်ကို ပြန်လာကြတယ်။ ကျွန်တော်ကိုယ်တိုင် တက္ကသိုလ် ကျောင်းသားဘ၀ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ရာပြည့်မှာပါတဲ့အတွက် ဗိုလ်နေဝင်း အစိုးရက ကျွန်တော့်ကို ရန်ကုန်တိုင်း စစ်တရားရုံး အမှတ် (၂) ကနေ အလုပ်ကြမ်းနဲ့ ထောင်ခုနစ်နှစ်ချခဲ့တယ်။ ၁၉၈၀ အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့်အရ ကျွန်တော်တို့ လွတ်တယ်။ အဲဒီတုန်းက ဘာကိုရည်ညွန်းပြီးပေးလဲဆိုတော့ ၁၉၈၀ မှာဖြစ်တဲ့ ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးကြီး ပထမအကြိမ် ဖြစ်တာကို ဂုဏ်ပြုပြီးပေးလိုက်တာ။ အဲဒီလို အထွေထွေ လွတ်ငြိမ်း ချမ်းသာ ခွင့်ပေးပြီး တောခိုခဲ့တဲ့လူတွေကိုလည်း ဖိတ်ခေါ်တဲ့ အနေအထားရှိတယ်။ နိုင်ငံရေး အမှုမှန်သမျှ ကွင်းလုံးကျွတ်။ နိုင်ငံရေး အမှုဆိုတာ ဘာလဲ ပြန်အဓိပ္ပာယ်ဖွင့်ရတယ်။ အဲဒီတုန်းက သေဒဏ်ကျနေတဲ့ ဦးမန်းငွေအောင်၊ ဦးမန်းဒါဝိတ် တို့ဆိုတာ နိုင်ငံရေး အကျဉ်းသားတွေ။ ဒီလိုတွေ အကုန်ကွင်းလုံး ကျွတ်တော့တာပဲ။ သာမန် အကျဉ်းသားတွေက တစ်ဝက်ရတယ်။ အဲဒါက အလွန်ထင်ရှားတဲ့ ၁၉၈၀ အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့်ကြီးပေါ့ဗျာ။ အဲဒီနောက် ၁၉၈၈ စစ်အစိုးရ တက်လာပြီးနောက် ထောင်ခါတယ်။ အဲဒီဟာကတော့ ပြောစမှတ်ပေါ့။ တရားစွဲထားတဲ့ အမှုမှန်သမျှကလူတွေ အကုန်လုံးကို လွှတ်ပေးလိုက်တာ။ နောက်တော့ သိပ်မကြာဘူး။ ဒုတိယ စစ်အာဏာရှင် ခေတ်မှာ ကျွန်တော်တို့ ဝင်ခဲ့ကြရတယ်။ အဲဒီ ဒုတိယအကြိမ်မှာ မန္တလေးတိုင်း စစ်တရား အမှတ် (၄) က အလုပ်ကြမ်းနဲ့ ထောင် ၁၄ နှစ် ချတယ်။ ၁၉၉၃ မှာတော့ ၁/၉၃ ဆိုပြီး ထွက်လာတယ်။ အဲဒီဟာက ၁၉၈၀ တုန်းကလို ပေးတာမဟုတ်ဘူး။ ၁၀နှစ်အထက်ကို ၁၀ နှစ်၊ သေဒဏ်က တစ်ကျွန်း၊ ကျွန်းက ၁၀ နှစ် ဆိုပြီး ပေးလိုက်တာ။ ၁၀ နှစ်အောက် ဘယ်သူ့ မှ မရဘူး။ လေးနှစ်တစ်ကြိမ်လောက်တော့ လာတယ်။ ၁၉၉၅ မှာ တပ်မတော် ရွှေရတုဆိုပြီး သက်ကြီးရွယ်အိုတွေနဲ့ စစ်သားဟောင်းတွေကို လွှတ်ပေးတာရှိတယ်။ ဒီမှာလည်း ခြွင်းချက်နဲ့ပဲ လွတ်သွားကြတာ။ ဒီဘက်ခေတ် ၂၀၁၄ အထိပေါ့။ သမ္မတနဲ့ အစိုးရက နိုင်ငံရေး အကျဉ်းသားကို အသိအမှတ်ပြုတယ်။ AAPP လိုအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးပြီး နိုင်ငံရေး အကျဉ်းသားတွေ အကုန်လွှတ်ပေးတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်တု့ိ ပါခဲ့တာပေါ့။ အဲဒါတွေက ထင်ရှားတယ်။ အခုနောက်ဆုံး အခေါက်ဆိုရင် နိုင်ငံရေး အကျဉ်းသား ၁၃ ယောက်ပဲပါတယ်။ ကျန်တာကတော့ သူခိုး၊ ဂျပိုးတွေနဲ့ လူသတ်ဓားပြ တွေပဲဖြစ်တယ်။ ပေးတဲ့ရည်ရွယ်ချက်က ဘဝသစ် ပြန်လည်ထူထောင်ပြီးတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်မှာ ပါဝင်ဖို့၊ ဒီသူခိုး၊ ဓားပြ၊ လူသတ်ကောင်တွေ၊ ရာဇဝတ်ကောင်တွေက အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်မှာ ဘယ်လိုပုံ ပါဝင်ကြမလဲဆိုတာ စဉ်းစားစရာ ရှိပါတယ်။ ဒါကတော့ ရည်ရွယ်ချက်မှန်လို့ ကျွန်တော်မထင်ဘူး။ ဒီလိုလူတွေက လွှတ်ပေးတော့ ဘာဖြစ်မလဲ၊ အခု လက်တွေ့ပြပြီလေ။ ပြည်သူ့တာဝန် ထမ်းဆောင်တဲ့ ရဲနှစ်ယောက်ကို တရားခံပြေးက ဓားနဲ့ထိုးလိုက်တာ။ သူက လွတ်ငြိမ်းချမ်းသာခွင့် နှစ်ကြိမ်ရထားတာလေ။ သူ့ကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးတာ မှန်သလား၊ မှားသလား အင်မတန် ထင်ရှားတဲ့ အချက်ဖြစ်ပါတယ်။ မူတော့ရှိ ရမှာပေါ့ဗျာ။ တကယ် ဖြစ်သင့်တာက ဒီလို သူခိုး၊ ဓားပြတွေကိုတောင် လွှတ်မယ်ဆိုရင် လက်ပံတန်း ကျောင်းသားတွေ ရိုးရိုးသားသား ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြသူတဲ့ ကျောင်းသားတွေကို အမှုမျိုးစုံနဲ့ ထောင်ထဲထည့်တာ။ အငြိုးတကြီး သဲကြီးမဲကြီး လူငယ်လေးတွေရဲ့ ဘဝကို ဖျက်မယ်ဆိုတဲ့ စိတ်မျိုးနဲ့ လုပ်နေပြီးတော့ ပြည်သူ့ရဲကို ဓားနဲ့ နှစ်ပြန်လောက် ထိုးတဲ့ သူခိုး၊ ဂျပိုး၊ လူသတ်ကောင်ကိုကျတော့ ဘာဖြစ်လို့ လွှတ်ပေးသလဲ။ ပြောထားတဲ့ ရည်ရွယ်ချက်တွေနဲ့ မကိုက်ဘူးလို့ပဲ ပြောချင်ပါတယ်။
မေး။ တရားခံပြေးက ဓားနဲ့ထိုးလို့ ရဲတပ်ဖွဲ့ဝင် နှစ်ဦးသေ ဆုံးခဲ့တဲ့ဖြစ်စဉ်ကြောင့် ရဲတပ်ဖွဲ့ဝင်တွေ အတွက်တောင် လုံခြုံမှုမရှိတဲ့ အနေအထားဆိုတော့ ဒီအပေါ်ကိုလည်း သုံးသပ်ပေးပါ။
ဖြေ။ သူတို့ပြောနေပြီလေ။ ရဲတပ်ဖွဲ့မှာ စာရင်းဇယား ရှိတယ်လေ။ ရဲက စိတ်ပူနေရပြီ။ ခိုး၊ ဆိုး၊ ခါး ထွက်လာပြီ။ ဒီလူတွေကို စောင့်ကြည့်နေရတာ။ ရှေ့နေဆိုတော့ ရာဇဝတ်မှု ကျူးလွန်သူတွေနဲ့ ဆက်ဆံနေရတာလေ။ အမှုရှုံးသွားလို့ ကိုယ်ကစိတ်ပူနေတာ သူ့တို့က စိတ်မပူနဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်ထွက်လာခဲ့မယ်။ ဒါကောင်းတဲ့အချက် မဟုတ်ဘူး။ ရဲတပ်ဖွဲ့မှာလည်း လူ ၈၀၀ မှာ ရဲတစ်ယောက်လို့ သူတို့ပြောတယ်။ ကျွန်တော်တော့ မယုံပါဘူး။ နောက်ရဲကို လုံလောက်တဲ့ လက်နက်၊ ရိက္ခာ ပေးထားတာလည်း မဟုတ်ဘူး။ အခုက ခေတ်က အရမ်းတိုးတက်နေပြီ။ လူသတ်မှုဆိုတာ တီဗွီတွေကြည့်ပြီး မြို့လယ်ကောင်လို နေရာမှာ မျက်နှာဖုံးတွေ၊ ဓားတွေနဲ့ ကျန်တာတွေ ပါပါပြီး ကျူးလွန်နေကြတာ။ အဲဒီလိုမှာ ရဲတပ်ဖွဲ့ရဲ့ အင်အားနဲ့ နှိမ်နင်းဖို့ အခက်အခဲလည်း ရှိပါတယ်။ ရဲတပ်ဖွဲ့ရဲ့ လုံခြုံရေး သည်ပင်လျှင် ထိခိုက်နေပြီဆိုတာ ဒီဖြစ်ရပ်က သက်သေပြလိုက်တာ ဖြစ်ပါတယ်။
မေး။ နောက်တစ်ခုက တရားစီရင် လိုက်ပြီးတော့မှ ပြစ်ဒဏ်ကျခံရတဲ့ အပိုင်းမှာ ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေ မရတဲ့ အမှုတွေ၊ ဥပဒေကို လက်တစ်လုံးခြား လုပ်နေတဲ့သူ မျိုးတွေရှိနေတယ်။ အဲဒီအတွက်ကြောင့်လည်း တရားစီရင်ရေးကို ယုံကြည်မှု လျော့နည်းလာရတယ်လို့ လူထုတွေကြား ပြောဆိုတာတွေ ရှိနေပါတယ်။ အဲဒီအပေါ်မှာရော ဆရာသုံးသပ်ပေးပါဦး။
ဖြေ။ တကယ်ကတော့ တရားစီရင်ရေးက လွတ်လပ်ပြီး တရားမျှတမှု မရှိနိုင်ဘူး။ ဘာလို့လဲဆိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဥပဒေပြု အာဏာ၊ တရားစီရင်ရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာ ဒီအာဏာသုံးရပ်ကို ပြတ်ပြတ်သားသား ခွဲထားတာ မဟုတ်ဘူး။ တတ်နိုင်သမျှ ခွဲခြားမယ်လို့ ပုဒ်မ ၁၁ မှာပြောထားတာ။ ဒါကိုက ခြွင်းချက်ပဲ။ နောက်တစ်ခု ပြဿနာက ဘာလဲဆိုတော့ တရားစီရင်ရေးကို အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးက တစ်သက်လုံး စွက်ဖက်ခဲ့တာ။ အခုလည်း စွက်ဖက်နေတယ်။ ဖွဲ့စည်းပုံအရ ပြောမယ်ဆိုရင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးတွေကို ပြည်ထောင်စုလွှတ်တော်ရဲ့ကိုယ်စားလှယ်ဦးရေ သုံးပုံနှစ်ပုံက စွပ်စွဲပြစ်တင် ဖြုတ်ချနိုင်တယ်။ ကျန်နေတဲ့ လေးပုံတစ်ပုံ၊ လေးပုံတစ်ပုံဆိုတာ တပ်မတော်ကလည်း လေးပုံတစ်ပုံရထားတာ။ ဒီတော့ နှစ်ချက်ပေါ့။ စစ်တပ်နဲ့ အဆင်မပြေရင် ဖြုတ်ခံရနိုင်တယ်၊ နောက်တစ်ချက်ကတော့ ဒါက ဘာကိုဖော်ပြလဲဆိုတော့ ဥပဒေပြုရေး အဖွဲ့က တရားစီရင်ရေးကို ဝင်စွက်ဖက်နေတာ၊ အဲဒီအခါကျတော့ သူက လက်အောက်ခံလို ဖြစ်နေတာ။ တရားသူကြီးတစ်ယောက် လာဘ်စားတယ်၊ ပုံမှန်အတိုင်း မဆောင်ရွက်ဘူးဆိုရင် လာဘ်ပေး လာဘ်ယူမှု ဥပဒေတွေရှိတယ်၊ ပြစ်မှုဆိုင်ရာ ဥပဒေတွေ ရှိတယ်၊ ဘာကိစ္စ လွှတ်တော်က ဒီတရားသူကြီးကို ပြစ်တင်ရှုတ်ချ လုပ်နိုင်တာလဲ။ ဒါက သဘာ၀ မကျဘူး။ သဘာဝကိုက တရားစီရင်ရေးသည် အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး အာဏာအောက်ရောက်နေတယ်။ ရဲအောက်တောင် ရောက်နေတယ်လို့ ပြောလို့ ရတယ်။ ထင်ရှားတဲ့ ဥပမာပေးမယ်။ မန္တလေးမှာ မောင်ကိန်းရွှေဆိုင် ဓားပြတိုက်ခံရတဲ့ အမှုက ဓားပြရဲ့ ရှေ့နေက ကျွန်တော်ပါ။ ဓားပြက ဆေးကြောင်နေတဲ့ သူပါ။ အဲဒီအမှုကို တင်တဲ့အခါကျတော့ ခရိုင်တရားသူကြီးရဲ့ ခုံကိုရောက်ပါတယ်။ အဲဒီမှာ မြို့နယ် ရဲတပ်ဖွဲ့မှူးက အဲဒီအမှုတွဲမှာ ထိရောက်ဟန့်တားတဲ့ ပြစ်ဒဏ်ချမှတ်ပေးပါရန် မင်နီနဲ့ ရေးပေးထားတယ်။ မြို့နယ် ရဲတပ်ဖွဲ့မှူးက ခရိုင်တရားသူကြီးကို သူ့လက်အောက်က လူလိုသဘောထားတယ် ဆိုတာပေါ်တယ်။ သူဘာသာ ဘယ်လိုပဲလုပ်ခဲ့ လုပ်ခဲ့ တရားရုံးရှေ့ ရောက်လာရင် အမှုကို ဥပဒေနဲ့အညီ စစ်ဆေးပြီး အပြစ်ပေးမှ တရားခံဖြစ်မှာကို အမှုတောင် မစစ်ဆေးရသေးဘူး ထိရောက်ဟန့်တားတဲ့ ပြစ်ဒဏ်ချမှတ်ပါရန်တဲ့။ တရားသူကြီးကို သုံးပိုင်းပိုင်းလို့ ရတယ်။ အလွန်သတ္တိကောင်းပြီး တော်တဲ့ တရားသူကြီးက သုံးပုံတစ်ပုံပဲ ရှိမယ်။ အလွန်ဆိုးပြီးတော့ အမြဲတမ်းလာဘ်စားတဲ့ တရားသူကြီး သုံးပုံတစ်ပုံရှိမယ်။ ကျန်တာက မဆိုးမကောင်းလိုက်တာ ရှိတယ်။ အကုန်လုံးက ပျက်စီးနေတာ မဟုတ်ဘူး။ သို့သော် စနစ်အရ ပုံစံအရကိုက ဒီအတိုင်းပဲ ချထားတာ။ ပြစ်မှုနဲ့ ပြစ်ဒဏ်က မမျှတာ မဟုတ်ဘူး။ ပြစ်မှုနဲ့ ပြစ်ဒဏ်က ချပါတယ်။ အခုခေတ် တရားရုံးတွေက ချတယ်။ ဥပမာ မူးယစ်အမှုတွေဆို ဒါဟာ နိုင်ငံတော် ပေါ်လစီပဲဆိုပြီး။ အပေါ်ကို ကြောက်လို့ချတဲ့ ဘဝတွေ ရောက်တယ်။ ပြစ်မှုနဲ့ပြစ်ဒဏ် မမျှဘူးဆိုတာ များတာပဲရှိတယ်။ လျော့သွားတာတော့ ကျွန်တော်မတွေ့ဘူး။ တရားစီရင်ရေးက မလွတ်လပ်ဘူး။ အပေါ်က ဖိစီးထားတယ်။ အဲဒီတော့ တရားစီရင်ရေး မလွတ်လပ်တဲ့ အခါကျတော့ အတူတူပဲ။ တရားရုံးက နောက်ဆုံးမှ ဆုံးဖြတ်ရတာ။ နောက် ဥပဒေတွေမှာလည်း ပြဿနာရှိတယ်။သူတို့စိတ်ထဲမှာ ထင်နေတာက သူတို့ အတွေ့အကြုံအရ လူတစ်ယောက်က အစွပ်စွဲခံလိုက်ရရင် ဒီလူအပြစ်ရှိတယ် စွပ်စွဲပြီးသားပဲ။ တကယ်တော့ အပြစ်ရှိလား၊ မရှိဘူးလားဆိုတာ တရားရုံးက ဆုံးဖြတ်ရတာ။ သို့သော် သူတို့ထင်တာက ဒီလူအပြစ်ကျရေးသည် သူတို့ဂျူတီလို့ ထင်နေတာ။ အလွန်လွဲတဲ့ အတွေးအခေါ်အယူအဆ အဟောင်းတွေလည်း ရှိနေတဲ့အတွက် တရားရုံးသက်သက်ကို အပြစ်ပြောလို့ မရဘူး။
မေး။ ဆရာက အမှုတွေ အများကြီး လိုက်နေတယ်ဆိုတော့ တရားဥပဒေ မစိုးမိုးဘဲနဲ့ ဖြစ်နေတဲ့ အမှုတွေနဲ့ သူ့ရဲ့ ဆုံးရှုံးမှု၊ နစ်နာမှု ဖြစ်စဉ် အချို့ကို ပြောပြပေးပါ။
ဖြေ။ ကျွန်တော်တို့ သက်သေခံ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့၊ ပြစ်မှုဆိုင်ရာ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ Statement to The police ဆိုတာ ရှိတယ်။ ရဲထံထွက်ချက်ဆိုတာ သိပ်အရေးကြီးတယ်။ ရဲဆီမှာ ထွက်ရင် ရဲက နှိပ်စက်ညှဉ်းပမ်းလေ့ ရှိတယ်ဆိုတဲ့ အမြင်အရ တရားမျှတမှုအတွက် ရဲဆီ ထွက်ချက်ကို သက်သေခံ မသွင်းရဘူး။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးပုဒ်မ ၁၆၂ (၁)မှာ ရဲထံထွက်ချက်ကို သက်သေရဲ့ ထွက်ချက်ဟာ ရဲထွက်ချက်နဲ့ ကွဲသလား မကွဲဘူးလားဆိုတာ သက်သေပြဖို့ တစ်ခုပဲ သုံးခွင့်ရှိတယ်။ ကျန်တဲ့ နေရာသုံးလို့ မရဘူး။ သို့သော် နိုင်ငံရေးအမှုနဲ့ နွှယ်တဲ့ အမှုတွေ အကုန်လုံး မှာ ထောက်လှမ်းရေးကစစ်တယ်။ ထောက် လှမ်းရေး စစ်ချက် ၉၂ မျက်နှာကျော်လောက်ကို ရဲဆီကို ရှာဖွေပုံစံနဲ့ အပ်တယ်။ အဲဒါကြီးကို တရားရုံးကို သက်သေခံတင်တယ်။ တရားရုံးက လက်ခံတယ်။ လက်ခံပြီး အဲဒါနဲ့ အပြစ်ပေးတယ်။ နောက်တစ်ခါ ရဲက တစ်ပတ်ရိုက် ပြီးတော့ ဒီအမှုနဲ့ ပတ်သက်ပြီးတော့ တရားခံကို စစ်တယ်။ သူ့ထွက်ချက်က သက်သေခံ မဟုတ်ဘူး ဆိုတော့ ဘေးမှာအရပ်သားကို ထိုင်ခိုင်းတယ်။ ထိုင်ခိုင်းပြီးတော့ အရပ်သားက ဟုတ်တယ်။ဒီလူက ရဲဆီမှာ သူခိုးခဲ့ပါတယ်လို့ ပြောတာ ကျွန်တော်ကြားပါတယ်လို့ ပြောလိုက်တော့ တစ်ပတ်ရိုက်ပြီးတော့ ရဲထွက်ချက်ကို သက်သေခံတင်တဲ့ အဖြစ်မျိုးတွေရှိတယ်။ ဒီလို ဥပဒေနဲ့ မညီတဲ့ဟာတွေက အများကြီးပဲ။
မေး။ လယ်ယာမြေနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာရော တရားဥပဒေ စိုးမိုးမှု မရှိဘဲနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ နစ်နာဆုံးရှုံးမှုတွေကို ပြောပြပေးပါ။
ဖြေ။ လယ်ယာမြေနဲ့ အမှုမှာ ကျွန်တော်နိုင်ဖူးတာ တစ်မှုမှ မရှိပါဘူး။ ကန့်ဘလူမှာ လယ်သမား ၅၀၀ အတွက် ကျွန်တော်လိုက်တယ်။ပထမ ၂၅၀ က ၅၀ ပြစ်ဒဏ်ချခံရတယ်။၂၀၀ လွတ်သွားတယ်။ဒါ တရားရုံးကို အင်မတန် ထူးခြားတဲ့ တရားရုံးလို့ ကျွန်တော်တို့ အလေးပြုရမယ်။ ဘယ်ရုံးမှ အဲဒီလို မလုပ်ရဲဘူး။ ဒါ ကန့်ဘလူမြို့နယ် တရားရုံးက သူတတ်နိုင်သမျှ၊ သူတတ်စွမ်းသမျှ၊ သူအကုန်လုံးတော့ မလွှတ်နိုင်ဘူး။ ဘယ်လောက်ဆိုးလဲဆို သေသူတောင် ထည့်တရားစွဲတယ်။ တရားခံက သေတဲ့သူပါနေတယ်။ ဒါမျိုးပေါ့ဗျာ။ မဲစာရင်းလိုပေ့ါ။ သေသူတွေ ထည့်သလို။ ကျွန်တော်တို့က အကျင့်ပါနေတာ။ တရားရုံးမှာ စစ်လိုက်တော့ မေးလိုက်တဲ့ အခါကျတော့ တရားခံ ဘယ်သူလဲဆိုတော့ တရားခံသေပြီးပြီ။ မြေသိမ်းယာသိမ်း ကိစ္စတွေမှာ ၁၈၉၄ မြေသိမ်းဥပဒေကို သိမ်းစဉ်တုန်းကလည်း သူတို့က မလိုက်နာခဲ့ဘူး။ အဲဒီလို မလိုက်နာခဲ့ဘဲနဲ့ လယ်သမားတွေ တရားရုံးရောက်တဲ့အခါ လယ်သမားတွေကျတော့ ဒီမြေကို အသိမ်းခံရတဲ့ အခါကျတော့ သူတို့ပိုင်တယ်ဆိုတာ အထောက်အထားမပြနိုင်ဘူး။ ဘယ်ပြနိုင်မလဲ။ ဓားမဦးချ လုပ်ရတဲ့ဟာ။ မြေစာရင်းတို့ ဘာတို့ကလည်း တိကျခိုင်မာတဲ့ စာရင်းဇယားတွေ ကောက်လည်းမပေးနိုင်ဘူး။ အဲဒီတော့ သူတို့ကကျတော့ သိမ်းချင်သလို သိမ်းပြီးတော့ သူတို့သိမ်းတုန်းက ဥပဒေနဲ့ အညီဆိုတာ အထောက်အထား မပြနိုင်ဘဲနဲ့ လယ်သမားကျတော့ အထောက်အထားပြခိုင်းတယ်။ တစ်ဖက်သတ်ပေါ့နော်။
မေး။ တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်ပြီး ဘာတွေ ဖြည့်စွက်ပြောချင်သေးလဲ။
ဖြေ။ တရားဥပဒေ စိုးမိုးမှုက ခင်ဗျားတို့ အားလုံးမြင်တဲ့ အတိုင်းပဲ။ တရားစီရင်ရေး သက်သက် အပြစ်ရှိတာ မဟုတ်ဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တရားစီရင်ရေးဟာ မလွတ်လပ်ဘူး။ အဲဒီလို အနေအထား ဖြစ်နေတဲ့အခါကျတော့ ကျွန်တော်တို့ လွတ်လပ်ပြီး တရားမျှတတဲ့ တရားစီရင်ရေး စနစ်ကိုရဖို့ဆိုတာ ဒီမိုကရေစီ အစိုးရတစ်ရပ်အောက်မှာပဲ ဖြစ်နိုင်တယ်။ အဲဒီအတွက် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဒီမိုကရေစီ အင်အားစုတွေ အနိုင်ရရှိပြီး အစိုးရတစ်ရပ် ဖွဲ့နိုင်မှသာလျှင် တရားဥပဒေ စိုးမိုးရေးနဲ့ တရားစီရင်ရေး ပြုပြင်ရေးကို ကျွန်တော်တို့ ဆောင်ရွက်နိုင်မှာ ဖြစ်တယ်။