တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးပွဲတွင် အဖွဲ့အစည်းအချို့သာ လက်မှတ်ရေးထိုးသည့်အတွက် NCA မှာ ပြီးပြည့်စုံသည့်အနေအထားတွင် မရှိနိုင်ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က အောက်တိုဘာ ၃ ရက်တွင် သဘောထား ထုတ်ပြန်ကြေညာခဲ့သည်။
အဘယ်ကြောင့်ဆိုသော် NCA စာချုပ်ပါ သဘောတူညီချက်များအရ နိုင်ငံရေးဆွေးနွေးရးမူဘောင် ရေးဆွဲခြင်း၊ နှစ်ဖက်တပ်များ လိုက်နာရမည့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်နှင့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအပါအဝင် အဆင့်ဆင့်သော နိုင်ငံရေးဆွေးနွေးပွဲများတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံး ပါဝင်မှသာ စစ်မှန်၍ အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေးဆွေးနွေးပွဲသို့ တက်လှမ်းနိုင်မည်ဖြစ်ကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည်ဟု အလေးအနက်ယုံကြည်ကြောင်း UNFC က ထုတ်ပြန်ကြေညာခဲ့သည်။
ထို့ပြင် NCA စေ့စပ်ညှိနှိုင်းရေးဖြစ်စဉ် တစ်လျှောက် အစိုးရတပ်မတော်ဘက်မှ တိုင်းရင်းသားဒေသများအား ထိုးစစ်ဆင်မှုများ ကျယ်ကျယ်ပြန့်ပြန့်နှင့် စဉ်ဆက်မပြတ် ဖြစ်ပေါ်နေခြင်းမှာ လက်ရှိတစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအား အဓိက အဟန့်အတားဖြစ်နေသည်ကို တွေ့ရကြောင်း၊ အထက်ပါအခြေအနေများအရ ပြည်တွင်းငြိမ်းချမ်းရေးနှင့် စစ်မှန်သော နိုင်ငံရေးဆွေးနွေးပွဲများ ပေါ်ပေါက်လာစေရန် လူထုနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့ မှ ဝိုင်းဝန်းကြိုးပမ်းကြရန်လည်း UNFC က တိုက်တွန်းခဲ့သည်။
UNFC တပ်ပေါင်းစုအနေဖြင့်လည်း အဖွဲ့အစည်းအားလုံး ပါဝင် လက်မှတ်ရေးထိုးရေးမှတစ်ဆင့် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများသို့ တက်လှမ်းနိုင်ရန် လက်တွေ့ကျသော နည်းလမ်းများကို ရှာဖွေ၍ ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်ချက်တွင် ပါဝင်သည်။
NCA နှင့် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ခြင်းအပေါ် UNFC ၏ သဘောထားထုတ်ပြန်ချက်တွင် မြန်မာပြည်၏ နှစ်ပေါင်း ၇၀ နီးပါး ဖြစ်ပွားနေသော ပြည်တွင်းစစ်သည် နိုင်ငံရေးအခြေခံ သို့တည်းမဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဿနာအကြောင်းအရင်းခံကြောင့်ဖြစ်ကြောင်း၊ ထိုအခြေခံပြဿနာကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာဖြေရှင်းရန် တိုင်းရင်းသားလူမျိုးပေါင်းစုံမှ ခေတ်အဆက်ဆက် ကြိုးပမ်းခဲ့ကြောင်း၊ သို့ရာတွင် ခေတ်အဆက်ဆက် အုပ်စိုးသူများအနေဖြင့် သဘောထား စေတနာမမှန်ကန်၍ ယနေ့အထိ ကမ္ဘာ့အရှည်ကြာဆုံးသော ပြည်တွင်းစစ်များ ဆက်လက်ဖြစ်ပေါ်နေရခြင်းဖြစ်သည်ဟု ရေးသားဖော်ပြထားသည်။
NCA သည် နှစ်ဖက်မတူညီသောမူများကို တစ်မူတည်း Single Text အဖြစ် နှစ်ဖက်ကိုယ်စားလှယ်များဖြင့် စေ့စပ်ညှိနှိုင်းပွဲများ ပြုလုပ်ကာ ကြိုးပမ်းခဲ့ကြောင်း၊ NCA တွင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများအားလုံး အတူတကွ ပါဝင်လက်မှတ်ရေးထိုးရေးအား အစိုးရဘက်မှ လက်မခံသည့်အတွက် ၂၀၁၅ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် သမ္မတဦးသိန်းစိန်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များ နေပြည်တော်တွင် ဆွေးနွေးညှိနှိုင်း၍ အားလုံးပါဝင်ရေးကို နည်းလမ်းရှာဖွေခဲ့ကြောင်း၊ သို့ရာတွင် အစိုးရအနေဖြင့် NCA ၌ အားလုံးအတူတကွ ပါဝင်လက်မှတ်ရေးထိုးရေးကို လက်မခံခဲ့ဘဲ သဘောတူညီမှု မရနိုင်သည့်အနေအထားသို့ ရောက်ရှိခဲ့ကြောင်း၊ ထိုသို့သောအခြေအနေအောက်တွင် အစိုးရအနေဖြင့် NCA ဆွေးနွေးမှုကို အဆုံးသတ်၍ အားလုံးပါဝင်ရေးမူကို မူသဘာအရသာ လက်ခံပြီး အဖွဲ့အစည်းအချို့ နှင့် လက်မှတ်ရေးထိုးသွားရန် ကြိုးပမ်းနေသည်ကို တွေ့ရကြောင်း UNFC ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် UNFC တို့အကြား နိုင်ငံရေးဆွေးနွေးမှု မူဘောင်ရေးဆွဲရေးကိစ္စများနှင့် ပတ်သက်ပြီး ၂၀၁၃ ခုနှစ်အတွင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တရားဝင်ဆွေးနွေးမှု နှစ်ကြိမ်၊ အလွတ်သဘော ဆွေးနွေးမှုနှစ်ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
တစ်နိုင်ငံလုံံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးပွဲတွင် အဖွဲ့အစည်းအချို့သာ လက်မှတ်ရေးထိုးသည့်အတွက် ပြီးပြည့်စုံသည့်အနေအထား မရှိနိုင်ဟု UNFC ထုတ်ပြန်